Sunday, April 1, 2012

အကောင်းမြင် စိတ်ကလေး တစ်ခု







ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။
သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့
ရှိပါတယ်။ သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဘယ်စားသောက်ဆိုင်မှာ
လုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။



ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။
သူ့ပင်ကိုယ်စိတ်ထားကိုက လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။ တစ်နေ့တော့
ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။ “ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊ မင်းဟာ အမြဲတမ်းတော့ အကောင်းမြင်နိုင်တဲ့ စိတ်
ရှိမယ်မထင်ဘူး။ ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။ အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ” ဂျယ်ရီက
ပြန်ဖြေပါတယ် “ကျွန်တော် မနက် အိပ်ယာထတိုင်း ထတိုင်းမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ တစ်ခုက လန်းဆန်း
တက်ကြွစွာနဲ့ အိပ်ယာထမလား၊ ဒါမှ မဟုတ် တစ်မှိုင်မှိုင် တစ်တွေတွေနဲ့ အိပ်ယာထမလားဆိုတဲ့ နှစ်ခုကိုပါ။ ကျွန်တော်
က လန်းဆန်းတက်ကြွစွာ အိပ်ယာထမယ့်နည်းကို ရွေးတယ်။ အင်း နောက်ပြီးတော့ စိတ်ညစ်စရာ၊ အဆင်မပြေစရာ
တစ်ခုခုကြုံလာရင်လည်း ရွေးချယ်စရာ နှစ်မျိုးရှိတယ်။ ဒီ စိတ်ညစ်စရာတွေထဲမှာ ကျွန်တော် သားကောင်အဖြစ်ခံမလား
ဒါမှမဟုတ် ဒီစိတ်ညစ်စရာတွေကို အတွေ့အကြုံတစ်ခုလို သင်ယူမလား ဆိုတာကိုပါ။ ဒီတော့ ကျွန်တော်က အတွေ့
အကြုံတစ်ခုကို သင်ယူသလို ခံယူလိုက်တယ်။ အမြဲတမ်းလိုလို အခြားတစ်ယောက်ယောက်က ကျွန်တော့်ကို မကျေနပ်
ကြောင်း အပြစ်တင်လာရင်လည်း ဒီအပြစ်တင်မှု့တွေကို ဒီအတိုင်းဘဲ လက်ခံမှာလား ဒါမှ မဟုတ် အကောင်းမြင်စိတ်နဲ့
ကြည့်မလားဆိုတာကိုပါ။



ကျွန်တော်ကတော့ အကောင်းမြင်တတ်တဲ့ စိတ်နဲ့ ကြည့်လိုက်တယ်” “အင်း၊ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့်
သိပ်မလွယ်လှဘူးနော်” လို့ ကျွန်တော်ကပြန်ပြောလိုက်ပါတယ်။ ဂျယ်ရီက ပြုံးရင်းပြန်ဖြေပါတယ် “ဟုတ်တယ်၊ သိပ်
မလွယ်ပါဘူး။” “တစ်ကယ်တမ်းတော့ ဘ၀ဆိုတာ ရွေးချယ်မှုတွေနဲ့ပဲ ပြည့်နေတာပါ။ ပြသနာတိုင်းရဲ့ အပေါ်ယံကို
ဖယ်လိုက်၊ နောက်ဆုံးမှာ ဘယ်အခြေအနေမဆို တစ်ခုခုတော့ ရွေးချယ်ရမှာဘဲလေ။ ဒီတော့ ခင်ဗျား ကြုံတွေ့နေတဲ့
အခြေအနေကို ဘယ်လိုတုန့်ပြန်ချင်တယ်ဆိုတာကို မူတည်ပြီး ခင်ဗျားရွေးချယ်ရမှာဘဲ။ အဲ့ဒီတော့ ခင်ဗျားရဲ့
ရွေးချယ်မှုပေါ်မူတည်ပြီးတော့ ခင်ဗျားဘေးကလူတွေကလည်း ခင်ဗျား အပြုအမူအပေါ်မူတည်ပြီး တုံ့ပြန်ကြမှာဘဲ။



