ပညာခေတ် (Knowledge Age) ဟူသော အသံက ပို၍ ကျယ်လောင်နေ၏။ အရာရာသည်
ပညာအခြေမခံ လျှင် (၂၁)ရာစု၌ နေရာမရှိတော့ဟုဆိုသည်။ ပညာအခြေခံ စီးပွားရေး
(Knowledge Economy)၊ ပညာ အခြေခံ လူ့အဖွဲ့အစည်း (Knowledge Society)၊
ပညာဗဟိုပြုနိုင်ငံရေး (Knowledge Politics) စသဖြင့် ကဏ္ဍအသီးသီးတို့၏
ရှေ့တွင် ပညာကို ဝိသေသတစ်ခုခံ၍ တွင်ကျယ်စွာ သုံးလာခဲ့ရာ နောက်ဆုံး
ကမ္ဘာပြုမှုမှာတွင်ပင် Knowledge Globalization ဟူသော ပညာဗဟိုပြု
ကမ္ဘာဆန်ခြင်းကို (၂၁)၇ာစုတွင် ထင်ရှားစွာ တွေ့ရမည်ဟု ဆိုထားကြသည်။
ပညာကို စိတ်ဖြာကြည့်သင့်
ပညာ ကို “အမှား၊ အမှန်” သိခြင်းဟု အတိုဆုံး ဝေါဟာရပြုနိုင်၏။ လောကုတ္တရာ
ရှုထောင့်ကဆိုလျှင် “သမုတိသစ္စာ” နှင့် “ပရမတ္တသစ္စာ” ကို
ခွဲခြားသိနိုင်ခြင်းဖြစ်သည်။
ကာလ၊ ဒေသ၊ ပယောဂ တို့ကိုပါ ထည့်သွင်း
စဉ်းစားရသည့် သဘောရှိသည်။ မည်မျှ ခြုံငုံရှုမြင်နိုင်ပြီး အကောင်းဆုံးသော
နည်းလမ်းကို ရွေးချယ်နိုင်ခြင်းဟုလည်း ဆိုနိုင်သည်။ ထွေပြားစွာ
သိကြသည့်တစ်ခုမှာ ပညာသည် “Education” လား “Knowledge” လား ဟူသည်ပင်
ဖြစ်သည်။ Education ဟူသည်ကို ငယ်စဉ်ကကျောင်းများ၌သင်ကြားခဲ့ရ၏။
အချိန်တန်ဘွဲ့ရသောအခါ အသိအမှတ်ပြု စာရွက်တစ်ရွက်ရ၏။ ပညာဖြစ်ရာဖြစ်ကြောင်း
အထောက်အပံ့ဖြစ်စေသော်လည်း ပညာအစစ် အဆင့်တော့ မဟုတ်သေးချေ။
ကာလတစ်ခုကို ဖြတ်သန်းပြီး လုပ်ငန်းခွင်နှင့် အတွေ့အကြုံများမှ ရသောအရာသည်
ပညာအဖြစ် ပို၍ ပီပြင်လာတော့သည်။ ထို့ကြောင့် ကိုယ့်အမြင်
ကိုယ့်ရှုထောင့်ဖြင့် (Knowledge = Education + Experience) ဟူ၍
ရေးခဲ့ဖူးသည်။ Knowledge ထက်မြင့်သော ပညာအမှန်တကယ်ဖြစ်လာလျှင်
ကိုယ့်အကျိုးစီးပွားနှင့် လောကအကျိုးစီးပွားကို မျှတကြည့်လာတတ်သည်။
ကိုယ့်အကျိုးစီးပွားချည်း သက်သက်ကိုသာ စဉ်းစားလျှင် အသိကောင်းစွာ မနက်သေး၊
ပညာကောင်းစွာ မဖြစ်သေးချေ။
ငြင်းကြ၊ ခုန်ကြ၊ ဝေဖန်ကြသည်
မျက်မှောက်အရေးအရာများတွင် စီးပွားရေးအပါအဝင်၌ ပညာတတ်တို့၏ အခန်းကဏ္ဍသည်
ငြင်းခုံစရာများဖြင့် ပြည့်နှက်နေသည်။ ပညာခေတ်ဟု ဆိုကြသဖြင့်
နိုင်ငံတော်တော်များများက ကျောင်းပညာရေးတွင် များစွာ
