Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, April 7, 2012

တာဝန်သိ ခရီးသွားလုပ်ငန်းဆီသို့



by Lu Cifer on Friday, April 6, 2012 at 10:35pm 
·
ဒေါက်တာ အန်ဒရီရာ ဗယ်လန်တင် သည် Tourism Transparency ဟုခေါ်သော လွတ်လပ်ပွင့်လင်း၍ တာဝန်သိ ခရီးသွားလုပ် ငန်းများဖြစ်ရေးအတွက် စည်းရုံးလှုံ့ဆော်သည့်အဖွဲ့အစည်းကို စတင်တည်ထောင်သူဖြစ်သည်။ အန်ဒရီရာသည် မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော တာဝန်သိ ခရီးသွားလုပ်ငန်းညီလာခံ Responsible Tourism Conference ကို တက်ရောက်ပြီး စာတမ်းဖတ်ခဲ့သည်။
တာဝန်သိခရီးသွားလုပ်ငန်းနှင့် မြန်မာပြည်၏ အလားအလာအကြောင်း ဧရာဝတီ အယ်ဒီတာ ရဲနည်က ဆက် သွယ်မေးမြန်းထားသည်။



ဒေါက်တာ အန်ဒရီရာ ဗယ်လန်တင်

Wednesday, April 4, 2012

ဒီမိုကရေစီနှင့် ထိုက်တန်သောစိတ်ထား ...



By Nyolinn Htun in July · 
 



ဒီမိုကရေစီနှင့် ထိုက်တန်သောစိတ်ထား ...
( by သာရလင်း )

ဒီစကားကတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် (ပြည်ထောင်စုလွတ်တော်၊ အစိုးရတစ်နှစ်ပြည့်မိန့်ခွန်း မှာ )
ပြောကြားခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ ““ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စိတ်ထား”” ဆိုတာ ဘယ်လိုစိတ်ထားမျိုးဖြစ်ပါသလဲ-လို့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ဘီဘီစီသတင်းဌာနကလည်း အင်တာဗျူးတွေ ပြုလုပ်နေပါတယ်။

ညီညွတ်ခြင်း ၏ အင်အား ...



By July Born in July · 
 
ညီညွတ်ခြင်း ၏ အင်အား ...


မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပေါင်းစုနေထိုင်တဲ့ နိုင်ငံဖြစ်သလို တောင်တန်းဒေသ
တွေဟာလည်း စိမ်းလမ်းစိုပြေပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ရှမ်း
ကချင်ကရင် ကယား ရခိုင် မွန် ချင်း မြန်မာစသည့် လူမျိုးပေါင်းစုံ စုဝေးတဲ့ မြန်မာနိုင်ငံမှာ
နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြတာဖြစ်ပါတယ်။

တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ?



တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ?
[By Htun Aung Gyaw ]
တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ?
ဤဆောင်းပါးသည်တိုင်းပြည်ချစ်စိတ်နှင့်ကမ္ဘာ့အလယ်တွင်အဆင်းရဲဆုံးနိုင်ငံဘဝသို့ရောက်နေသော အမိမြန်မာနိုင်တော်ကြီးကိုမည်ကဲ့သို့စိတ်ထား နှင့်ကမ္ဘာထိပ်တန်း နိုင်ငံဘဝသို့ရောက်ရန် ဝိုင်းဝန်းလုပ် ဆောင်သင့်သည်ကိုရည်ရွယ်၍ရေးသား လိုက်ပါသည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ အများစုအနိုင်ရလိမ့်မည်ဟုယူဆသူများရှိ သော်လည်း ၄၄နေရာပြိုင်၍ ၄၄နေရာစလုံး နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထား ကြချေ ။ အထူးသဖြင့် နေပြည်တော်မြို့နယ်များတွင်အနိုင်ရဘို့ဖြစ်နိုင်ချေနည်းသည်ဟုစာရေးသူကိုယ်တိုင်ထင် မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ထိုနယ်မြေများသည် နအဖ မှစံနစ်တကျမိမိ ကိုယ်ပိုင် နယ်မြေ အဖြစ်သိမ်းသွင်း ဖွဲ့စည်းထားခဲ့သောကတ်သေအပိုင်နယ်မြေများဖြစ်သည်။

Monday, April 2, 2012

တုနှိုင်း၍မရသောပီတိတစ်စုံတရာ



by Kyaw Thu on Monday, April 2, 2012 at 8:04pm ·
 
၂၀၁၂ ခုနှစ်၊ ဧပြီလ ( ၂ ) ရက် (တနင်္လာ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ လာအိုနိုင်ငံ(ဗုဒ္ဓဘာသာလူမှုရေးအဖွဲ့များကို လေ့လာသော လာအိုဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအဖွဲ့) မှ (နေ့လည် ၁၂း၀၀)နာရီအချိန်တွင် လာရောက် လေ့လာခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများ ပြည်သူတို့အပေါ် ကူညီဖေးမမှု ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များကို လိုက်လံ၍ အသင်းကြီး၏ လှုပ်ရှားလုပ်ဆောင်မှု ပုံရိပ်များအား ရှင်းလင်းပြသခဲ့ကာ နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် သင်ကြားနေသော သင်တန်းများ၊ စာရင်းကိုင် (LCCI)သင်တန်းခန်းမ တွင်သင်ကြားမှုများကို လိုက်လံ ပြသခြင်း၊ သုခအလင်းစာကြည့်တိုက်ကို လိုက်လံကြည့်ရှု လေ့လာခြင်း၊ နာရေးကူညီမှု ယာဉ်များအား လိုက်လံလေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သုခအလင်းစာကြည့်တိုက်ရှိ စာအုပ် စာပေများကို လိုက်လံကြည့်ရှု လေ့လာခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အစည်းအဝေးခန်းမတွင် အပူဇော်ခံထားရှိသော ဗုဒ္ဓဆင်းတုတော်များ နှင့်သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓစွယ်တော်ပွားတစ်ဆူအား ဖူးမျှော်ကန်တော့ခဲ့ကြပြီး အကျွတ်အလွတ် စေတီတည်ထားကိုးကွယ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကာ ဥက္ကဌဦးကျော်သူအား ဗုဒ္ဓစာပေစာအုပ်များကို ဓမ္မဒါနအဖြစ် ပေးအပ်သွားခဲ့သည်။

Thursday, March 29, 2012

နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း [သွန်းနေစိုး]




by Thorn Nay Soe on Thursday, March 29, 2012 at 10:06am 


ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မိန်းမပျိုလေးတစ်ယောက် သနားစဖွယ် အမှတ်မထင်သေဆုံးသွားခဲ့တာပါပဲ။
ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။

သတင်းတွေကို လိုက်ဖတ်တယ်။
နန်းဝိုးဖန်က တရားလိုတဲ့။
သူ့ဆီက လူတစ်ယောက် မတရားအလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?
ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ရိုးသားသူတွေအဖို့ ပြဿနာတစ်ခုခုဖြစ်ရင် ဒီလိုပဲ ငုံ့ခံကြရတော့မှာလား?
ဒါကို ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်မသွားစေချင်ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကိစ္စကို လေးလေးနက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။

Tuesday, March 27, 2012

ကျိုးပဲ့လွင့်စင်သွားသော မဟာသင်္ကြန်









သင်္ကြန်ဟူသည်နှစ်ဟောင်းမှ နှစ်သစ်  သို့ ကူးပြောင်းသည့်ကာလ၊ ရေပက်ဖျန်း သည့် နှစ်သစ်ကူးပွဲတော်ဟု အဓိပ္ပာယ် ဖွင့်ဆို၍ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟု မြန်မာ့ စွယ်စုံကျမ်းတွင်တွေ့ရသည်။
မြန်မာလူမျိုးတို့သည် ဟိန္ဒူအယူဝါ ဒ သက်ဆင်းလာသောဓလေ့အတိုင်း မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါ ကြီးများအား သနပ်ခါးနံ့သာရည်များကို သပြေခက်ကလေးများနှင့်တို့ကာ ပက်ဖြန်း ကန်တော့ကြသည်။
တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်အဆိုင်စကားနိုင်လုကာတေးသီချင်း သံချပ်များတိုင်၍ ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲ ခဲ့ကြသည်။
အတာသင်္ကြန်ပွဲသည် ပုဂံခေတ်က ပင် အလေ့အထရှိခဲ့သည်။ ပိတောက်တွေ  ရွှေရည်လူးကြချေပြီ။

Sunday, March 18, 2012

‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှု တစ်ခုအကြောင်း




ကျောင်းဆရာတဦးအဖို့     တပည့်ကျောင်းသားများကို    သြဝါဒပေးခြင်းကိစ္စမှာ အဆန်းတကျယ် ကိစ္စမဟုတ်ပါ။ ကျွန်တော့်အနေနဲ့တော့ ‘ သွန်သင်ဆုံးမ သြဝါဒ ‘ ဆိုတာမျိုးထက် ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကြည့်ဖို့ ’ Food For Thought’  ဆိုတာမျိုးကို ပိုကြိုက်ပါတယ်။
ဆရာဟူသည် ‘ စာကိုသာ သင်ပေးရမည်မဟုတ်၊ စိတ်ကိုပါသင်ရမည်’ ဟု ဆရာအောင်သင်း ဆိုခဲ့ဖူးသည် မဟုတ်လား။ သည်အတွေးအမြင်ရှိသည့်တိုင် စိတ်ကိုသင်ခြင်းကဲ့သို့သော မလွယ်ကူလှသည့် အလုပ်ကို လုပ်ရန် ဝန်လေးနေခဲ့သည်။

ဒါလားကွယောင်္ကျား



ဝုန်းးးးးးးးးးးး
ကျွန်တော့်  အခန်းတံခါးကို  ဆောင့်ကန်ဖွင့်လိုက်သော  အသံကြောင့် ကျွန်တော်ရော ကျွန်တော့်ချစ်သူပါလန့်် သွားပြီး ။
အခန်းတံခါးပေါက်ကိုလှမ်းကြည့်လိုက်တော့  မီးဝင်းဝင်းတောက်နေသော  မျက်လုံးများနှင့်  ကြည့်နေသော  ကျွန်တော့်အဖေ ။
ကျွန်တော့်ချစ်သူက  မျက်နှာလွှဲနေလိုက်ပါတယ်  ။။
နှစ်ယောက်စလုံး  ဧည့်ခန်းထဲကိုလာခဲ့ ။
အဖေ ကပြောပြီး အပြင်ကိုထွက်သွားပါတော့သည် ။ချစ်သူကို အခွင့်အရေးယူရန်ကျိုးစားနေသောကျွန်တော်  ။
အဖေ ကိုယ်တိုင်မိသွားသဖြင့်  ရှက်စိတ်မွန်ပြီး  ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့  ကျွန်တော့်ချစ်သူလက်ကိုလှမ်းအဆွဲ ။
နေဦးလေ  ကိုမောင်ရဲ့ ကြည့်ကောင်းအောင် လုပ်ပါရစေဦး ။

Friday, March 16, 2012

လူနာ ကုတင်နံပါတ် (၁၉)



ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့ ဆေးတက္က္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းကအိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှမဟရဲ ခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ" လို့ငြင်းခုံခဲ့ကြတယ်။
       ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ" လို့ညည်းတွားနေကြတယ်။

Sunday, March 11, 2012

မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်ကြ သူများ



ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က
တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊
ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့
တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့
ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။

Sunday, February 19, 2012

“အရောဝင်လျှင် အရိုအသေတန်သည်။”




“အရောဝင်လျှင် အရိုအသေတန်သည်။”
“လူရင်းဆိုလျှင် အထင်မကြီး။”
“နီးလွန်းလျှင်မမြင်” 

