Sunday, March 18, 2012

‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှု တစ်ခုအကြောင်း




ကျောင်းဆရာတဦးအဖို့     တပည့်ကျောင်းသားများကို    သြဝါဒပေးခြင်းကိစ္စမှာ အဆန်းတကျယ် ကိစ္စမဟုတ်ပါ။ ကျွန်တော့်အနေနဲ့တော့ ‘ သွန်သင်ဆုံးမ သြဝါဒ ‘ ဆိုတာမျိုးထက် ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကြည့်ဖို့ ’ Food For Thought’  ဆိုတာမျိုးကို ပိုကြိုက်ပါတယ်။
ဆရာဟူသည် ‘ စာကိုသာ သင်ပေးရမည်မဟုတ်၊ စိတ်ကိုပါသင်ရမည်’ ဟု ဆရာအောင်သင်း ဆိုခဲ့ဖူးသည် မဟုတ်လား။ သည်အတွေးအမြင်ရှိသည့်တိုင် စိတ်ကိုသင်ခြင်းကဲ့သို့သော မလွယ်ကူလှသည့် အလုပ်ကို လုပ်ရန် ဝန်လေးနေခဲ့သည်။

၂၀၁၀ ပြည့်နှစ်၏နှစ်ဦးပိုင်း ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလလောက်ကဟု ထင်ပါသည်။  တက္ကသိုလ်၏ စီမံခန့်ခွဲရေးနှင့် Logistics ကိစ္စများ၊ ရုံးချုပ်၏အရေးအရာများနှင့်သာ အချိန်ကုန်နေသောကျွန်တော့်ကို မိတ်ဆွေတဦးက’ စာသင်ဖြစ်ရဲ့လား’ ဟုမေးသည်။ သူကကျွန်တော့်ကိုကျောင်းသားများနှင့် အထိတွေ့ရှိစေချင်သည်။ စာမသင်ဖြစ်တောင် ရံဖန်ရံခါ ကျောင်းသားများ သိသင့်သိထိုက်တာလေးတွေ ဟောဖို့၊ ပြောဖို့ ထိုမိတ်ဆွေက တိုက်တွန်းသည်။
အထူးသဖြင့် နောက်ဆုံးနှစ်ကျောင်းသားများကို ပြောပြသင့်သည်ဟုဆိုသည်။ စမ်းကြည့်သင့်သော စိတ်ကူးဟု ကျွန်တော်လည်း သဘောရမိသည်။ သူတို့ကို ပြောပြချင်သည့် အကြောင်းအရာများစွာ ရှိသည့်ထဲက ပညာရေးနှင့် သက်ဆိုင်သည့် ခေါင်းစဉ်တခုကိုရွေးလိုက်သည်။
သို့ဖြင့် နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြဖို့ ‘ တက္ကသိုလ်ပညာရေးနဲ့သူတိုရဲ့အနာဂတ်’ ခေါင်းစဉ် အကြောင်း ပြင်ဆင်ထားခဲ့သည်မှာ သည်နှစ် နှစ်ဦးပိုင်းလောက် ကတည်းက ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပြောဖြစ်သည့် အခြေမဆိုက်ခဲ့။ ကျွန်တော်ကိုယ်တိုင်ပြောချင်စိတ် သိပ်မပြင်းလှသလို စာသင်ချိန်ပြင်ပက သူတို့ကိုယ်ပိုင် အချိန်များကိုလည်း ဖဲ့မယူချင်။
မကြာခင်ကမှ Term Paper ပြုစုဖို့ သက်မှတ်ထားသည့်အချိန်များတွင် သူတို့အားနေတတ်သည်ကို သတိပြုမိသွားရာမှ မရည်ရွယ်ဘဲ ပြောဖြစ်သွားသည်။ ကျောင်းသား ၅၁ ဦးရှိသည့်အနက် ၃၁ ဦးသာတက်သည်။ ရသလောက်အမြတ်ပဲဟု သဘောထားလိုက်သည်။
ရေးထားသည့်မှတ်စုကို အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်သည်မို့ ပြောချင်သည့်အကြောင်းအရာများက ခေါင်းထဲစီကာစဉ်ကာ ရှိပါသည်။
သည်ကျောင်းကြီးမှာသူတို့ငါးနှစ်တာအချိန်ကုန်ခဲ့သည်မှာ ဘာအတွက်ဆိုသည်ကို သိစေချင်သည်။ အခွင့်အလမ်းရော စိန်ခေါ်မှုတွေပေါများလှသည့် ၂၁ ရာစု လူလုပ်ရမည့် သူတို့အတွက် ဘဝရည်မှန်းချက်ကို တောအုပ်ကြီးဖြစ်ဖို့  ဆိုတာထက်ပိုစေချင်ပါတယ်။
ဘာမှမပြင်ဆင်ပဲ လက်တွေ့ဘဝထဲ တိုးဝင်ဖို့က အန္တရယ်ကြီးလွန်းလှသည်။ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်မိဖို့ မရေရာလှသော်လည်း စိန်ခေါ်မှုတွေကိုမှားယွင်းစွာ တုန့်ပြန်မိရင်တော့ ဆုံးရှုံးရမှာမလွဲပါ။ အနည်းဆုံးစိတ်ကိုတော့ ပြင်ဆင်ထားစေချင်သည်။
