ကလေးဘ၀ သင်ယူခြင်းအစက မိသားစုက စပါတယ်လို့ ဆိုရမှာပါ။ အရင်းနှီးဆုံးက မိခင်ရဲ့ ဆိုဆုံးမမှုပါပဲ။
အမေရိကန်က
နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဟာ မိခင်ရဲ့ အဆုံးအမဟာ လူတစ်ယောက်ရဲ့ ဘ၀ကို
ဘယ်လောက် ပြောင်းလဲစေနိုင်သလဲ ဆိုတာကို စာရင်းကောက်
စာတမ်းပြုစုကြည့်ခဲ့တယ်။ အဖက်ဘက်မှာ အောင်မြင်နေတဲ့ လူအယောက် (၅၀)နဲ့
အပြစ်ပေး ထောင်ချခံထားရသူ အယောက်(၅၀)ကို ရွေးချယ်ခဲ့တယ်။
အဲဒီလူအယောက်(၁၀၀)ကို
စာပို့ပြီး ငယ်ငယ်က မိခင်ရဲ့ ဆိုဆုံးမမှုတွေကို မေးမြန်းခဲ့တယ်။
ရရှိခဲ့တဲ့ ပြန်စာတွေထဲမှာ အိမ်ဖြူတော်မှာ အမူထမ်းဆောင်နေတဲ့
လူတစ်ယောက်ရဲ့စာနဲ့ ထောင်ကျနေသူ တစ်ယောက်ရဲ့ စာက ပညာရှင်ကို တော်တော်လေး
အမှတ်ရစရာ ဖြစ်စေခဲ့တယ်။ တူညီတဲ့ မေးခွန်းဖြစ်ပေမဲ့ မတူညီတဲ့
အဖြေတွေကို ရခဲ့တယ်။ ထောင်ကျနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော်
ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက
နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး
ပန်းသီးကို ကျွန်တော်လိုချင်ခဲ့တယ်။ အမေက ပန်းသီးတွေကို စားပွဲပေါ်တင်ရင်း
ဘယ်တစ်လုံးကို ယူကြမလဲလို့ ကျွန်တော်နဲ့ ညီလေးကို မေးပါတယ်။
ညီလေးက
အကြီးဆုံးတစ်လုံးကို ယူမယ်လို့ ကျွန်တော့်ထက် ဦးအောင် ပြောလိုက်တယ်။
မေမေက ညီလေးကို မျက်စောင်းနဲ့ ကြည့်ပြီး “အကောင်းဆုံးကို တစ်ခြားသူကို
ပေးရမယ်လို့ စိတ်ထဲမှတ်ထားရမယ်။ ကိုယ့်ကျိုးအတွက်ဘဲ မကြည့်နဲ့” လို့
ပြောလိုက်တယ်။ ကျွန်တော် ဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး “မေမေ
ကျွန်တော့်ကို အသေးဆုံးတစ်လုံးပေးပါ။ ညီလေးကို အကြီးဆုံးတစ်လုံး
ပေးလိုက်ပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကြားတော့ မေမေဟာ ၀မ်းသာပြီး
ကျွန်တော့်ကို တစ်ချက်နမ်းလိုက်တယ်။ နောက် ကျွန်တော့်ကို အကြီးဆုံးပန်းသီး
ကမ်းပေးပါတယ်။ နောက်ပိုင်း ကျွန်တော်လိုချင်တဲ့ ပစ္စည်းရဖို့အတွက်
ကျွန်တော် လိမ်ညာတတ်လာခဲ့တယ်။ ရန်ဖြစ်တတ်လာခဲ့တယ်၊
ခိုးလုတိုက်တတ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော် အခုလို
ထောင်ထဲရောက်လာခဲ့တာပါပဲ။
အိမ်ဖြူတော်မှာ အမူထမ်းနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော်
ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက
နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး
ပန်းသီးကို ကျွန်တော်နဲ့ ညီလေး လိုချင်ခဲ့တယ်။ မေမေက အကြီးဆုံးတစ်လုံးကို
ကိုင်ပြီး “ဒီအကြီးဆုံးတစ်လုံးကို လူတိုင်းလိုချင်နေကြတယ်။ ကောင်းပြီ...
မေမေပြိုင်ပွဲလေးတစ်ခု လုပ်မယ်။ အိမ်ရှေ့က မြက်ခင်းကို တစ်ယောက်တစ်ပိုင်း
နှစ်ပိုင်းခွဲလိုက်မယ်။ ကိုယ့်အပိုင်းက မြက်ကို အရင်ခုတ်ပြီးတဲ့လူမှ
ဒီပန်းသီးကို ရမယ်” လို့ ပြောပါတယ်။
ကျွန်တော်တို့
မြက်ရိတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံး ကျွန်တော်ဟာ အဲဒီပန်းသီးကို
နိုင်ခဲ့တဲ့သူဖြစ်တယ်။ ကမေမေကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမိတယ်။
လွယ်ပြီး အရေးကြီး လေးနက်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားလည်အောင်
သင်ပေးခဲ့တယ်။ လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် အမြဲတမ်း ပထမရအောင်
ကြိုးစားခဲ့တယ်။ အိမ်မှာလည်း မေမေက ဒီလိုပဲ အမြဲသင်ပေးခဲ့တယ်။
တစ်ခုခုလိုချင်ရင် ပြိုင်ပွဲလုပ်ပြီး ပြိုင်စေခဲ့တယ်။
လိုချင်ရင် ကြိုးစားရမယ်။ ဒါဟာ တရားကျတဲ့ နည်းလမ်းပါ။ ကိုယ်ဘယ်လောက်ရယူချင်သလဲ ကိုယ်ရယူချင်တဲ့ အတိုင်းအတာအထိတော့ ပေးဆပ်ရမှာပါပဲ။
ပုခက်လွှဲတဲ့
လက်ဟာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ပါတယ်။ မိခင်ဟာ ကလေးတွေအတွက်
ပထမဦးဆုံးသော လက်ဦးဆရာပါ။ စကားပြောသင်စအရွယ် ကလေးကို လိမ်နည်းတွေ
သင်ပေးလို့ရသလို အမြဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတော်လူကောင်းတစ်ယောက်
ဖြစ်အောင်လည်း သင်ပေးလို့ရတယ်။
သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေမေ့ကို ဒီပုံပြင်လေး ပြောပြပါ။
သင်ဟာ မိခင်တစ်ဦးဆိုရင်..........
original from http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
*
*--
*Don't worry. Be Happy ,*
**Moe Moe.
No comments:
Post a Comment