ရင်းနှီးမြှုပ်နှံကြသည်။ လူ့အရင်းအမြစ်ကို ကျောင်းပညာရေးဖြင့်
အုတ်မြစ်ချရန် ကြိုးစားကြ၏။ "အရင်းရှင်စနစ်၏ အားနည်းချက်" များအကြောင်း
သို့မဟုတ် လျှို့ဝှက်ခဲ့သော အရင်းရှင်အကြောင်း၊ စာအုပ်တစ်အုပ်
ရေးဖြစ်သောအခါ စာရေးသူ၏ ထောက်ပြခဲ့သော ကိန်းဂဏန်းများ၊ အချက်အလက်များအရ
စာတတ်၊ ပညာတတ် အခြေခံ၏ အသုံးချမှုနှင့် နိုင်ငံတို့၏ ထုတ်လုပ်နိုင်စွမ်းအား
(အရည်အသွေးတစ်ရပ်) တို့သည် များစွာ ဆက်စပ်မှု မရှိကြောင်း တွေ့လာရသည်။
ဆွစ်ကို လေ့လာ
ထဲထဲဝင်ဝင်လေ့လာကြသူများက ပညာအခြေခံ မောင်းနှင်သည့်ခေတ်ကို လက်ခံသော်လည်း
နိုင်ငံတစ်ခုဖြစ်ထွန်းမှုနှင့် တိုက်ရိုက်ကြီး သက်ဆိုင်သည်ဟူသော အယူအဆကို
ကောင်းစွာ လက်မခံကြ၊ အထောက်အထား ခိုင်ခိုင်မာမာလည်း မတွေ့ရပါဟု ဆိုသည်။
သို့နှင့် ဆွစ်ဇာလန်နိုင်ငံကို ဗဟိုထား၍ ထောက်ပြကြသည်။ ဆွစ်သည်
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး စက်မှုထွန်းကားသော
နိုင်ငံတစ်ခုလည်းဖြစ်သည်။ သို့သော်လည်း အံ့သြစွာပင် တက္ကသိုလ်၌ တက်ရောက်
ပညာသင်ကြားကြသောနှုန်းတွင် အလွန်နည်းပါးစွာ တွေ့ရသည်။ အခြားချမ်းသာသော
နိုင်ငံများရှိ တက္ကသိုလ် ဝင်ရောက်နှုန်း၏ သုံးပုံတစ်ပုံနှုန်းမျှအထိသာ (၁၉၉၀
ကာလများတွင်) ရှိခဲ့သည်။ (၁၉၉၆)အထိ ဆွစ်နိုင်ငံတွင် တက္ကသိုလ်၌
ပညာသင်ကြားကြသော အချိုးအစားသည် အခြား OECD နိုင်ငံများ၏ တစ်ဝက်မျှသာရှိသည်
(16% Vs 34%)။ သို့သော်လည်း ဆွစ်သည် ကမ္ဘာပေါ်တွင် ချမ်းသာသော
နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားစွာရှိနေပါသည်။ (၂၀၀၇) ရောက်သည့် အခါကျမှသာ
အခြားချမ်းသာသော နိုင်ငံများ၏ နှုန်းထား တစ်ဝက်သို့ ရောက်ခဲပါသည်။ (47% -
UNESCO အချက်အလက်အရ)။
အထက်ပါ တက္ကသိုလ်ပညာသင်ကြားနှုန်းသည်ပင်
အခြားချမ်းသာသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်
များစွာနိမ့်ပါးနေသေးသည်ကို တွေ့ရပါသည်။ (ကိုးရီးယား ၉၆%၊ ဂရိ ၉၁%၊
လစ်သူရေးနီးယား ၇၆%၊ အာဂျင်တီးနား ၆၈%)။
သို့ဆိုလျှင် ဘယ်အရာက
ဆွစ်ကို ကမ္ဘာ့ထိပ်တန်း ချမ်းသာသောနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့ပါသနည်း။