ထုံးစံအတိုင်း ကျွန်တော် အမေးအဖြေများနဲ့ စလိုက်သည်။ ပြောလိုသည်များ တစ်ဝက်လောက်ရောက်မှ သူတို့စိတ်မဝင်စားကြကြောင်း ကျွန်တော် သတိပြုမိတော့သည်။ အစပိုင်းသူတို့ အဖြေတွေ အဆီအငေါ် မတည့်လှကတည်းက ကျွန်တော်ရိပ်မိဖို့ကောင်းသည်။ ကျွန်တော် ကြိုးစားနေသည်က သူတို့၏ စိတ်များကို ထွန်းညှိပေးဖို့ ဖြစ်သည်။ သူတို့ စိတ်များကပဲ စိုစွတ်ထိုင်းမှိုင်းနေတာလား၊ ကျွန်တော်ကပဲ မတောက်သည့် မီးခြစ်ကို အထပ်ထပ်ခြစ်သလို ဖြစ်နေလို့လား။
ပိတ်ထားသောစိတ်များကို  ကျွန်တော်မည်သို့ ဖွင့်ရပါမည်နည်း။ ရုတ်တရက်ပင် ကျွန်တော်စိတ်များ ဆုတ်နစ်သွားသည်။ ထိုဆုတ်နစ်သောစိတ်ဖြင့် ရှေ့မဆက်နိုင်တော့ဘဲ တဝက်တပျက်နှင့် ကျွန်တော်ရပ်လိုက်ပါသည်။
သူတို့ကို အပြစ်မတင်မိပါ။ ကျောင်းသားသည် ကျောင်းသားစိတ်ပဲ ရှိမည်။ ကျွန်တော်တို့ကျောင်းသားဘဝက ဆရာအတန်းမယူဖြစ်သောအချိန်များတွင် ပျော်ရွင်မြူးတူးခဲ့သည်များကို အမှတ်ရမိသည်။ အားလပ်ချိန်ကို ဖဲ့ယူပြီး သြဝါဒပေးလိုလှသည့် ဆရာမျိုးကို ကျွန်တော်တို့တုန်းကလည်း မကျေမနပ်ဖြစ်မိသည်ပဲ ဖြစ်သည်။ စာသင်တာက တာဝန်ပဲမို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ခံယူဖို့တာရှိသည်။
စိတ်ကိုသင်တာမျိုးကတော့ နာယူသူတို့ လိုလိုလားလားရှိဖို့လိုသည်ဟုထင်သည်။ ’ငါဆရာ၊ ငါပြောတာ နားထောင်ရမည်။ ဟု သဘောမထားသင့်ပါ။ စိတ်ကို မထွန်းညှိနိုင်လျှင်လည်း ရှိစေတော့။ သူတို့စိတ်ကို ဖိကြိတ်တာမျိုးတော့ မဖြစ်စေသင့်ပါ။
သည်အဖြစ်က ကျွန်တော်ကိုဆုံးမလိုက်သလို ဖြစ်သွားသည်။ ကျွန်တော်က တွေးစေလိုသည်။ သူတို့က အဆင်သင့်ဖြစ်ပုံမရသေး။ အခြေအနေနှင့် အချိန်အခါများ မရင့်မှည့်သေးမီ ကျွန်တော်တို့၏ ဆန္ဒများ ပြည့်ဝနိုင်ဦးမည် မဟုတ်ပါ။ ကိုယ့်ကိုယ်ပြန်မေးမိသည်။ ’ငါအတတ်နိုင်ဆုံး ကြိုးစားကြည့်သားပဲ။’ လိပ်ပြာလုံချင်ရုံနဲ့တော့ အချိန်မသင့် သေးသည့်  ကြိုးပမ်းမှူမျိုးကို ဇွတ်အတင်းလုပ်သင့်ပါသလား။ စိတ်အတွင်းက အပြောင်းအလဲသည် ဖြည်းဖြည်းချင်းသာဖြစ်နိုင်လိမ့်မည်ဟု ကျွန်တော်ထင်သည်။
အချိန်ကာလများကို ဖြတ်သန်းပြီးမှသာ ကျွန်တော် ယခုပေးချင်သောMessage ကို သူတို့အလိုလို သဘောပေါက်လာတာမျိုး ဖြစ်ချင်လည်းဖြစ်မည်။ မျိုးဆက်အမြင်ခြင်းမတူတော့၍ ဘယ်တော့မှ သဘောမပေါက်နိုင်တော့တာမျိုးလည်း ဖြစ်ချင်ဖြစ်မည်။
ကျွန်တော်၏ မအောင်မြင်သော စိတ်ကို သင်ခြင်းအမှုကြီးကို အဆုံးသတ်လိုက်သောအခါ ဝဋ်တော့ဖြင့် ကျွတ်ခြေပြီဟု သူတို့ နှစ်ထောင်းအားရ ဖြစ်သွားကြသလား၊ ကျန်နေသေးသည့်အားလပ်ချိန်တစ်နာရီကို ဘယ်လိုဖြုန်းရမလဲ စဉ်စားနေကြသလား မသိပါ။
ကျွန်တော်ကတော့လမ်းဆုံလမ်းခွတွင် ရပ်ပြီး ကျန်ရစ်ခဲ့သူလို ခံစားရသည်။ ဒီတိုင်းပဲထား လိုက်ရမလား၊ ထပ်ကြိုးစားကြည့်ရ ကောင်းမလား၊ ဝေခွဲ၍ မရနိုင်သေးပါ။
ဒေါက်တာမြင့်ဦး

မောက္ခ ပညာရေးမဂ ဇင်းမှ ကူးယူဖေါ်ပြပါသည်။