 စသည်ဖြင့် ကျွန်တော်တို့ဆိုလေ့ရှိကြသည်။ သည်လို ဆိုစရာ အကြောင်းတွေလည်း လူ့လောကထဲမှာ မကြာခဏ ကြုံကြရသည်။ ထို့ကြောင့် သည်စကားတွေကို ရှေးကလည်းပြော ယနေ့လည်း ဆက်ပြော နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ သာမက အခြားတစ်ပါးသောလူမျိုးများ မှာလည်း အလားတူ အဓိပ္ပါယ် ဆောင်သည့် စကားမျိုးတွေ ရှိကြသည်။ ထို့ပြင် သည်စကားများ ကိုထင် ရှားစေသည့် ဥပမာ သာဓကတွေ၊ သင်ခန်းစာ ပုံပြင်တွေလည်း အများပင်ရှိခ့ပဲါသည်။ အင်္ဂလိပ်မှာ Familiarity breeds contempt. ဟုဆိုသည်။ 

တိုက်ရိုက်အဓိပ္ပါယ်ကFamiliarity ရင်းနှီးကျွမ်းဝင်မှုမှ contempt အားမနာမှု အထင်မြင်သေးမှု breeds ပေါက်ဖွားသည်ဟူ၍ ထွက်သည်။
 အရောဝင်လျှင် အရိုအသေ တန်သည်နှင့် သဘောချင်း အတူတူပင်။

Friday, February 10, 2012

ငါတို့ ရဲ့ ဗိုလ်ချုပ်



“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

Wednesday, February 1, 2012

ကျွန်တော်နဲ့ လမ်းဘေးဈေးသည်များ



ဒီကိစ္စက ပြောချင်တာတော့ ကြာပြီ။ ဘယ်လို ပုံစံပြောရမလဲ စဉ်းစားနေတာ။
ဒီလိုပါ။

မနေ့ညက ၃၁-၁-၂၀၁၂ ရက် ညကပေါ့။ အချိန်က ညသန်းခေါင်ကြီး ၁၂နာရီကျော်ကျော်လောက်မှာပါ။ ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ညကြီးမင်းကြီး ဆိုတဲ့ အတိုင်း လူတွေ အိပ်ချိန်၊ မအိပ်သေးတဲ့ လူတွေက ထုံးစံအတိုင်း လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းကြော်ဆိုင်လေးတွေမှာ ထိုင်ကာ စားရင်းသောက်ရင်း၊ စကားတွေ ပြောကြ၊ ဆွေးနွေးကြပေါ့။ ရန်ကုန်မှာကလည်း ညသန်းခေါင် ဗိုက်ဆာရင် ဒီလမ်းဘေးဈေးဆိုင်တွေပဲ အားကိုးရတာ မဟုတ်လားဗျ။ ဈေးနှုန်းအရလည်း မဆိုးဘူး။ ဆိုင်ကြီးတွေမှာ လေးငါးထောင်ကနေ တစ်သောင်းလောက် အကုန်ခံစားဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျ။ ကျုပ်တို့ရတဲ့ လစာလေးတွေနဲ့။ ဒီလိုပါပဲဗျာ ထားလိုက်ပါတော့။ ကျွန်တော်တို့  လူလတ်တန်းစားခေါ်မလား၊ အဲလိုလူတန်းစားတွေတောင် အမြဲချောင်ချောင်လည်လည် နေရ စားရတယ်လို့ မရှိပါဘူး။ အဲတော့လည်း ဒီလို လမ်းဘေးက ဈေးဆိုင်လေးမှာ စားရတော့တာပေါ့။ ထမင်းဆီစမ်းနဲ့ ကြက်ဥမွှေကြော် တစ်ပွဲကို ငါးရာ၊ တစ်ချို့ဆိုင် ခြောက်ရာနဲ့ အရသာလည်း မဆိုးဘူး၊ ဈေးနှုန်းလည်း မဆိုးဘူး။

ပြောချင်တာက ညက ကျွန်တော်တို့တတွေ ၃၅လမ်းထောင့်က လမ်းဘေးဆိုင်လေးမှာ ထိုင်နေတုန်း ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ (အားလုံး ဆယ်စီးလောက်ရှိမယ်) ရောက်လာပါလေရော။ ဘာတွေလဲ သိလား။ ရဲတွေနဲ့ စည်ပင်တွေပါ။ လမ်းလေးဆိုင်တွေကို လိုက်ဖမ်းတဲ့ စည်ပင်တွေပေါ့။ အားလုံးလည်း ရုတ်ရုတ်သဲသဲ ဖစ်ကုန်တယ်။ ဈေးသည်တွေလည်း ပြာယာခတ်လို့။ အဲဒီအချိန်မှာပဲ ကားပေါ်က စည်ပင်တွေ၊ ရဲတွေက ၀ုန်းဆို အများကြီးပဲ ဆင်းလာပြီး လမ်းဘေးဈေးသည်တွေရဲ့ ပစ္စည်းတွေ သိမ်းကြတယ်။ ဖမ်းဆီးကြတယ်။
သူတို့ဖမ်းနေကျအချိန်လည်း မဟုတ်တော့ ဈေးသည်တွေကလည်း ဘာမှ ကြိုတင်မပြင်ဆင်လိုက်ကြဘူးနဲ့ တူပါတယ်ဗျာ။ အဖမ်းခံရတဲ့ ဈေးသည်တွေကို ကြည့်ပြန်တော့ ဘာမှ မတတ်နိုင်တဲ့ မျက်နှာလေးတွေနဲ့ တစ်ဖက်မှာလည်း မကျေနပ်ကြဘူးပေါ့။ သူတို့ဘ၀မှာ ဒါတွေက ရိုးသင့်သလောက်တော့ ရိုးနေလောက်ပေမယ့် ဒီလို အကြမ်းကြီးဖမ်းတဲ့ ပုံစံမျိုးတော့ ကြုံဖူးသေးဟန်မတူဘူး။ အကုန်လုံးက ဘာပြောရမှန်း မသိ။ ဘာလုပ်ရမှန်းမသိနဲ့။

ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါ။ ဒီလို လမ်းဘေးဈေးသည်တွေမှာ ထိုင်နေကျဆိုတော့ ဆိုင်ရှင်တွေနဲ့လည်း အတော်အတန် ရင်းနှီးနေပါပြီ။ ဒီတော့ သူတို့ဘက်က ကျွန်တော် စိတ်တိုမကျေနပ်ဖြစ်မိတာ အမှန်။ မကျေနပ်လို့ကော ကျွန်တော် ဘာလုပ်နိုင်မှာလဲဗျ။ ၀တ္တရားနှောင့်ယှက်မှုနဲ့တောင် ကျွန်တော့်ကို တရားစွဲလို့ ရတာကိုးဗျ။ ဒီတော့ ကျွန်တော် စိတ်မကောင်းစွာနဲ့ ကြည့်နေရတော့တယ်။

တစ်ဖက်က ပြန်ကြည့်ပြန်တော့ စည်ပင်သာယာနဲ့ ရဲတွေဟာ သူတို့ လုပ်ချင်လွန်းလို့ လုပ်ကြတာလား။ သူတို့နဲ့ လမ်းဘေးဈေးသည်တွေနဲ့ ရန်ငြိုးရန်စရှိလို့ ပြန်ဖမ်းနေတာလား။ အနိုင်ကျင့်နေတာလား။ မဟုတ်ပါဘူး။ အဲလို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

သူတို့ အမြဲပြောတာက သူတို့ဟာ တာဝန်အရလုပ်တာပါတဲ့။ ဒါဟာ ၀န်ထမ်းတွေ တော်တော်များများရဲ့ လက်သုံးစကားမို့ ခင်ဗျားတို့လည်း ကြားဖူးကြလိမ့်မယ်ထင်တယ်။ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒီ စကားကို ကျွန်တော်တော့ သိပ်မနှစ်သက်လှဘူး။ တာဝန်အရ လုပ်တယ်ဆိုတဲ့ စကားကိုက တာဝန်ပေးတိုင်း အကုန် လိုက်လုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ပေးလိုက်တဲ့ တာဝန်ဟာ ကောင်းတာကို လုပ်ခိုင်းတာလား၊ ဆိုးတာကို လုပ်ခိုင်းတာလား ဆိုတာ မစဉ်းစားတော့ဘူးလို့ သဘောသက်ရောက်နေတယ်။ ပြီးတော့ တာဝန်ကို တာဝန်အတိုင်းပဲ လုပ်မယ်။ ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းကို မရွေးတော့ဘူးလို့လဲ သဘောပါနေတယ်။

ဒီတော့ ဘာတွေဖြစ်လာသလဲ။
ဖမ်းဆိုတဲ့ တာဝန်ကြီးကို သူတို့ သယ်လာတယ်။ ဖမ်းတယ်လေ။ မဖွင့်ရမယ့် နေရာမှာ ဈေးဆိုင်တွေ ဖွင့်ရင် ဖမ်းမယ်။ မှန်ပါတယ်။ ဒီအထိ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေဟာ ရိုင်းစိုင်းစွာ ဖမ်းပါလို့တော့ တာဝန်ပေးလိုက်မယ် မထင်ဘူး။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ မခါးရအောင်ဆိုတဲ့ ကလေးတုန်းက ကဗျာကို သူတို့ ကျော်ဖတ်ခဲ့ပုံရပါတယ်။
မနေ့ညကတော့ ဆဲဆိုသံတွေကြားခဲ့ရတယ်။ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကို ခြေထောက်နဲ့ ကန်တယ်ဗျာ။ ထီးတွေကို လဲချပစ်တယ်။ ပန်းကန်တွေဆိုတာ ကွဲလို့ကွဲ။ ဒီကြားထဲ ကျွန်တော်သေချာ စပ်စုကြည့်တော့ သူတို့ထဲက တစ်ချို့ဝန်ထမ်းတွေက (တစ်ချို့ပဲနော်) အရက်မူးလာတဲ့ ပုံစံတွေ။ မျက်လုံးကြီးတွေက နီရဲလို့။ သြော်.. တာဝန်အရလုပ်တယ်ဆိုရင် တာဝန်ချိန်မှာ အရက်မူးလာလို့ ရပါသလား။ ပြီးတော့ သူတို့တွေဟာ သာမန်ဝန်ထမ်းတွေလား။ မဟုတ်ပါဘူး။ တိုင်းပြည်ကို လှပသာယာအောင်၊ စည်းကမ်းရှိအောင် လုပ်ဆောင်ကြမယ့် ၀န်ထမ်းတွေက တာဝန်ချိန်မှာ အရက်သောက်နေရင်ဖြင့် ….။ အင်း။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရင်လေးစရာ။

ပြီးတော့ လမ်းဘေးက ဆိုင်လေးတွေကို ဖမ်းဖို့အတွက် သူတို့ကို သူတို့ cover ယူတဲ့ အနေနဲ့ အင်အားပြရဲတွေနဲ့ စည်ပင်တွေက အယောက် ၁၀၀ နီးပါး၊ ကားတွေက ဆယ်စီးလောက်နဲ့ ဆိုတော့။ စဉ်းစားကြည့်၊ ညသန်းခေါင်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ ဆဲဆို၊ ကြိမ်းမောင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံကြ။ သူတို့ပုံစံက သူတို့ပိုင်ဆိုင်တဲ့ အိမ်ထဲကို သူခိုးတစ်ယောက်ကျူးကျော်ဝင်လာလို့ ဒေါသထွက်နေတဲ့ ပုံစံထက် ပိုဆိုးနေတယ်။ ဒါဟာ ဖြစ်သင့်ပါသလား။ ဖြစ်သင့်ပါသလား။ ကျွန်တော် စဉ်းစားရပြီပေါ့။