ဖြစ်နိုင်ခြေတို့ကို ရှာဖွေသောအခါ အချက်အချို့ကို တွေ့ရှိထောက်ပြကြသည်။
ပညာအခြေခံဟူသည့် အယူအဆကိုတော့ လုံးဝငြင်းပယ်ခြင်းမဟုတ်။ "ပညာတတ်ခြင်း"
နှင့် "ပညာကို အသုံးချနိုင်ခြင်း" ဟူသောအချက်ကို ဦးစွာတွေ့ကြသည်။ အချို့က
ကျောင်းများမှ သင်ကြားပေးလိုက်သော ပညာကို တတ်ရုံသာ တတ်ကြသည်။ စာတတ်သည်ဟု
ဆို၏။ ထိုပညာ လက်တွေ့လုပ်ငန်းများတွင် ကောင်းစွာ မသုံးမချနိုင်ကြ၊
နောက်တစ်ချက်က တက္ကသိုလ် ကျောင်းကြီးများ၏ အရည်အသွေးဖြစ်သည်။
ကျောင်းသားအရေအတွက်များများကို မွေးထုတ်ပေး၍ ဘွဲ့များကို
ပေးနိုင်ကြသော်လည်း သက်မွေးဝမ်းကျောင်းနှင့် အလုပ်ခွင်တို့တွင်
ပြန်လည်အသုံးချနီုင်အောင် အရည်အသွေးမမီဟု ဆိုသည်။ နောက်တစ်ခုက
ကျောင်းများတွင် သင်ကြားခဲ့ရသော ဘာသာရပ်များသည် လက်တွေ့ဘဝနှင့်
ဖြစ်ထွန်းမှုကို ဆောင်ရွက်ကြရာတွင် များစွာအသုံးမဝင်ခဲ့ဟုဆိုသည်။
နောက်ဆုံးတစ်ချက်က အစိုးရများအနေဖြင့် တိုင်းပြည်၏ လိုအပ်သော၊
တိုက်ရိုက်အကျိုးဖြစ်ထွန်း အသုံးချနိုင်သော ပညာများကို ကျောင်းသားတို့အား
စီမံခန့်ခွဲပေးနိုင်သည်ဟု ထောက်ပြပါသည်။
အထက်ပါအတွက်
ဥပမာတစ်ခုကိုပေးထားသည်။ စက်ပစ္စည်းများကိုင်တွယ်၍ ကုန်ထုတ်လုပ်မှုကို
ဆောင်ရွက်နေရသော လုပ်သားတစ်ဦးအနေဖြင့် သူငယ်စဉ်က သင်ကြားခဲ့ရသော ဇီဝဗေဒ၊
သမိုင်းဘာသာရပ်များသည် အထောက်အကူမပြုနိုင်၊ ထိုသူမျိုးအတွက် သင်္ချာနှင့်
ရူပဗေဒလို ဘာသာမျိုးကိုသာ အဓိကအချိန်ပိုပေးသင် သင့်သည်။ ဤအတွက် အစိုးရများက
စီမံခန့်ခွဲပေးနိုင်ရမည်ဟုဆိုသည်။
ဤသို့ မဆီလျော်မှုများသည်
နိုင်ငံတစ်နိုင်ငံတွင် မည်မျှ များပြားစွာ ရှိနေနိုင်သည်ကို
စဉ်းစားကြည့်နိုင်သည်။ ပို၍ ဆီငေါ်မှုမရှိစွာ များပြားလျှင် ပညာတတ်များသာ
ပေါများ၍ အကျိုးကျေးဇူး တစ်စုံတစ်ရာဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။
ကျွန်တော်တို့ စီးပွားရေးလုပ်ငန်း ဝန်းကျင်မှာပင် အတော်များများတွေ့ရ၏။
ဆရာဝန် ဘွဲ့ယူခဲ့ကြသော်လည်း ဆေးကုခြင်းအလုပ်ကို မလုပ်ကြသော
ဆရာဝန်များအတော်များများရှိနေပါသည်။ အင်ဂျင်နီယာများ၊ ဆရာဝန်များ