အကောင်းမြင်တတ်တဲ့စိတ်ကို ထားမလား ဒါမှမဟုတ် အဆိုးမြင်တတ်တဲ့စိတ်ကို ရွေးမလား။ အနှစ်ချုပ်လိုက်တော့
ခင်ဗျားရဲ့ ရွေးချယ်မှု့ပဲလေ၊ ခင်ဗျား ဘ၀မှာ ခင်ဗျား ဘယ်လိုရှင်သန်သွားမယ်ဆိုတာ ခင်ဗျားရဲ့ ရွေးချယ်မှု့ပေါ့”
ကျွန်တော် ဂျယ်ရီပြောသွားတဲ့အတိုင်းလေးကို လုပ်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းတော့ ကျွန်တော်
စားသောက်ဆိုင်မှာအလုပ်မလုပ်တော့ဘဲ ကိုယ်ပိုင် လုပ်ငန်းကလေးကို ထူထောင်ဖြစ်ပါတယ်။ ဂျယ်ရီနဲ့လည်း
အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ တစ်ခါတစ်လေ ဘ၀မှာ ရွေးချယ်စရာတွေ တွေ့လာတိုင်း ဘယ်လိုတုံ့ပြန်မယ်ဆို
တာထက် သူ့ကို သွားသွားပြီး သတိရတတ်ပါတယ်။ ဒီလိုနဲ့ သူနဲ့ မတွေ့ဖြစ်တာ နှစ်တွေတော်တော်ကြာသွားပါပြီ။
တစ်နေ့တော့ ဂျယ်ရီရဲ့ သတင်းတစ်ခုကို ကြားရပါတယ်။ သတင်းက ဓားပြတွေ သူ့ကို သေနတ်နဲ့ ပစ်သွားတာပါ။



တစ်နေ့ မနက်မှာ သူ စားသောက်ဆိုင်ဖွင့်ဖို့ ဆိုင်နောက်တံခါးအဖွင့်မှာ ဓားပြ ၃ ယောက်က သူ့ကို သေနတ်နဲ့
ချိန်ပြီးတော့ ဓားပြတိုက်ပါတော့တယ်။ ဂျယ်ရီလဲ ကြောက်လန့်ပြီး တုံတုံယင်ယင်နဲ့ သော့ဖွင့်ဖို့ ကြိုးစားပေမယ့်
အကြောက်လွန်နေတာကြောင့် သော့ကို ဖွင့်လို့မရဘူးဖြစ်နေပါတယ်တဲ့။ ဓားပြတွေနဲ့ သူ ရုန်းရင်းဆန်ခတ်ဖြစ်နေ
တုန်း ဓားပြတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကို သေနတ်နဲ့ ပစ်သွားပါတယ်။ ကံကောင်းတာက သူ့ကို
ကျန်တဲ့လူတွေ အတွေ့စောပြီး ဆေးရုံကို လျှင်လျှင်မြန်မြန် ပို့နိုင်ခဲ့တာပါ။ ၁၈ နာရီလောက်ခွဲစိတ်ကုသခံပြီး အပတ်
ပေါင်းများစွာ အနီးကပ်ပြုစု စောင့်ရှောက်မှု့ကြောင့် နောက်ဆုံးမှာ ဂျယ်ရီတစ်ယောက် ဆေးရုံကဆင်းနိုင်ခဲ့ပေမယ့်
သူ့ရဲ့ကိုယ်အနှံအပြားမှာတော့ သေနတ် ဒဏ်ရာတွေ ကျန်ခဲ့ပါတယ်။ ဒါတွေဖြစ်ပြီး ၆ လလောက်ကြာတော့ ဂျယ်ရီ
နဲ့ ကျွန်တော်တွေ့ဖြစ်ပါတယ်။ ကျွန်တော်သူ့ကို မေးတော့ သူက အမာရွတ်တွေကြည့်ဦးမလားလို့ မေးပါတယ်။