တိုင်းပြည်ပဲဖြစ်ဖြစ်၊ မြို့ပဲ ဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် စည်းကမ်းဆိုတာတော့ ရှိရပါတယ်။ တိုင်းပြည်အထိရောက်လာတော့ ပိုအရေးကြီးတာ တရားဥပဒေပေါ့။ ဒီစကားလုံးကိုပဲ သေချာပြန်စဉ်းစားကြည့်တော့ တရားဥပဒေနော်။ မတရားတဲ့ ဥပဒေ မဟုတ်ဘူး။ တရားတယ်ဆိုတာ မှန်ကန်တာ၊ မျှတတာ၊ သင့်လျော်တာ၊ ဖြောင့်မတ်တာ။ တစ်ခါ တရားဥပဒေ စိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်လို့ မရဘူးဆိုတာ သူတို့ သိသင့်တယ်။

အခုတော့ သူတို့ဟာ တရားဥပဒေစိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်နေသလိုပဲ။
Law and Order ဆိုတဲ့ စကားရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လိုဘယ်ပုံနဲ့ စိုးမိုးအောင် လုပ်ကြမှာလဲ။ Law-abiding ဆိုတဲ့ တရားဥပဒေဘောင်အတွင်းကပဲ တရားဥပဒေကို စိုးမိုးအောင် လုပ်လို့ ရပါတယ်။ တရားဥပဒေကို Out of Law ကနေ စိုးမိုးအောင် လုပ်လို့ ရပါသလား။

Rules and Regulation ဆိုတဲ့ စကားလုံးလည်း ရှိတယ်။ ဘာကြောင့် Rules ရဲ့ နောက်မှာ Regulation ထည့်ထားပါသလဲ။ စည်းကမ်းရဲ့ နောက်မှာ regulation ဆိုတဲ့ စည်းမျဉ်းဆိုတာရှိပါတယ်။ စည်းမျဉ်းဆိုတဲ့ regulation ကို ပုံမှန်အတိုင်းဖြစ်တည်ခြင်းလို့လဲ ဘာသာပြန်လို့ ရပါတယ်။ ပုံမှန်အတိုင်းဖြစ်တည်တာပါ။ ပုံမှန်နဲ့ သဘာဝနဲ့ သွေဖီပြီး စည်းမျဉ်းကို ရေးဆွဲလို့ မရပါဘူး။
စည်းကမ်းရှိဖို့ အကောင်အထည်ဖေါ်ဆောင်တဲ့ သူတွေကိုယ်တိုင်က စည်းကမ်းရှိပြရပါမယ်။ စည်းကမ်းကို စည်မျဉ်းအတွင်းက အကောင်အထည်ဖေါ်ရပါမယ်။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင်၊ မေးပိုင်ခွင့်ရှိရင် မေးချင်ပါတယ်။
ခင်ဗျားတို့ ဘာလို့ဖမ်းတာလဲ။
“လူတွေကို စည်းကမ်းရှိစေချင်လို့ ဖမ်းတာလား။
ဒါမှမဟုတ်
ခင်ဗျားတို့ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာလို့ ဖမ်းနေတာလား” လို့။
ဒီမေးခွန်း နှစ်ခုကို သူတို့ ကွဲပြားသင့်ပါတယ်။ စည်းကမ်းရှိစေချင်တယ်ဆိုတာ စေတနာသဘော၊ မေတ္တာသဘောပါ။ လူတွေကို စည်းကမ်းရှိရှိနဲ့ ဘ၀ကို ဖြတ်သန်းစေချင်တာပါ။ သိပ်ကောင်းတဲ့ အမူအကျင့်လေးပါ။

ဒါပေမယ့် ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေက အဲလို မဟုတ်ခဲ့ဘူး။ ညဉ့်နက်သန်းခေါင်ကြီး၊ အချိန်မတော်ကြီးမှာ လူတွေ အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ အိပ်နေသူတွေလည်း ၀ုန်း၊ ဒိုင်းအသံတွေ ကြားတော့ လန့်နိုးလာကြ။ လာဖမ်းတာက မှုခင်းတစ်ခုခုကို လာဖမ်းသလို၊ (ဥပမာ၊ မူးယစ်ဆေးဝါးမှုခင်းတစ်ခုကို လာဖမ်းသလို)။ ဖမ်းတယ်ဆိုရင် ဆဲဆိုပြီး၊ ရိုင်းစိုင်းပြီးပဲ ဖမ်းရမယ်လို့ ပြဌာန်းထားတဲ့ ပုံစံမျိုးတွေနဲ့။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖေါက်လို့ သူတို့ စိတ်တိုနေတာ။ လူတွေကို စည်းကမ်းရှိစေချင်လို့ စံပြဖမ်းပြနေတာ မဟုတ်ဘူး။ အဆိုးဆုံးက သူတို့မဖမ်းတဲ့ ဆိုင်တွေ တစ်ချို့ကိုတော့ ချန်လှပ်ထားခဲ့တာပဲ။ အဂတိလိုက်စားခြင်းဆိုတာ အခြေခံအားဖြင့် အမြစ်ကနေ နှုတ်ယူပြီးမှ တိုင်းပြည်ကို ဆက်လက် တည်ဆောက်လို့ ရပါမယ်။

ကျွန်တော် နောက်ဆုံးစဉ်းစားမိတာလေး တစ်ခုရှိပါတယ်။
Rules and Regulation ဒါမှမဟုတ် discipline ဆိုတဲ့ အနောက်မှာ ကပ်လျက်ပါလာသင့်တာက system ပါ။ စည်းကမ်းဆိုတာ ဘာလုပ်ဖို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခုကနေ တိုင်းပြည်အထိ တိုးတက်အောင်လို့ပါ။ စည်းကမ်းပဲ ရှိမယ်။ အလုပ်မလုပ်လို့ ဖြစ်မလား။ ဘယ်ဖြစ်မလဲဗျ။

Never approach to Who or Whom? Just Why and How.

တကယ်ပဲ သူတို့ရဲ့ attitude လေးသာ ကောင်းခဲ့ရင် လမ်းဘေးဈေးသည်တွေရဲ့ ဘ၀ကို ကြည့်သင့်တာပေါ့။ ခုတော့ ဘယ်သူလုပ်တာလဲ။ ငါ့စည်းကမ်းကို ဘယ်သူဖေါက်တာလဲဖြစ်နေတယ်။ သူတို့ ဘာလို့ ဖေါက်ကြတာလဲ။ Why ဆိုတာလေးကို သူတို့ မေ့လို့များနေသလား။

ဖြစ်သင့်တာက လမ်းဘေးဈေးသည်ပါဆို လမ်းဘေးဈေးရောင်းမှ စားနိုင် သောက်နိုင်မှာပေါ့။ ပြီးတော့ သူတို့ဟာ စည်းကမ်းအသေးလေး တစ်ခုကို သူတို့ ၀မ်းစာတစ်ခုအတွက် ချိုးဖေါက်နေကြတဲ့ လက်လုပ်လက်စား ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူဆိုတာလေး မေ့မှာ စိုးလို့ပါ။
သူများတွေလို တိုက်ခန်းငှား၊ ဘာငှားနဲ့ ဆိုင်မဖွင့်နိုင်သေးသရွေ့တော့ လမ်းဘေးမှာပဲ ရောင်းရဦးမှာ။ မရောင်းရရင် သူတို့ကို ဘယ်သူ ကျွေးထားမှာလဲ။ သူတို့သားသမီးတွေကို ဘယ်သူ ကျောင်းထားပေးမှာလဲ။ ဒါဆို မဖမ်းရတော့ဘူးလား။ မြို့ပြအင်္ဂါရပ်နဲ့ မညီတာကို သိသိနဲ့ လွတ်ပေးထားရမှာလားလို့ မေးစရာ ရှိလာတယ်။ သူတို့ကို အဆင်ပြေတဲ့ ရောင်းလို့လည်း ရောင်းကောင်းနိုင်မယ့်၊ လာရောက်စားသုံးသူတွေလည်း အဆင်ပြေမယ့် နေရာတစ်ခုခု ပြန်စီစဉ်ပေးသင့်တယ်။

ကျွန်တော် ထပ်ပြောချင်ပါတယ်။
ကျွန်တော်ဟာ သာမန် ပြည်သူထဲက ပြည်သူတစ်ဦးပါ။
အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲ ဖြစ်ဖြစ်၊ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စည်းကမ်းဆိုတာ ရှိရပါမယ်။ စည်းကမ်းကို စည်းမျဉ်းအတွင်းက တရားဥပဒေကို တရားမျှတခြင်းဘောင်အတွင်းက အကောင်အထည်ဖေါ်ဆောင်ပေးကြပါ။ ပြည်သူတွေရဲ့ ဘ၀ကို အရင် စာနာပေးကြည့်ပါဦး။ စဉ်းစားပေးကြည့်ပါဦးလို့ ပြောကြားရင်း။

လေးစားစွာဖြင့်
ရင်နင့်အောင်

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်









ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။


        ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီး
မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ၀ယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။

အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
ကိုးကားစာရင်း
-မောင်သန်းဆွေ(ထားဝယ်) - ကုန်းဘောင်ရှင်းတမ်း
-ဇေယျ - မြန်မာ့မျက်ပွင့်
-မင်းယုဝေ - ပထမမြန်မာများ
-မင်းသုဝဏ် - လိန်း-မက္ခရာ စေတနာ (ဆောင်းပါး)



















Tuesday, January 31, 2012

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏တာဝန်ယူတတ်မှု



နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် ပြည်သူများက အလိုအလျှောက် ရွေးချယ် သတ်မှတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များတွင် တုနှိုင်းမမီသည့် ကိုယ်ရည်ကိုယ်သွေး များစွာရှိပါသည်။ ထိုကိုယ်ရည်ကိုယ်သွေးများထဲတွင် တာဝန်ယူတတ်ခြင်း၊ တာဝန်ယူနိုင်ခြင်း၊ တာဝန်ယူရဲခြင်း စိတ်ဓါတ်သည် ထိုခေါင်းဆောင်များ၏ ဂုဏ်သိက္ခာ တစ်ခု ဖြစ်သည်။ ထိုဂုဏ်သိက္ခာသည် ခေါင်းဆောင်များ၏ ပကတိ အဆင့်အတန်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း ဂုဏ်သိက္ခာအကြောင်းကို ကျွန်တော် တွေးတောနေမိသည်။ ယခု အချိန်ထိ သူ့ကို ပြည်သူများက နှလုံးသွေးဖြင့်ရင်း စွဲလမ်းနေကြခြင်း၏ အကြောင်းရင်း တစ်ခုသည် သူ၏ တာဝန်ယူရဲခြင်း စိတ်ဓါတ်ကြောင့် ဖြစ်သည်။ ကျွန်တော် တွေးနေမိသည်မှာ ၁၉၃၆ ခုနှစ် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၏ တာဝန်ယူရဲခြင်း နှင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ဗိုလ်တေဇ ဘ၀က လုပ်ဆောင်ခဲ့မှု တစ်ခုအတွက် ၁၉၄၆ နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲခြင်း အကြောင်း နှစ်ခုဖြစ်သည်။


အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးသားခဲ့ကြသည့် ဆောင်းပါးပေါင်း များစွာထဲမှ ကျွန်တော် အနှစ်သက်ဆုံးများမှာ ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာ  နှင့် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ
စာအုပ်ထဲတွင် ရေးသားထားသည်များ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ နတ်မောက်မဂ္ဂဇင်း အမှတ် ၂ တွင် ဆရာကြီး ဒဂုန်တာရာ ရေးသားခဲ့သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ဆောင်းပါးကို ဖျတ်ခနဲ တွေ့ရသော....စာအုပ်တွင် ပြန်လည်ဖော်ပြထားပါသည်။ ထိုအထဲမှ အနည်းငယ် ကောက်နှုတ် တင်ပြလိုပါသည်။

