Wednesday, April 4, 2012

ဒီမိုကရေစီနှင့် ထိုက်တန်သောစိတ်ထား ...



By Nyolinn Htun in July · 
 



ဒီမိုကရေစီနှင့် ထိုက်တန်သောစိတ်ထား ...
( by သာရလင်း )

ဒီစကားကတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် (ပြည်ထောင်စုလွတ်တော်၊ အစိုးရတစ်နှစ်ပြည့်မိန့်ခွန်း မှာ )
ပြောကြားခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ ““ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စိတ်ထား”” ဆိုတာ ဘယ်လိုစိတ်ထားမျိုးဖြစ်ပါသလဲ-လို့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ဘီဘီစီသတင်းဌာနကလည်း အင်တာဗျူးတွေ ပြုလုပ်နေပါတယ်။

ကျွန်တော် အမြင်အရတော့ ““ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စိတ်ထား”” ဆိုတာ..““တူညီမျှတဲ့ စိတ်ထား၊ (တနည်းအားဖြင့်) ညီညွှတ်တဲ့ စိတ်ထား”” လို့ ဖွင့်ဆိုချင်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိုတဲ့ လမ်းမကြီးရဲ့ အ၀င်ဝမှာ ရောက်နေပြီ-လို့ ဆိုကြပါစို့။ ဒီကနေ့ ကျွန်တော်တို့ အားလုံးက ““ဒို့နိုင်ငံကြီး လွတ်လပ် ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်ရမယ်”” လို့ တူညီမျှတဲ့ စိတ်ထားရှိရပါမယ်။ ဒီစိတ်ထားက စိတ်ထဲမှာ ထားရုံမတ္တ မဟုတ်ပဲ “ဒီမိုကရေစီကို ရှေ့ရှုနေတဲ့ ဒို့နိုင်ငံကြီးရဲ့ လမ်းကြောင်းမှာ ငါ တစ်ယောက်ကိုယ်တိုင်အနေနဲ့ တစ်တတ်တစ်အား ပါဝင်ဆောင်ရွက်မယ်” ဆိုတဲ့ အဓိဌာန်စိတ်ထားမျိုးဖြစ်ရပါမယ်။ ဒီလို ခိုင်မာတဲ့ စိတ်ထားမျိုး မြန်မာပြည်သားတွေရဲ့ ရင်ထဲမှာ တူညီမျှစွာ တည်ရှိနေရမှာ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်မယ်- ဆိုတဲ့နေရာမှာလည်း ဘာမှ မကူညီနိုင်ရင်တောင်မှ ငါ့ကြောင့် လူမှုပတ်ဝန်းကျင်မှာ အနှောက်အယှက် မဖြစ်ရလေအောင် ငါ့စည်းကမ်း ငါထိန်းသိမ်းပြီး ကူညီမယ်..ဆိုပြီး နေရင်ကိုပဲ ကူညီရာရောက်ပါပြီ။ လူသားအရင်းအဖြစ်တစ်ခုအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးအင်အားတစ်ခုပေါ့ဗျာ။
ဆိုလိုရင်း အဓိပ္ပာယ်ကတော့““အားလုံးက တစ်ပိုင်တစ်နိုင် တာဝန်ကျေနေခြင်းသည် နိုင်ငံတော်ရဲ့ အင်အား”” လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။
ဖက်ကြမ်းဆေးလိပ်သောက်သူကလည်း ဖက်ကြမ်းဆေးလိပ် သောက်သူအလိုက်။ စီးကရက်သောက်သူကလည်း စီးကရက်သောက်သူအလိုက်။ ပန်းရောင်းသူကလည်း ပန်းရောင်းသူအလိုက်။ ကုမ္ပဏီဥက္ကဌကြီးကလည်း ကုမ္ပဏီဥက္ကဌကြီးအလိုက်။ ဒေါက်တာကြီးကလည်း ဒေါက်တာကြီးအလိုက်။ ရုံးစာရေးကလေးကလည်း ရုံးစာရေးကလေးအလိုက်။ သမ္မတကြီးကလည်း သမ္မတကြီးအလိုက် တက်ညီ လက်ညီ ရှေ့သို့ ချီရပါမယ်။ နှစ်ပေါင်း (၂၀) ကျော်ကြာ ငြိမ်ဝပ်ပိပြားနေတဲ့စိတ်နဲ့ အတူ နည်းနည်းထောင်လို့ရရင် နည်းနည်း ဘ၀င်ကိုင်တတ်တဲ့ စိတ်တွေ။ ပိပြားနေတဲ့ စိတ်နဲ့အတူ ပိပိပြားပြား ပေးတတ် ၊ ပိပိပြားပြား ယူတတ်တဲ့ အကျင့်တွေ၊ စသည့် စသည့်အောက်တန်းကျမိခဲ့သမျှအကျင့်ကလေး တွေကို ဖျောက်ဖျက်ပစ်သင့်ပါပြီ။
လွတ်လပ်မှုရဲ့ အရသာ အစိုင်အခဲထဲမှာ ရိုးသားမှုတွေ သန္ဓေတည်ရှိနေပါတယ်။ အဲဒီရိုးသားမှုသန္ဓေကို မိမိရဲ့ နှလုံးသားနဲ့ တစ်ထပ်တည်း ကျအောင် တူးဖော် ရယူထားရပါမယ်။ ပြီးတော့ ပြီးတော့ ရှေ့သို့ ရှေ့သို့ မိမိအရည်အချင်းနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို နိုင်ငံနဲ့ မိမိအတွက် တူးဖော် ရယူနိုင်လာပါလိမ့်မယ်။
ကျွန်တော်တို့ တတွေဟာ နိုင်ငံရေး အပါအ၀င် အရာရာကို သိချင်ယောင်၊ တတ်ချင်ယောင် ဆောင်လိုကြပါတယ်။ အငြင်းသန်ကြပါတယ်။ အနိုင်မခံ အရှုံးမပေး မောက်မာတဲ့ လေသံတွေ ပါတဲ့အထိအောင် ငြင်းခုန်ကြတယ်။
ဆိုပါစို့....အရက်မူးပြီး မြန်မာ့ ဒီမိုကရေစီအကြောင်း ငြင်းခုန်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုလည်း မြန်မာ့ အနာဂတ်အရေးအတွက် မယုံကြည်ရတဲ့ သူ အဖြစ် ဝေဘန်တယ်။ နိုင်အောင်ငြင်းတယ်။ နိုင်ရင်ပြီးတာပဲ။ ပြီးတော့ စားထားတဲ့ ပန်းကန်ပြားတောင် မဆေးဘူး၊ မူးပြီး အိပ်ပျော်သွားတယ်။ ညရောက်တော့ အသံနက်ကြီးနဲ့ ယောင်ယောင်ပြီး အော်တယ်။ တက် ခေါက်တယ်။
““ ဒီမိုကရေစီ”” ““ဒီမိုကရေစီ”” ““တက်...ဒီမိုကရေစီပါ ဆိုနေကွာ””