ကျွန်တော် မကြည့်ချင်တာနဲ့ဘဲ နေပါစေကွာလို့ ပြောလိုက်ပါတယ်။ “ဒါနဲ့ မင်း ဓားပြတိုက်ခံနေရတုန်းမှာ မင်းစိတ်ထဲ
ဘယ်လိုမျိုး တွေးနေလဲ” လို့ ကျွန်တော်မေးလိုက်ပါတယ်။ ဂျယ်ရီက ကျွန်တော့်ကို ပြန်ဖြေပါတယ်။ “စိတ်ထဲမှာ ပထမ
ဆုံး သတိရတာကတော့ ဆိုင်နောက်ပေါက်သော့ကို ပိတ်ကို ပိတ်ရမယ်ဆိုတာပါဘဲ။ နောက်ပြီးတော့ ငါ ကြမ်းပေါ်ကို
လဲကျသွားခဲ့တယ်။ ဒီအချိန်မှာ ငါမှတ်မိတာက ငါ့မှာ ရွေးချယ်ခွင့် ၂ ခုရှိတယ် တစ်ခုက သေမလား၊ ဒါမှမဟုတ် ရှင်ဖို့
အတွက် ကြိုးစားမှာလား ဆိုတဲ့ နှစ်ခုပေါ့။ ငါ ဆက်လက်ပြီး အသက်ရှင်ဖို့ ရွေးချယ်ခဲတယ်” “မင်း မကြောက်ဘူးလား
အဲ့ဒီအချိန်မှာ၊ သတိရော မေ့သွားသေးလား” လို့ ကျွန်တော်သူ့ကို မေးဖြစ်ပါတယ်။ ဂျယ်ရီက ပြန်ပြောတယ် “ဆရာဝန်
တွေက အရမ်းတော်ပါတယ်။ သူတို့က ငါကို မကြာခင်ပြန်ကောင်းသွားမှာလို့ဘဲ တတွတ်တွတ် ဘေးကနေ ပြောနေ
တာဘဲ။ ငါလည်း ငါ့ကိုယ်ငါ မကြာခင်ပြန်ကောင်းသွားမှာပါလို့ အားပေးနေတယ်။ ဒါပေမယ့် အရေးပေါ်ခန်းထဲ ငါ့ကို
တွန်းလှည်းနဲ့ ပို့တဲ့ အချိန်မှာ ငါတွေ့လိုက်ရတယ့် ဆရာဝန်တွေနဲ့ သူနာပြုဆရာမတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့
တော်တော်လေးကို တုန်လှုပ်သွားခဲ့ရတယ်။ သူတို့တွေရဲ့ မျက်နှာပေါ်မှာ ငါ့ကို သေလူ တစ်ယောက်လို့ မြင်နေသလို
ငါခံစားရတယ်။ ငါသိတယ် ငါ တစ်ခုခုကို လုပ်မှဖြစ်တော့မှာကို” “မင်း ဘာလုပ်လဲ အဲ့ဒီတော့” ကျွန်တော်က မေးလိုက်
ပါတယ် “နပ်(စ်)မ ထွားထွားကြီး တစ်ယောက်က ငါ့ကို အော်ပြီးတော့ မေးတယ်” ဂျယ်ရီက ပြန်ဖြေတယ်။



“သူမေးတာက ငါ့မှာ ဓာတ်မတည့်တဲ့ တစ်ခုခုများရှိလားတဲ့။ ငါက ပြန်ဖြေလိုက်တယ် “ဟုတ်ကဲ့” လို့။ အဲ့ဒီအချိန်မှာ
ဆရာဝန်တွေနဲ့ သူနာပြုဆရာမတွေက လုပ်စရာရှိတာတွေကို ခဏရပ်ထားပြီး ငါပြောတာကို နားထောင်နေကြတယ်။
ငါ သက်ပြင်းတစ်ချက်ချပြီး ငြီးငြီးညူညူနဲ သူတို့ကို ပြောလိုက်တယ် “ကျည်ဆံတွေ” လို့။ ခွဲစိတ်ခန်းတစ်ခုလုံး
ရယ်သံတွေနဲ့ ဖုံးလွှမ်းသွားတယ်။ ငါသူတို့ကို ဆက်ပြောတယ် “ငါ အသက်ဆက်ရှင်ဖို့ကို ရွေးချယ်ထားတယ်။ အဲ့ဒီ
တော့ ခွဲစိတ်ကြပါ၊ ငါမသေသေးပါဘူး အသက်ရှင်တုန်းဘဲလို့”။ ဂျယ်ရီဟာ ခွဲစိတ်ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှု့ကြောင့်
သာမက သူ့ရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ထားလေးကြောင့်ပါ အသက်ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်
ဂျယ်ရီ့ဆီကနေပြီးတော့ သင်ခန်းစာလေးတစ်ခုရလိုက်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ဟာ နေ့စဉ် အသက်ရှင်နေ
ထိုင်ဖို့အတွက် ရွေးချယ်မှုလေးတွေကို ပြုလုပ်ကြရပါတယ်။ အဲ့ဒီမှာတော့ ပထမဆုံးက စိတ်ထားကလေး တစ်ခုဘဲဖြစ်
ပါတယ်၊ ဒီနောက်မှာတော့ ကျန်တာတွေအားလုံးက သင့်စိတ်ထားကလေးကို မူတည်ပြီး ပြောင်းလဲလာကြမှာပါ။

Posted by ပြည့် စုံ  

http://www.mmcfamily.org/