"သူ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်စဉ်က သူတည်းဖြတ်သော မဂ္ဂဇင်းထဲတွင် ထိုအခါက တက္ကသိုလ် အာဏာပိုင်တစ်ဦး၏ မနှစ်မြို့ဖွယ်ရာ သူတစ်ယောက်အကြောင်းကို ပြောင်လှောင်ရေးထားသော ဆောင်းပါး ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။ ရေးသူက ကိုညိုမြ။ တက္ကသိုလ် သပိတ်မှောက်ကိစ္စ အခိုးအငွေ့များ ထွက်နေစဉ် တက္ကသိုလ် အာဏာပိုင်တို့က ကျောင်းမှ အယ်ဒီတာ ကိုအောင်ဆန်းကို ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ဆောင်းပါးရေးသူ၏ အမည်ကို ဖော်ထုတ်ပါဟု ဆိုသည်။ သူ မဖော်ထုတ်။ ဆောင်းပါးရေးသူကို ဖော်ထုတ်လျှင် သူ့ကို ကျောင်းမထုတ်ဘဲ ဆောင်းပါးရေးသူကိုသာ အပြစ်ပေးမည်ဟု ယူဆရသည်။

သူက သူ တာဝန်ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ထို့ကြောင့် ကျွန်တော်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို စွဲလမ်းသွားသည်။"  (ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၁၃၃)



အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ ၁၉၃၆ ခုနှစ်
(ဓါတ်ပုံကို ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ် ၊ စာမျက်နှာ ၁၂၉ မှ ရယူတင်ပြထားပါသည်)


မျက်နှာဖုံး - ပေါ်ဦးသက်
ရုပ်ပုံလွှာ ၊ ဒဂုန်တာရာ ၊ ပုဂံစာအုပ်တိုက် ၊ ဒုတိယအကြိမ် ၊ ၁၉၆၃ ခုနှစ်



မျက်နှာဖုံး ပန်းချီ - ပိုပို
ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ ၊ ဒဂုန်တာရာ
ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၁၉၉၇ ဒီဇင်ဘာ ၁


ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ စိတ်ဝင်စားဖို့   ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။


၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်)
    ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊ 

၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင်

   Last and First in Burma by Maurice Collis    ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊


"ရွာလူထုက တိုင်ကြား

ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ သာဆောင်ရန်းမှ   တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့

ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။


စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်)
ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု မကြားခဲ့ရပေ။"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀)
အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ အစည်းအဝေးကို  ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ် စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့်   မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊ စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။)

ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက် စစ်ဘက်  ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။

"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက  ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး
၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က   ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)

ဂုဏ်သိက္ခာရှိစွာဖြင့် တာဝန်ယူတတ်သော အမျိုးသား ခေါင်းဆောင်ကြီးသည် သူချစ်မြတ်နိုးလှသော တိုင်းပြည်ကို ချန်ထားရစ်ကာ ထွက်ခွာသွားခဲ့လေပြီ။ တိုင်းပြည်မှာတော့ ကျန်ရစ်နေသေးသည့် တာဝန်မယူတတ်သူတို့နှင့် ရှေ့သို့ ဆက်၍ .......... ။

မျက်နှာဖုံး ဒီဇိုင်း - သန်းမြင့်အောင်
 


မျက်နှာဖုံး ပန်းချီ - လင်းဝဏ္ဏ ဒီဇိုင်းဖွဲ့သည်

ဓါတ်ပုံကို မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ်၊ စာမျက်နှာ ၄၂၄ မှ ကူးယူ တင်ပြထားပါသည်။

- စာအုပ်များ၊ ဆောင်းပါးများ၊ ဓါတ်ပုံများ၊ အချက်အလက်များကို မှီငြမ်း သုံးစွဲခွင့်ပြုပါရန်   သက်ဆိုင်သူများအားဤစာဖြင့် ပန်ကြားအပ်ပါသည်။
- ဆောင်းပါးများမှ တိုက်ရိုက်ကူးယူထားသည်များကို အနီရောင် စာလုံးများဖြင့် ဖော်ပြအပ်ပါသည်။  
 