ကဲ... ဘယ်လိုလဲ သူငယ်ချင်း မြန်မာနိုင်ငံကြီးအနေနဲ့ “ ဒီမိုကရေစီစစ်စစ် ဖြစ်လာမယ်၊ မဖြစ်လာဘူး ” မပြောနိုင်သေးဘူး မဟုတ်လား။ ကျွန်တော် ပြောနိုင်တဲ့ အရာကတော့ အတိအကျပဲ။ ““ကျွန်တော်တို့ အခန်းမှာ ဒီမိုကရေစီ မရသေးဘူး။ မြန်မာမှု ပြုရမယ်ဆိုရင်တော့ ကျွန်တော်တို့အခန်းမှာ အလွတ်လပ်ဘူး၊ စိတ်ညစ်တယ်””

ကျွန်တော်တို့ မြန်မာစာထဲမှာ ယဉ်ကျေးတဲ့စကားကို အထူးပြုထားတဲ့ ဥပမာစကားလေးတစ်ခု ရှိပါတယ်။ ““မြို့ကြီးသူသဖွယ် နုနယ်သိမ်မွေ့သော”” (စကား) ဆိုတဲ့ ဥပမာ အထူးပြု စာသားကလေး။ ကျွန်တော်တို့ တတွေဟာ တစ်ဦးချင်စီရဲ့ ရင်ဘတ်ထဲမှာ လွတ်လပ်ပြီး စိတ်ချမ်းသာဖို့အတွက် ယဉ်ကျေးပျူငှါတဲ့ စကားတွေကို သုံးစွဲဖို့ လိုအပ်မယ် ထင်ပါတယ်။ ကိုယ်တိုင်ကိုယ်တိုင်က မြို့ကြီးသား ပီသရပါမယ်။ နိုင်ငံကြီးသား အသွင်ဆောင်နိုင်ရပါမယ်။
ကဲ သူငယ်ချင်းရေ...နိုင်ငံရေး အဘိဓာန်ထဲက..Democracy ဆိုတဲ့ ဝေါဟာရကို လေ့လာကြည့်ရင်း အတွေးများကို ခဏလောက် အဆုံးသတ်ကြပါစို့။
ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်း ဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ရှေးခေတ်ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့် ရှိခြင်းကို ဆိုလိုသည်။ စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေး အာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထုတစ်ရပ်လုံး၏ လက်တွင်း၌သာ ရှိသည် ဟု အဓိပ္ပ္ပာယ် ထွက်သည်။ မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများ ခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက် ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုအုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့်စနစ်ဖြစ်သည်။( ဝေဘန်ချက်တစ်ခုမှာ).. ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး၊ လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသ၍ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသ၍ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမ၀င်ပဲ အဆိုးဆုံး အခြေအနေများကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဘန်ပြောဆိုကြသည်။
Posted by သာရလင်း