Posted by လဲ့
မြန်မာချစ်သူမိသားစုမှ ကူးယူဖော်ပြပါသည်။

ထိထိရောက်ရောက် ပြောဆိုဆက်ဆံတတ်ပါစေ











ကြော်ငြာထည့်ထားတဲ့ အိမ်ခြံမြေကိစ္စပဲလို့ တွက်ဆပြီး အားရဝမ်းသာ ဖုန်းကို ဖွင့်လိုက်ပါတယ်။ Nokia လက်ကိုင်ဖုန်းလေးဆီက လေးဖြူရဲ့ မြူးကြွတဲ့ Ring Tone သံကြောင့် ဖတ်လက်စ သတင်းစာ ကို ခဏချပြီး တစ်ဘက်က ဆက် သွယ်လာတဲ့ ဖုန်းနံပါတ်ကို ကြည့် လိုက်မိပါတယ်။ ရန်ကုန်မြို့တွင်း တစ်နေရာမှ ဆက်သွယ်လာတဲ့ ကြိုး ဖုန်းတစ်လုံးမို့ ကြော်ငြာထည့်ထားတဲ့ အိမ်ခြံမြေ ကိစ္စပဲလို့ တွက်ဆပြီး အား ရဝမ်းသာ ဖုန်းကို ဖွင့်လိုက်ပါ တယ်။ ''ဟဲလို အမိန့်ရှိပါခင်ဗျာ'' ''ဟဲလို၊ ဖုန်းနံပါတ် ဝ၉၅ဝ၆၉၈ ကပါလားရှင်'' ''ဟုတ်ပါတယ်ခင်ဗျာ'' ''ဈေးကွက်ဂျာနယ်ထဲမှာ ရောင်းမယ်ဆိုတဲ့ ကြော်ငြာလေး တွေ့ လို့ပါ'' ''ဟုတ်ကဲ့၊ ဘာများသိချင်ပါ သလဲ'' ''တောင်ဥက္ကလာပ ၅ ရပ်ကွက် နော်'' ''ဟုတ်ကဲ့ပါ'' ''အကျယ်က ၂ဝ x ၆ဝ နော်'' ''ဟုတ်ကဲ့ပါ'' ''ဘာနဲ့ နီးလဲဟင်'' ''နန္ဒဝန်ဈေးနဲ့ နီးပါတယ်'' ''ရေ၊ မီးကောပါလားဟင်'' ''ဟုတ်ကဲ့ ပါပါတယ်'' ''ဈေးဘယ်လောက်ခေါ်လဲ ဦး'' ''.... သိန်းပါ'' ''အလျှော့ အတင်းတော့ ရှိသေး လားဟင်'' ''ရှိပါတယ်။ နည်းနည်းပါးပါး တော့ ရှိပါတယ်'' ''ဦးနာမည်လေး တဆိတ် လောက် ပြောပါလားဟင်'' ''နေပါဦးသမီးရဲ့။ သမီးက ဝယ်မယ့်သူလား။ အကျိုးဆောင် လား'' ''သမီးက အိမ်ခြံမြေ အကျိုး ဆောင်ကပါ'' ''သြော် အကျိုးဆောင်ကလား။ အကျိုးဆောင်ခတော့ ဝမ်းပါဆင့်ပဲ ပေးလို့ရမှာနော်သမီး'' ''သြော်ဟုတ်လား'' ''ဂွပ်''ဆိုတဲ့ တစ်ဘက်က ဖုန်းချသံကို ကြားလိုက်ရပါတယ်။ ခုတစ်လော ဒီလိုဖုန်းတွေ တစ် နေ့သုံး၊ လေးကြိမ်လောက် လာတတ် ပါတယ်။ မိတ်ဆွေအပေါင်းအသင်း တစ်ယောက်နဲ့ပတ်သက်ပြီး အိမ်၊ ခြံ၊ မြေ ကိစ္စလေးတွေ ကူညီလုပ်ကိုင်ပေး ရင်း အရောင်းကြော်ငြာတွေမှာ ကိုယ့် ရဲ့ ဖုန်းနံပါတ်ကို ထည့်သုံးမိလို့ပါ။ အရောင်းအဝယ်ဖြစ်သွားရင် ပွဲခလေး ဘာလေးရလိုရငြားပေါ့။ တစ်ခါတစ်ရံ ဝေစားတတ်တဲ့ အကျိုးဆောင်မျိုးနဲ့ ဆိုရင် တစ်ကျပ်လောက်တော့ ရ တတ်ပါတယ်။ ဒါပေမယ့် ခုတစ် လော ဒီဖုန်းသံတွေကြောင့် အားမလို အားမရဖြစ်မိပါတယ်။ တကယ်တော့ အသံကြောင့်မဟုတ်ပါဘူး။ အပြော ကြောင့်ပါ။ ဒီထက်ပိုပြောရရင် ထိရောက်မှုမရှိတဲ့ ဆက်သွယ်မှု ညံ့ ဖျင်းတဲ့ဆက်သွယ်မှု Poor Communication ကြောင့်ပါ။ ကျွန်တော် တို့တွေ အလုပ်လုပ်တဲ့နေရာမှာ ဘယ် အလုပ်ပဲလုပ်လုပ် ကျွမ်းကျင်မှုရှိဖို့၊ ပရို -Pro ပီသဖို့ လိုနေပါသေးတယ်။ ကျွမ်းကျင်မှုမရှိတဲ့အတွက် အချိန် တွေကုန်တယ်။ စွမ်းအားတွေ ပြုန်း တီးတယ်။ ငွေကုန်တယ်။ ဘာမှ အကျိုးမရှိနိုင်ပါဘူး။ ဒီအတွက် ဝေဒနာစိတ်ကလေးနဲ့ ဒီဆောင်းပါး ကိုရေးဖြစ်တာပါ။ ဖူးစာဖက်အကျိုးဆောင် ဒီဘက်ခေတ်မှာ ဆက်သွယ်ရေး စနစ်တွေ တိုးတက်ကောင်းမွန်လာ တဲ့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ လဲ တွင်ကျယ်လာပါတယ်။ နေရာ တိုင်းမှာ ဝန်ဆောင်မှုလုပ်ငန်းတွေ ကုမ္ပဏီတွေ အလျှိုလျှိုပေါ်ပေါက်လာ ပါတယ်။ ဝန်ဆောင်မှုနဲ့ပတ်သက်လာ လို့ ဟိုတစ်လောက လှည်းတန်း ဘက် မိတ်ဆွေအမျိုးသမီး တစ်ယောက်ရဲ့ အိမ်သစ်တက် မင်္ဂလာ ပွဲမှာ ကြုံခဲ့ရတာလေးကို ရေးပါရ စေဦး။ အိမ်ရှင်က တည်ခင်းကျွေး မွေးတဲ့ စားစရာတွေကို သုံးဆောင် ပြီး လုပ်ငန်းကိုင်ငန်းအကြောင်းတွေ ဟိုစစ၊ ဒီစစ ပြောကြရင်း အိမ်ရှင်ရဲ့ အစ်မဖြစ်သူက သူ့လုပ်ငန်းအကြောင်း ကို အားရပါးရ ပြောပြပါတယ်။ ပြောရုံတင်မက အသင့်ပါလာတဲ့ ဓာတ်ပုံအထောက်အထားတွေကိုပါ ထုတ်ပြပါတယ်။ ဒီတော့မှ ဖူးစာဖက် အကျိုးဆောင်မှန်းသိလိုက်ရပါတယ်။ ဒါမျိုးက နိုင်ငံရပ်ခြားမှာပဲ ကြားဖူး ပါတယ်။ တိုးတက်လာတဲ့ ဒီခေတ် ကြီးမှာ တချို့လူငယ်တွေက ပညာ ရေးအတွက်လုံးပန်းရင်း ချစ်ရေး ကြိုက်ရေးတွေဘက်ကိုအာရုံမရောက် ဖြစ်တဲ့အကြောင်း၊ ပညာစုံလို့ အလုပ် ခွင်ဝင်ရပြန်တော့ အားချိန် နားချိန် ကနည်းတဲ့အကြောင်း၊ အိမ်ထောင် ရေးဘက်မှာ အာရုံရောက်လာတဲ့အခါ ကျပြန်တော့ အရွယ်က ခပ်ဟိုင်းဟိုင်း ဖြစ်လာတဲ့အကြောင်း၊ ဒီအတွက် အပြင်ထွက်ပြီး အိမ်ထောင်ဖက်ရှာ ဖို့လဲ အခက်အခဲရှိကြောင်း၊ ဒီ အကြောင်းကြောင်းတွေကြောင့် တချို့ဆိုရင် ရုပ်ရည်ရော၊ ပညာရော၊ အသိုင်းအဝိုင်းရောရှိကြတဲ့ သူတွေ တောင် အိမ်ထောင်မပြုဖြစ်ကြ ကြောင်း၊ ဒီအတွက် မိဘတွေက အကူအညီတောင်းတာတွေရှိလာတဲ့ အတွက် ဖူးစာဖက် အကျိုးဆောင် အလုပ်ကို လုပ်ဖြစ်တဲ့အကြောင်းကို အကျယ်တဝင့်ရှင်းပြပါတယ်။ သူမ လုပ်နိုင်တဲ့အလုပ်၊ ကူညီနိုင်တဲ့ အကူ အညီကို သူများတွေ နားလည် လက် ခံအောင် ဆက်သွယ်ပြောဆိုနိုင်တဲ့ အကျိုးဆောင်ကောင်း တစ်ယောက် မှန်း အကဲခတ်လိုက်မိပါတယ်။ သူမ ကိုယ်တိုင်က အပျိုကြီးဖြစ်ပြီး ဒီအချိန် ထိ သူမအောင်သွယ်ပေးခဲ့တဲ့ စုံတွဲတွေက သာယာချမ်းမြေ့စွာနဲ့ ဘဝခရီးကို လျှောက်လှမ်းနေကြတာ ကိုမြင်ရတော့ စိတ်ချမ်းသာကြောင်း တွေကိုပါ အားတက်သရော ပြောပြ ပါတယ်။ ခုလက်ရှိမှာတောင် အမေရိ က ရောက်နေတဲ့ အမျိုးသားတစ် ယောက်က ဆရာဝန်မလေးလိုချင် တယ်ဆိုလို့ ကြိုးစားပေးနေရတယ် ဆိုပြီးပြောပါတယ်။ ဒီတော့မှ ကျွန် တော်တို့မြန်မာတွေလဲ ကမ္ဘာ့ရွာကြီးထဲ သို့ ဝင်ရောက်သွားပြီလို့ တွေးလိုက် မိပါတယ်။ ဒီလောက်ထိ ခေတ်ရှေ့ ကို ပြေးပြီး ရေပန်းစားလာတဲ့ ဝန် ဆောင်မှုပါ။ ဒီလို အရေးပါလာတဲ့ ဝန်ဆောင်မှုကို ဒီအချိန်အထိ ဖြစ် ကတတ်ဆန်း လုပ်နေကြတဲ့ လုပ် ငန်းရှင်တွေလဲ အများကြီးပါပဲ။ ဖူးစာ ဖက် အကျိုးဆောင် အပျိုကြီးက တော့ သူမ ဘာလုပ်တတ်တယ်။ သူမ လုပ်ငန်းက လူတွေကို ဘယ် လိုအကျိုးပြုတယ်။ ဒီလုပ်ငန်းအပေါ် သူမရဲ့ ခံစားချက်၊ သူမလုပ်ငန်းရဲ့ အောင်မြင်မှုတွေကို ကိုယ်ကျိုးအတ္တ မပေါ်လွင်စေဘဲ သတင်းပေးသွားတာ အတုယူစရာပါပဲ။ မားကက်တင်း လုပ်ငန်းကို ဆယ်စုနှစ်နီးပါး လုပ်ကိုင် နေတဲ့ ကျွန်တော်လဲ အတော်လေး ပညာရလိုက်ပါတယ်။ ဝန်ဆောင်မှုဆိုတာ တကယ်တော့ ဝန်ဆောင်မှုဆို တာ လူတစ်ဦးတစ်ယောက်ကနေ သူတစ်ပါးကို ပေးနိုင်တဲ့ သီးခြား ကျွမ်းကျင်မှု ဒါမှမဟုတ် The Particular Skills of Help that a person is able Offer ကိုဆိုလိုတာ ပါ။ ဒီနေရာမှာ သီးခြားကျွမ်းကျင်မှု Particular Skills ဆိုတာ ကိုယ်က ဘာလုပ်တတ်သလဲ။ ဘာကို ကျွမ်း ကျွမ်းကျင်ကျင် တတ်မြောက်သလဲ။ ကိုယ်ဘာကို လုပ်ပေးနိုင်သလဲဆိုတဲ့ သဘောပါ။ ဝန်ဆောင်မှုမှာ ကိုယ်လုပ် ပေးနိုင်တာကို သူတစ်ပါးသိအောင် လုပ်ရတာ။ သူတစ်ပါးလိုချင်တာကို ကိုယ်သိအောင်လုပ်ရတာတွေဟာ အခြေခံသဘောပါပဲ။ ဒီလို သိနိုင်ဖို့ အတွက် အဓိကကျတဲ့ လုပ်ငန်းစဉ် ဟာ ဆက်သွယ်ခြင်းပါ။ ထိရောက် တဲ့ဆက်သွယ်ခြင်းဟာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အတော်ကို အရေးပါ ပါတယ်။ ဒီအတွက်ထိရောက်တဲ့ ဆက်သွယ်ခြင်း Effective Comm-unication ဆိုတာကို နည်းနည်းလေး တင်ပြချင်ပါတယ်။ ထိရောက်တဲ့ ဆက်သွယ်ခြင်း ဆက်သွယ်ခြင်းရဲ့ သဘောက သတင်းအချက်အလက်တွေကို ဖလှယ် ကြတာပါပဲ။ ဒါပေမယ့် ထိ ရောက်တဲ့ ဆက်သွယ်ခြင်းဆိုတာက တော့ သတင်းအချက်အလက်တွေကို ဖလှယ်ရုံသက်သက်မဟုတ်ပါဘူး။ သတင်းရဲ့ နောက်ကွယ်မှာရှိတဲ့ စိတ် ခံစားချက်တွေကို နားလည်သဘော ပေါက်ပြီး အကျိုးရလဒ်ကောင်းတွေ ကို ရရှိစေတဲ့ ဆက်သွယ်မှုဖြစ်မှသာ ထိရောက်တဲ့ ဆက်သွယ်မှုလို့ ခေါ် နိုင်ပါတယ်။ ကျွန်တော်က ရောင်း မယ်ဆိုတဲ့ သတင်းတစ်ခုကို ပေး လိုက်တယ်။ ဒီသတင်းကို ရပြီးတော့ ကျွန်တော့်ဆီကို ဆက်သွယ်လာကြ တဲ့ အိမ်ခြံမြေ အကျိုးဆောင် တော် တော်များများဟာ အရင်ဦးဆုံး သူတို့ ဘယ်ကမှန်း၊ ဘာတွေကို လုပ်ပေး နိုင်မှန်း မပြောပြတတ်ကြပါဘူး။ ပြီး တော့ ဒီသတင်းကိုပေးတဲ့ ကျွန်တော့် အနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားတွေရှိမှန်း သိ အောင် မကြိုးစားချင်ကြဘူး။ ဒီလို သိဖို့ဆိုတာ ကျွန်တော် ပြောတာကို နားထောင်ဖို့လိုပါတယ်။ နားထောင်ခြင်းဟာ ထိရောက်တဲ့ ဆက်သွယ်ခြင်းမှာ အရေးပါတဲ့ စွမ်း ရည်တစ်ခုပါပဲ။ တော်တော်များများ ကတော့ သူတို့လိုချင်တဲ့ အချက် အလက်တွေကို မေး၊ ပြီးတော့ သတင်းပေးသူရဲ့ နာမည်ကို ရယူဖို့ ကြိုးစားကြပါတယ်။ ဘာမှ အလုပ် မဖြစ်ဘဲ နောက်ဆုံးတော့ ဖုန်းခပို ကုန်တာပဲ အဖတ်တင်ပါတယ်။ ဒါတွေဟာ အသေအချာ သင်ယူလေ့ ကျင့်မထားတဲ့အတွက်ဖြစ်ရတာပါ။ ဒီလိုမျိုး ဆက်သွယ်လာမှုတွေ ကို လက်ခံနားထောင်ပေးရင်း ဒါတွေ ဘာကြောင့်ဖြစ်ရတာလဲလို့ သုံးသပ် ကြည့်မိပါတယ်။ လူတစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါ အဓိကဖြစ်တဲ့ ပြဿနာကတော့ စိတ် ပိုင်းဆိုင်ရာ ပြဿနာ The Basic Problem in Communication is Mentality ပါပဲ။ ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှာ ပထမ ပြဿနာက တော့ တစ်ကိုယ်ကောင်းဆန်ခြင်း Selfishness ပါ။ ကိုယ့်အတွက် ကိုယ့် မိသားစုအတွက်၊ ကိုယ့်မိဘ ညီအစ်ကို မောင်နှမတွေအတွက် ကိုယ်နဲ့ သိကျွမ်းရင်းနှီးသူတွေအတွက် ဆိုတဲ့ စိတ်မျိုးနဲ့ ဆက်သွယ်ပြောဆို တာမျိုးဟာ တစ်ကိုယ်ကောင်းဆန် တာပါပဲ။ နောက်ဒုတိယ တစ်မျိုးက တော့ လူတစ်ဘက်သားနေရာကနေ မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့၊ ကိုယ့်ကိုယ်ကိုပဲ ဗဟို ပြုတတ်တဲ့ Self - Centeredness စိတ်အခြေအနေမျိုးပါ။ ဥပမာအနေနဲ့ ပြောရရင် လူဘုံအလယ်မှာ ဆေးလိပ် သောက်တတ်တဲ့ လူတစ်ယောက်ရဲ့ စိတ်အခြေအနေမျိုးပါ။ နောက် တတိ ယမျိုးဆက်ကတော့ မာနစိတ်၊ ဘဝင် မြင့်တဲ့စိတ် Arrogance ပဲဖြစ်ပါ တယ်။ ဒီလိုလူတွေရဲ့ စိတ်အခြေ အနေကတော့ ဘယ်သူဘာပြောပြော ငါပြောတာပဲ အမှန်ဆိုတဲ့ အခြေအနေ မျိုးပါ။ အမေမှာခဲ့ပေမယ့် တစ်ဘက်သားနဲ့ ဆက်ဆံပြော ဆိုတဲ့အခါ အထက်မှာဖော်ပြခဲ့တဲ့ စိတ်အခြေအနေ တစ်မျိုးမျိုးကြောင့် တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ လွဲ မှားပြီး လုပ်ငန်းထမြောက် အောင်မြင် မှုကို ထိခိုက်စေတတ်ပါတယ်။ တစ် နည်းပြောရရင် ဖောက်သည် ကောင်း တွေကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ ကြောင့် ဒီကြော်ငြာလေး ထည့်ပြီး နောက် ဖုန်းတွေ ဆက်တိုက် လာ ကတည်းက ဒီဆောင်းပါးကို ရေးချင် နေတာပါ။ ယှဉ်ပြိုင်မှုတွေ များလွန်း လှတဲ့ ဒီခေတ်ကြီးထဲမှာ ဘယ် အလုပ် မှ ပေါ့ပေါ့တန်တန် မလုပ်စေချင် ပါ ဘူး။ ပြီးတော့ အရပ်စကားရှိပါ တယ်။ အမေမှာရင် မှာတဲ့အတိုင်း ဆိုတဲ့စကားပါ။ အမေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီလိုမလုပ်နဲ့၊ ဒီလို မကိုင်နဲ့ လို့ မှာခဲ့ပေမယ့် ဒီအချိန် မှာ ဒီလိုလုပ်မှ အကျိုးရှိနိုင်မယ်ဆိုရင် အမေမမှာခဲ့ပေမယ့် လုပ်ရမှာပါ။ ကာလ ဒေသ ပယောဂတွေကြောင့် အခြေအနေတွေက ပြောင်းလဲတတ် ပါတယ်။ အခြေအနေနဲ့အတူ လိုက်ပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားရမှာပါ။ ဝန်ဆောင်မှုရဲ့ အနှစ်သာရ ဒီဆောင်းပါး လက်စမသတ်ခင် တစ်နေ့မှာပဲ ဖုန်းဝင်လာပါတယ်။ ဝင် လာတဲ့ ဖုန်းနံပါတ်ကိုကြည့်ပြီး စိတ် မပါ့တပါနဲ့ပဲ ဖုန်းကို ကောက်ကိုင် လိုက်ပါတယ်။ ''ဟဲလို'' ''ဟဲလို ဖုန်းနံပါတ် ဝ၉၅ဝ၆၉၈ ကပါလားရှင်'' ''ဟုတ်ပါတယ်ခင်ဗျာ'' ''သမီးက ... အိမ်ခြံမြေ အကျိုးဆောင်ကပါ။ ဦးရဲ့ တောင် ဥက္ကလာပ ၅ ရပ်ကွက်ထဲက ၂ဝပေx ၆ဝပေ မြေကွက်လေး ရောင်းဖို့ ဈေး ကွက်ဂျာနယ်ထဲမှာ ကြော်ငြာထား တာတွေ့လို့ပါ'' ''ဟုတ်ကဲ့ပါ။ ဘာများသိချင် ပါသလဲ'' ''ဦးက ပိုင်ရှင်ပဲလားရှင်'' ''ဦးမိတ်ဆွေရဲ့ မြေကွက်ပါ။ ဦးကိုယ်တိုင် ဝယ်ပေးထားတာမို့ ဦးက ကူညီပေးတာပါ'' ''သမီးတို့ အကျိုးဆောင်ပေးလို့ ရမလားလို့ သိချင်လို့ပါဦး။ သမီးတို့ ဆီမှာ ဝယ်လက်ရှိနေလို့ပါ'' ''ဟုတ်လား။ ရပါတယ်။ ဒါ ပေမယ့် အကျိုးဆောင်ခကတော့ ဝမ်း ပါဆင့်ပဲပေးလို့ရမယ်သမီး'' ''ရပါတယ် ဦး။ ဈေးဘယ် လောက်ခေါ်ထားပါသလဲ'' ''.... သိန်းပါ'' ''အလျှော့အတင်းကော ရှိသေး လားဦး'' ''ရှိပါတယ်'' ''ကျန်တဲ့အချက်အလက်တွေ က ကြော်ငြာထဲကအတိုင်းပဲနော်ဦး'' ''ဟုတ်ကဲ့ပါသမီးရယ်'' ''အဲဒါဆို ဝယ်လက်ကို ပြော ပြပြီး ကြည့်မယ်ဆိုရင် ဦးဆီကို ဖုန်း ပြန်ဆက်ပါ့မယ်။ ဦးနာမည်လေး တစ်ဆိတ်လောက် ပြောပေးပါလား'' ''ဦး ... ပါ'' ''ကျေးဇူးပါဦး။ သမီးကြည့်ဖြစ် မယ်ဆိုရင် ဒီဖုန်းပဲ ပြန်ဆက်လိုက် ပါမယ်'' ''ဟုတ်ကဲ့ပါ။ ကျေးဇူးတင် ပါတယ်'' ဒီတစ်ခါဖုန်းဆက်လာတဲ့ သမီး လေးရဲ့ ဆက်သွယ်မှုအရည်အချင်းက အရင်သမီးလေးရဲ့ အရည်အချင်းတွေ နဲ့ အတော့်ကို ကွာပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တစ်ဘက်လူရဲ့ လိုအင်ဆန္ဒကို အရင်သိအောင် ကြိုး စားပြီးမှ သူဘာလုပ်ပေးနိုင်တယ်ဆို တာ တစ်ဘက်လူကို အသိပေးပါ တယ်။ မိမိဘက်က ဝယ်လက် အခြေ အနေကိုလဲ သိပုံရပါတယ်။ ဝယ်လက်က တကယ်ဝယ်မယ့် အခြေအနေမျိုးဆိုရင် ဝမ်းပါဆင့်လဲ မဆိုးဘူးလေ။ အရောင်းအဝယ် သဘောအရ အခြေအနေပေါ်မူတည် ပြီး မီးစင်ကြည့်ကရမှာပဲ မဟုတ် လား။ ဒီလိုပါးနပ်လိမ္မာတဲ့ အကျိုး ဆောင်းမျိုးဖြစ်ဖို့ လိုပါတယ်။ ဝယ် လက် လာကြည့်ဖြစ်တာ၊ မဖြစ်တာ ခဏထားဦး၊ လောလောဆယ်တော့ လက်ခံစကားပြောပေးရတဲ့ ကျွန်တော့် ကို စိတ်ချမ်းသာမှုရစေတာ အမှန် ပါပဲ။ ဒါဟာ ဝန်ဆောင်မှုလုပ်ငန်း ရဲ့ အနှစ်သာရ ပဲဖြစ်ပါတယ်။ ဒါကြောင့် အိုင်တီ ခေတ်လို့ြေ<ွကးကြော်နေကြတဲ့ ၂၁ ရာစုခေတ် ထဲမှာ မြန်လွန်းလှတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကြောင့် ဝင်ငွေ စီး ကြောင်းတွေ ကိုယ့်ဆီကို ဒလဟော ဝင်ရောက်လာနိုင်သလို နေ့ချင်း ညချင်း ကျရှုံးသွားကြတာလဲ ဒုနဲ့ ဒေးပါပဲ။ အဓိက အချက်ကတော့ ဆက်သွယ်မှုစွမ်းရည်ပါ။ ဆက်သွယ် မှုစွမ်းရည်တိုးတက်အောင် အဆက် မပြတ်လေ့လာသင့်ယူနေဖို့လိုအပ်ပါ တယ်။ ကျွန်တော်တို့အားလုံး လိုအပ် တာတွေကတော့ အတော်များပါ တယ်။ ဒါပေမယ့် အရေးကြီးတာကို အရင်လုပ်လိုက်ရင်တော့ အကောင်း ဆုံးပါပဲ။ အချိန်နဲ့အမျှ လုပ်ဆောင် နေကြတဲ့ လူလူချင်း ဆက်သွယ်ရေး စွမ်းရည်တွေပိုမိုတိုးတက်လာဖို့အတွက် ဒီထက်မကပိုပြီးကြိုးစားကြပါစို့။
                                                                                                                                     စံဝင်းထွန်း
 ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။ 

ရှေးပုဂံခေတ် ပေါင်းကူးနည်းပညာ






 























ဓာတ်ပုံ Khin Maung Win AP
Typical Vaulting technique in Bagan

မြန်မာ့အမွေအနှစ်တခုဖြစ်တဲ့ ပုဂံဒေသ ရှေးဟောင်း အဆောက်အဦး လက်ရာတွေမှာ ဘယ်လို ထူးထူးခြားခြား ကွဲပြားတဲ့ နည်းပညာမျိုး သုံးပြီး တည်ဆောက်ထားတယ် ဆိုတာကို ပြောပြမှာပါ။


မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကမ်းနဖူးပေါ်က ပုဂံဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်လောက်က ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီး လက်ထက်ကစပြီး ဆောက်လုပ်ခဲ့ကြတဲ့ အဆောက်အဦးတွေကို အံ့မခန်း တွေ့နေကြရပါတယ်။


မြန်မာ့လက်ရာတွေဟာ အာရှဒေသမှာ အိန္ဒိယ ဟိန္ဒူ နွယ် ယဉ်ကျေးမှု လက်ရာအဖြစ်နဲ့ သတ်မှတ်ထားသလို အနုပညာနဲ့ ပိသုကာ ပညာမှာ ဆင်ဆင်တူပေမယ့် ထူးခြားတဲ့ နည်းစံနစ်မျိုးကို သုံးထားတာ တွေ့ရတယ်လို့ ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။



“ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာပြည် နောက်ပြီး အိန္ဒိယ နောက် သီရီလင်္ကာ ပေါ့လေ။ အဲဒီအုပ်စုကြီး တခုလုံးကို ထေရ၀ါဒ ယဉ်ကျေးမှု အုပ်စုပေါ့။ သူက ဘာသာရေးနဲ့တင် မဟုတ်ပဲနဲ့ နည်းပညာ technology အားဖြင့်ဖြစ်စေ။ အနုပညာ art နဲ့ ဗိသုကာပညာ architecture  အရလည်း အုပ်စုဖွဲ့လို့ရပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု အကြီးအကျယ်တော့ တရုတ်နဲ့ မြန်မာ မတွေ့ရဘူး။ နဲနဲပါးပါး တချို့တလေ ဥပမာ စဥ့်လုပ်တဲ့ ကိစ္စလေးတွေ၊ glazing လို့ခေါ်တာပေါ့။ အဲဒါလေးတွေ သွားတွေ့ရပါတယ်။ ဒါကလည်းပဲ တိတိကျကျ တရုတ်ဆီက လာတယ်လို့ ပြောလို့ မရပါဘူး။


အခြေခံကစပြီးကြည့်ရင် အုတ်ဖုတ်တဲ့ နည်းကအစ အကုန်လုံး ဒီတလျောက်မှာ မြန်မာ က သရေခေတ္တရာ အပါအ၀င်ပေါ့ ပုဂံရဲ့ အထူးသဖြင့်  နည်းပညာ technology အားဖြင့်ထူးခြားချက်ကတော့ အင်္ဂလိပ်လို  vaulting လို့ခေါ်ပြီးတော့ မြန်မာလိုတော့  ပေါင်းကူးတယ်လို့ ခေါ်တာပေါ့။ အဲဒီပေါင်းကူးတဲ့ နည်းပညာက အိန္ဒိယမှာရော၊ ဒီနားတ၀ိုက်မှာ ရှိတဲ့ အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာပါ မတွေ့ရပဲနဲ့ မြန်မာပြည်မှာ လာပြီး တွေ့ရတယ်”


ပုဂံမှာ သုံးတဲ့ ပေါင်းကူးတည်ဆောက်နည်းဟာ ဥရောပနိုင်ငံတွေမှာသုံးတဲ့ နည်းနဲ့ ကွာပါတယ်။ အဆောက်အဦးတွေမှာ ကာလကြာမြင့်စွာ တည်တန့်နိုင်မယ့် အမိုးအတွက် ရှေးမြန်မာတွေ ဘယ်လို စီမံခဲ့ပါသလဲ။ ဒီပေါင်းကူးအမိုးဟာ ပုဂံတည်ဆောက်ရေးအတွက် ဘယ်လို အရေးပါတာ ပါလဲ


“vaulting ကဘယ်လိုအရေးကြီးလဲ ဆိုရင် ဥပမာ အခန်းတခန်းဆောက်မယ်ဆိုရင် နံရံ လေးခုကို ဆောက်လိုက်တာက ကျောက်တွေကို အုတ်တွေကို စီလိုက်လို့ရှိရင် လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီနံရံကို ဘယ်လို မိုးမလဲဆိုတဲ့ ပြဿနာတခု တက်လာပါတယ်။ ဒါက ဟိုးသမိုင်းတလျောက်မှာ နှစ်ပေါင်း သုံးလေး ငါးထောင် လောက်ကထဲက စပြီးတော့ ကြုံခဲ့ရတဲ့ ပြဿနာပါ။ အီဂျစ်သားတွေလည်း ဒီပြဿနာ တက်ခဲ့တာပါပဲ။


ဘယ်လို မိုးမလဲဆိုတဲ့ ပြဿနာက အခုခေတ်လို ဒါမှမဟုတ် မြန်မာတွေရဲ့ ထုံးစံ အတိုင်း သစ်သားနဲ့ ၀ါးနဲ့ သက်ကယ်နဲ့ မိုးလိုက်တာကတော့ လွယ်တာပေါ့။ သို့သော် ဘုရားတို့လို ကြာရှည်ခံချင်တဲ့ ဘာသာရေး အဆောက်အဦးတို့ကို ဆောက်မယ်ဆိုလို့ ရှိရင် ကြာရှည်ခံမယ့် ပစ္စည်းကို သုံးတော့မှာကိုး။ ဆိုတော့ အဲဒီမှာ ဘယ်လိုမိုးမလဲ ဆိုတာက ပြဿနာပေါ်လာတာပေါ့။


ဒီပြဿနာကို ဟိန္ဒူ ဗုဒ္ဓယဉ်ကျေးမှုက ၂မျိုးဖြေရှင်းတယ်ပေါ့။ တမျိုးက ကျောက်အကြီးကြီးတွေကို stone beam လို့ခေါ်တဲ့ ကျောက်ထုတ် တန်း အကြီးကြီးတွေ ရအောင် လှီးပြီးတော့ တင်ယူရတယ်။ ဆိုတော့ ကျောက်ကြီးတွေကို သွားပြီးတော့ တောင်ကနေခွဲထုတ်ရမယ်။  နောက်တခါ သင့်လျော်သလို ထုတ်တန်းရအောင် လှီးထုတ်ရမယ်။ ဒါ့အပြင် အရင်ခေတ်က ကရိန်းလို မတဲ့ကရိယာတွေ မရှိပဲနဲ့ အပေါ်ကို တင်ယူရမယ်ဆိုတဲ့  ရတော့ရတယ် ဒါပေမယ့် အင်မတန်ကို ပင်ပမ်းတဲ့ ပြဿနာပါ။


စောစောက ပေါင်းကူးတဲ့နည်းကတော့ လွယ်တာပေါ့လေ။ သူက တဖက်ကနေ အုတ်ကို စက်ဝန်းပုံ radially စီသွားတယ်။ နောက်တဖက်ကလည်း စီလာပြီးတော့ အဲဒီ၂ခုက လမ်းမှာ ဆုံတယ်ပေါ့။ အဲဒီအပေါ်ကနေပြီးတော့ keystone လို့ခေါ်တဲ့ ခေါင်ချုပ်ဖြစ်တဲ့ကျောက်နဲ့  အပေါ်ကနေ ဖိထားတယ်ပေါ့။ အဲဒီနည်းကတော့ လွယ်ပြီးတော့ မြန်မြန်ဆန်ဆန် ပြီးတဲ့ နည်းပေါ့။


ဒီပညာကို သရေခေတ္တရာမှာ တွေ့ရတယ်။ ပုဂံမှာတွေ့ရတယ်။ ပုဂံနဲ့ တပြိုင်ထဲမှာ ဆောက်တဲ့ ပခန်းကြီးတို့ ကျောက်ဆည်တို့ အနားတ၀ိုက်မှာလည်းပဲ တွေ့ရှိရပါတယ်။


ဒါကိုတွေ့ရှိခြင်းဟာ ပုဂံမှာ ဘုရားပေါင်း လေးထောင် ငါးထောင်လောက်ကို နှစ်ပေါင်း သုံးရာလောက် အတွင်းမှာ ဆောက်သွားနိုင်တယ် ဆိုတဲ့ ထူးခြားချက်ပေါ့။ ကျွန်တော်တို့ အာရှဒေသတ၀ိုက်မှာ ဒီလို အများကြီး စုပြုံပြီး တွေ့ရတဲ့ နေရာရယ်လို့ ပုဂံကလွဲပြီး မတွေ့ရပါဘူး”

စေတီပုထိုးပေါင်း ထောင်နဲ့ချီပြီး ရှိတဲ့ ပုဂံကဆောက်လုပ်ရေး နည်းပညာဟာ ဒေသတွင်းက ကမ္ဘာကျော် အန်ကောဝပ် တည်ရှိတဲ့ ကမ္ဘောဒီးယား နဲ့ ဗောဓေါဗုဒု တည်ခဲ့တဲ့ အင်ဒိုနီးရှား ဒေသက နည်းစံနစ်တွေနဲ့ ဘာကွာပါသလဲ

“အင်ကော်ဝပ်ရဲ့ နည်းပညာ technology နဲ့ ပုဂံ ကျွန်တော်တို့ မြန်မာတွေရဲ့ နည်းပညာက လုံးဝ ကွားခြားပါတယ်။ ဗောဓေါဗုဒု နဲ့လည်း ကွာခြားပါတယ်။ ဗောဓေါဗုဒု က သဘာဝကျောက်ကို သုံးပါတယ်။ အင်ကော်ဝပ်ကလည်း သဘာဝကျောက်ကို သုံးပါတယ်။


ကျွန်တော်တို့ ပုဂံမှာ သဘာဝကျောက်ကို သုံးတယ် ဆိုတာက အတော်လေး ရှားပြီးတော့ သဘာဝကျောက်နဲ့ လုံးဝကြီးဆောက်သွားတာ သို့မဟုတ် အများအားဖြင့် ဆောက်သွားတာဆိုလို့ ဘုရားက ရွှေစည်းခုံရှိတယ်၊ နောက် နန်းဘုရားရှိတယ်။ ကျောက်ဂူဥမင်ရှိတယ်။ အဲဒီလို သုံးလေးဆူ လောက်ပဲရှိပါတယ်။  အများစုကတော့ အုတ်နဲ့ပဲ ဆောက်တယ်။

အုတ်သုံးတဲ့ အကျိုးက ဘာလဲဆိုတော့ သူက မြန်မြန်ဆန်ဆန်ပြီးတယ်။ များများ ဆောက်လို့ရတယ်။ နောက် သယ်ရပြုရတာ လွယ်တယ်ပေါ့။ ဒါ့ကြောင့် ပုဂံမှာ ဘုရားတွေကို မှတ်တမ်းမှတ်ရာ စာပေအရ ကျောက်စာအရ တချို့ဘုရားတွေဆို ၆လ ရလလောက်နဲ့ ပြီးသွားတာ တွေ့ရပါတယ်။  တော်တော်ကို ကြီးကျယ်ခန်းနားတဲ့ အာနန္ဒာ အင်မတန်မှလည်း လက်ရာကောင်းလှတဲ့ အာနန္ဒာ ဆိုလို့ရှိရင် တနှစ်ပဲ တည်ပါတယ်။

တဖက်ကနဲ့ ပြန်ပြီး ယှဉ်ပြောမယ်ဆိုရင် အင်ကောဝပ်ဟာ သူတို့ ပညာရှင်တွေ တွက်ချက်အရဆိုရင် နှစ်ပေါင်း ၃၉နှစ်လောက် ကြာပါတယ်။ လူပေါင်းကလည်း သောင်းနဲ့ချီ ပြီး သုံးရပါတယ်။ ကျွန်တော်တို့မှာ လူပေါင်း ဘယ်လောက်သုံးထားတယ် ဆိုတာ မှတ်တမ်းမှတ်ရာတွေ တိတိ ကျကျ မရှိပေမယ့် ပါဝင်ဆောင်ရွက်တဲ့ တချို့လူတွေ ရေးထားတာကို ကြည့်ခြင်းအားဖြင့်တော့ ဘုရားတဆူကို တနှစ်ပတ်ဝန်းကျင်လောက်ပဲ တည်ပြီးတော့ သုံးတဲ့လူတွေကလည်းပဲ skill labor လို့ခေါ်တဲ့ တတ်ကျွမ်းတဲ့လူတွေ ပဲ သုံးသွားပါတယ်။ လူကို သောင်းနဲ့ချီပြီး မသုံးပါဘူး။ ကျွန်တော်ထင်တယ် လွန်ရောကျွံရော လေးငါးဆယ်ပဲ ရှိပါလိမ့်မယ်။ အဲဒါက ပုဂံမှာ ဘုရားတွေ အများကြီး တည်နိုင်ခဲ့တဲ့ အကြောင်းရင်း တရပ်ပါပဲ”


အိန္ဒိယနွယ် ယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့ ရှေးပုဂံလက်ရာထဲက ပေါင်းကူးတည်ဆောက်ပုံမျိုးဟာ တရုတ်ပြည်မှာ သုံးလေ့ရှိပေမယ့် ဒီနည်းပညာကို တရုတ်ကနေ ရတာမျိုးမဟုတ်ဖူးလို့လည်း သုံးသပ်ပါတယ်


“တရုတ်က ဒါကိုဘယ်မှာသုံးလဲဆိုတော့ တံတားတွေမှာ သုံးတယ်။ နောက်ပြီး သူတို့မှာ underground chambers မြေအောက်ခန်းတွေ ရှိတယ်။ ဟိုးရှေးက တရုတ်တွေရဲ့ ယုံကြည်ချက်က အီဂျစ်တွေလိုပဲ တနေ့မှာ ပြန်ထမယ်လို့ ယုံကြည်မှုထင်တယ်။


သူတို့ မြေကြီးအောက်ထဲမှာ ချမ်းသာတဲ့လူတွေ ဆိုရင် အိမ်သဘောမျိုးပေါ့။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုဆောင် စသည်ဖြင့် ဟိုးမြေကြီးထဲမှာ ဆောက်ရင် အဲဒီ vault တွေနဲ့ ကာပြီးတော့ ပိတ်သွားပါတယ်။ သို့သော် ပုဂံက တရုတ်ဆီက နည်းပညာ ရခဲ့ဟန် မတူဘူး။ ကျွန်တော့စာအုပ် ထဲမှာ ရေးထားတာကတော့ အဲဒီနည်းပညာကို မြန်မာတွေက သရေခေတ္တရာမှာပဲ သူ့ဟာသူ တီထွင်ကြံဆ လာတယ်လို့ ကျွန်တော် စာအုပ် ထဲမှာ သက်သေပြထားပါတယ်”


ပုဂံဒေသရဲ့ အနုပညာနဲ့ ဗိသုကာ လက်ရာတွေကို သမိုင်းနောက်ခံနဲ့တကွ ဖေါ်ပြထားတဲ့ Arts and Architecture of Pagan with Historical Background ဆိုတဲ့ ၂၀၁၀ အမျိုးသားစာပေဆုရ (အင်္ဂလိပ်ဘာသာ) စာအုပ်ကို ရေးသားသူ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်ပါ။


Khin Myo Thet

သောကြာ, 20 ဇန်နဝါရီ 2012
VOA
http://www.voanews.com/burmese/news/science-technology/SicTec_Vaultiing_Technique_Pagan_01-20-12MT-137799513.html


‘ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်းလိုက်နာတယ် ဆိုတာ မှတ်ထားပါ’



by Myat Thi Ha on Tuesday, January 31, 2012 at 8:28pm
 
ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သောဗိုလ်ချုပ်အောင်ဆန်း (ရေးသူ-တက္ကသိုလ် နေဝင်း)


ထိုနေ့ကား ၁၉၄၆ စက်တင်ဘာ ၂၆ ရက်နေ့ပင်တည်း။
ထိုအချိန်မြန်မာနိုင်ငံသည်လွတ်လပ်ရေးမရသေး။ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (ဝန်ကြီးအဖွဲ့ Cabernet)ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိ အမည်ဖြင့် ဝန်ကြီးအဖွဲ့ကိုဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံမှာ အမည်ခံ ‘သဘာပတိ’ သာဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင်ကွပ်ကဲရသည်။
တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်အာဏာကို ရရှိထားပြီး ဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍သာ ဝန်ကြီးအဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းလမ်း (ယခုနတ်မောက်လမ်းသွယ်) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျနော့အားခေါ်၍ ၂ ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။
“ဟေ့ကောင်…..ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးဖြစ်လာပြီ။မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တစ်ရက် နှစ်ရက် အတွင်းပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါ အခုပြောနေတာတွေကို မင်း မြဲမြဲ မှတ်ထားစမ်း။အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်
မယ်။ဒီတော့ငါ့ရဲ့ဆွေမျိုးတွေ၊ငါ့မိန်းမဘက်ကအမျိုးတွေ၊ပြီးတော့မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေအားလုံးကို ဘယ်သူ့ကိုမှမတရားအခွင့်အရေးမပေးရဘူး။သူတို့အကူအညီတောင်းတာကိုလုပ်မပေးရဘူး။မင်းတို့အိမ်မှာ အားလုံးကို ပြောထားလိုက်၊ငါ အခုပြောတဲ့အတိုင်း မင်းမလိုက်နာရင် မင်းနဲ့ငါနဲ့ အသိပဲ”
ဤသို့လျှင် ဗိုလ်ချုပ်သည် ကျနော့အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။
ကျနော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီး ဒေါ်ခင်ကြည်ကိုလည်း………
“မမကြည်……အိမ်မှာ ချက်ဖို့ ဆန်မရှိရင် ကျနော့ကို ပြောပါ။ ကျနော်တို့ ရဲဘော်တွေ ကြံဖန်ပေးပါ့မယ်။ ဆန်အိတ်တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသားတွေကိုတော့ လုံးဝ လက်မခံပါနဲ့။ ဗိုလ်ချုပ်က ဒီအတိုင်း ကျနော့ကို ပြောထားလို့ပါ”
ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။
ထို့နောက် များမကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးနီးစပ်တော်သူအချို့ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က ‘အောင်ဆန်းဟာထောင်နှုတ်ခမ်း လျှောက်နေတဲ့ ကောင်ပဲ’ ဟုပြောတတ်ကြသည်။ယခုအစိုးရ အာဏာရလာမှ အခွင့်အရေး ရလိုရငြား လာကြခြင်းဖြစ်သည်။ကျနော်ကလည်းဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်းပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ဝါသနာပါပြီး အထူးကျွမ်းကျင်အောင်လေ့လာထားသကဲ့သို့ ကျနော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လို ပြောတတ်သည်။
၂၆-၉-၄၆ နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျနော့အားညွှန်ကြားချက် ပေးပြီးနောက်
“Remember that I practice what I preach! “
ဟု အင်္ဂလိပ်လို အဆုံးသတ်ခဲ့ပါသည်။အဓိပ္ပါယ်ကတော့……..
‘ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို
ငါကိုယ်တိုင်လည်းလိုက်နာတယ် ဆိုတာ မှတ်ထားပါ’


ဟူ၍ပင် ဖြစ်ပါသည်။
ိ ယင်းသို့၂၆-၉-၆၄နေ့ကဗိုလ်ချုပ်အင်္ဂလိပ်လိုပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။
ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ်နေ့စဉ် ရုံးထိုင်နေရပြီဖြစ်သည်။ ကျနော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျနော်လည်းဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာ ဝင်သွားရပါသည်။
တနေ့….မွန်းလွှဲ ၃ နာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ…
“ဟေ့…ဒီနေ့ညနေဘက်ငါတို့ချိန်းထားတဲ့ အစည်းအဝေး ရှိသေးသလား။တခြား ဘာကိစ္စတွေရှိသလဲ”
ဟှုဗိုလ်ချုပ်ကမေးသဖြင့် ကျနော်ကလည်း အသင့်ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ်ကိုကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။
“အစည်းအဝေး မရှိဘူး ဗိုလ်ချုပ်။တခြား ဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ည အားပါတယ်။”
“ဟုတ်လား…ဒါဖြင့် ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ။“
“ဘယ်ရုံက ဇာတ်ကား ကြည့်ချင်တာလဲ ဗိုလ်ချုပ်”
“ပလေဒီယံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ။”
“ဒီလိုဆိုရင် လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျနော်သိတယ်။ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်။”
ပြောပြောဆိုဆိုကျနော်သည်စားပွဲပေါ်ရှိ တယ်လီဖုန်းစကားခွက်ကိုကောက် ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့်တားပါသည်။
”ဘာလဲ….မင်းကရုံမန်နေဂျာကိုတယ်လီဖုန်းဆက်ပြီးမေတ္တ္တာလက်မှတ်တောင်းမလို့လား။မတောင်းရဘူး။ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ်ဝယ်ကြည့်ရမယ်။မေတ္တာလက်မှတ်တောင်းတယ်ဆိုတာအခွင့်အရေးယူတာတစ်မျိုးပဲ။မင်းတို့ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင်မန်နေဂျာက လက်မှတ် ၂ စောင် မဟုတ်ဘူး။ ဆယ်စောင်လဲ ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ရုပ်ရှင်ရုံပိုင်ရှင်တို့၊မန်နေဂျာတို့ဆိုတာစီးပွားရေးသမားတွေကွ၊အာဏာရှိတဲ့သူဆိုရင် မျက်နှာလိုမျက်နှာရလုပ်တတ်တယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ…..မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ။”
ဗိုလ်ချုပ်ကမေးသဖြင့် ကျနော်လည်း အင်္ကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူကျပ် ၃ ရွက် ထွက်လာပါသည်။
“ဘယ်လောက်လဲကွ၊ ၃ကျပ် မဟုတ်လား၊ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေကလိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ ၂ ယောက်ပဲ ညနေ ၆ နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်မယ်။ ငါးမူးတန်း လက်မှတ် ၂ စောင်ဆိုတော့ တစ်ကျပ်ပဲ ကုန်မှာမို့ မင်းမှာ ငွေ ၂ ကျပ်တောင်ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်ပေတော”
ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက် သဖြင့် ကျနော်လည်း ဘာမှ ပြန်မပြောသာတော့ပါ။
(မှတ်ချက်။    ။၁၉၆၄ခုနှစ်ကရုပ်ရှင်ကြည့်ခနှုန်းမှာစစ်ကြိုခေတ်ကအတိုင်းရှေ့ဆုံးက တစ်မတ်၊ထို့နောက် ငါးမူးတန်း၊ ‘စတောလ်’ ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ်၊ ‘ဒီစီ’ ဟုခေါ်သည့် အပေါ်ထပ်က ၂ ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ တစ်ကျပ် စနစ် မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်းဒို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာနေခဲ့စဉ်ကရံဖန်ရံခါအင်္ဂလိပ်ရုပ်ရှင်ကားများကြည့်တတ်သည်။ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော တစ်မတ် (လေးပဲ) တန်းမှကြည့်လေ့ရှိသည်။ယခု သူ ဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း(ရှစ်ပဲ) တန်းမှကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။)
ထိုနေ့ညနေကပလေဒီယံရုံသို့ကျနော်တို့ရောက်သွားသောအခါအနည်းငယ်နောက်ကျသဖြင့်ငါးမူးတန်းရှေ့ဆုံးမှသာလက်မှတ်ရပါသည်။ငါးမူးတန်း၏ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏နောက်ဆုံးတန်းနှင့် ဘာမျှ မခြားတော့။
ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲ စုစုပေါင်း ၄ ပွဲပြသည်။ယခုလည်း တစ်နေ့လေးပွဲ ပြနေလင့်ကစား ပြနေချိန်ချင်း မတူတော့ချေ။
အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင်သင့်သလောက် မြင်ရပါသည်။ ဤတွင် ကျနော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့တန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သတင်းစာထဲပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ထို့ကြောင့် တစ်မတ်တန်းနောက်ဆုံးမှ လူများသည် ရုပ်ရှင်ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမျှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရ ခက်နေတော့သည်။
မိနစ်အနည်းငယ် ကြာသောအခါ ‘ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်’ ဟူသော သတင်းသည် ရုံမန်နေဂျာရုံးမန်းသို့ရောက်သွားတော့သည်။
မန်နေဂျာဦးမြဟန်ဆိုသူ(ယခုကွယ်လွန်)မှာကျနော်နှင့်ခင်မင်ရင်းနှီးသဖြင့်ချက်ချင်း အောက်ထပ်သိုပြေးဆင်းလာပြီရုံဝန်ထမ်းတစ်ဦးအာကျနော့ကိုအပြင်ဘက်စင်္ကြံသို့ခေတ္တထွက်ခဲ့ရန်ခေါ်ခိုင်းပြီး အပြစ်တင်ပါတော့သည်။
“ဘယ်လိုလုပ်တာလဲ သူငယ်ချင်း။ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီ ကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ဘာကြောင့် မဆက်တာလဲ”
“အေး……ငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ်တောင်းပြီး ရှပ်ရှင်ကြည့်တာဟာ အခွင့်အရေးတစ်မျိုးယူတာပဲတဲ့။ နောင်တစ်ချိန်မှာ မင်းတို့လို စီးပွားရေးသမားတွေက မတရား အခွင့်အရေးတောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ပိုက်ဆံ ၃ ကျပ်ထဲကတစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ဝင်ကြည့်ကြတာပဲကွ”
“ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာကတော့ အကြံအဖန်လုပ်ဖို့၊မတရား အခွင့်အရေးတောင်းဖို့အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ် ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်နဲ့ပဲပတ်သက်တော့ သွင်းကုန်လိုင်စင်တောင်းတာမျိုးလိုဘာအခွင့်အရေးမှယူဖို့မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ် (ဒီစီ) သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်း ရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီ တန်းမှာ တတ်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း”
မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျနော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကို ကြည့်ပြီး သဘောကျကာ ရယ်မောနေသူ ဗိုလ်ချုပ်၏ လက်မောင်းကို အသာဆွဲလိုက်ပါသည်။
“ဟေ့ကောင်….ဘာလဲကွ၊ ရုပ်ရှင်ကြည့်လို့ကောင်းတုန်း ဘာဖြစ်ပြန်ပလဲ”
ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့်ကျနော့အားငေါက်ရာ ကျနော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်းခပ်တိုးတိုး ရှင်းပြလိုက်ရပါသည်။
ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်
ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာ ဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်း မရင်းနှီးသော်လည်း သူသိနေ
သည်။ ထို့ပြင် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ် အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ကူ
ညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟုအာမ
ခံချက်ပေးပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။
“ဟေ့ကောင်….အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ။ မင်းက အရှေ့ကသွား၊အချိန်ကြာနေရင်
ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်ကုန်ပါဦးမယ်”
သူပြောသည့်အတိုင်း ကျနော်လည်း ခပ်သွက်သွက် လျှောက်ထွက်ကာ ဦးမြဟန် လွှတ်ထားသော ရုံဝန်
ထမ်းလူငယ်တစ်ဦးနှင့်အတူ ဒီစီ ခေါ် အပေါ်ထပ် ၂ ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။
ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က……..
“မင်းသိတဲ့အတိုင်း ငါတို့က ရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာမဟုတ်ဘူး။
ငါးမူးတန်းက လက်မှတ် ၁ စောင် ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်း မန်နေဂျာက အတင်းလာခေါ်
ပြီး အပေါ်ထပ်တက်ကြည့်ဖို့ခေါ်တော့ သူအမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ”
ဟု ပြောခဲ့ပါသေးသည်။
ဤသို့ပြောနေစဉ် ကျနော်သည် (၂၆-၉-၄၆) နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က……

“ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို ပြောသလို ငါကိုယ်တိုင်လုပ်တာကွ“

ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည် သတိရ ကြားယောင်နေမိပါသတည်း။

၁၉၉၄ ခုနှစ် ဇူလိုင်လ နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ၁၉၉၇ ခုနစ် ဇူလိုင်လထုတ် တက္ကသိုလ်နေဝင်း၏
‘အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း’ စာအုပ်မှပြန်လည် ဖော်ပြပါသည်။

Monday, January 30, 2012

စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု (၇) ချက်




မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။
စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။
၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။
အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။
(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။
ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်
ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။
ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်ဖို့ ပုံအောအားပေးသည်။ ပညာရေးကို အရည်အသွေးမြင့်အောင် အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။
နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိတာကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။
တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။
စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။
ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။
ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချနိုင်ခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။
အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟု ပညာရှင်များက သုံးသပ်ကြသည်။
ဝင့်ထန်း
ရည်ညွှန်း; The Nation
http://www.maukkha.org/