စီပွားရေးလုပ်ကိုင်ကြသည်။ ထိုသူများသည် စီပွားရေး စီမံခန့်ခွဲမှုပညာကို
အစကတည်းက သင်ကြားခဲ့ပါလျှင် သူတို့အတွက်လည်း ပို၍အကျိုးရှိပြီး
သူတို့ခွဲတမ်းအတွက် ဆရာဝန်မဖြစ်လိုက်ကြရသူများအနေဖြင့်လည်း တစ်စုံတစ်ရာပို၍
အကျိုးရှိနိုင်မည်ဖြစ်သည်။
ပညာရေးနှင့်အင်တာပရိုက်စ်
အင်တာပရိုက်စ် (Enterprise) ကိုလုပ်ငန်းဟု အဓိပ္ပါယ်ဖွင့်သလို
တာဝန်ယူမှုတစ်ရပ်ဟုလည်း နားလည်နိုင်သည်။ ပညာရေးကို အရေးကြီးသော ကဏ္ဍ၊
တန်ဖိုးထားသော ကဏ္ဍမှာ ထားရှိဆဲဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းမှုအတွက်
တိုက်ရိုက်သက်ရောက်မှုရှိသည်ဟူ၍ကား လက်မခံကြသေးပါချေ။ ဆွစ်တို့၏ ဥပမာတွင်
အခြားအရှေ့အာရှနိုင်ငံများကိုလည်း လေ့လာခဲ့ကြပါသေးသည်။
တက္ကသိုလ်ဝင်ပညာများကို ကျောင်းတက်ကြသူ ရာနှုန်းမများသော်လည်း ယနေ့ တရုတ်၊
အိန္ဒိယတို့များစွာ စီးပွားထွန်းကားလာခဲ့ကြသည်ကို ထောက်ပြခဲ့ကြပါသေးသည်။
အားလုံးသဘောတူညီသော အယူအဆတစ်ရပ်မဟုတ်သည့်တိုင် အများလက်ခံနိုင်သော
အယူအဆအဆင့်သို့ ရောက်ခဲ့သောကြောင့် ပညာ၏ ဦးစားပေးခံရမှုကို နိုင်ငံအားလုံးက
လိုက်နာဆောင်ရွက်ဆဲဖြစ်နေကြရခြင်းဖြစ်သည်။
ပညာရေးသည်
မိမိတို့လုပ်ကိုင်ဆောင်ရွက်နေကြသော လုပ်ငန်းခွင်၏ တာဝန်ဝတ္တရားနှင့်
တိုက်ရိုက် ဆက်စပ်မှုမရှိသော်လည်း တစ်စုံတစ်ရာ ပညာတတ်ခဲ့ကြသူများနှင့်
ပညာရေးအခြေခံ ဘာမှမရှိသူတို့ကြား အနာဂတ်အလားအလာတို့ အကွာအခြားရှိသည်မှာ
အကြောင်းတစ်ချက်ဖြစ်သည်။ ပညာတစ်စုံတစ်ရာရှိခဲ့သောကြောင့်
စဉ်းစားဝေဖန်နိုင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ အမှားအမှန် ရွေးချယ်နိုင်မှု၊
တာဝန်ယူ တာဝန်ခံနိုင်မှုတို့တွင် တစ်စုံတစ်ရာ အထောက်အပံ့ ကောင်းဖြစ်စေသည်ကို
မည်သူမျှ မငြင်းကြချေ။
လူတိုင်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍ၌
အားလုံးမရှိနိုင်ကြပါ။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် နောက်ဆုံး
နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြသောအခါ ပညာတတ်တို့၏ လုပ်ရည်ကိုင်ရည်နှင့်
ပညာကောင်းစွာ မသင်ကြားခဲ့ရသူတို့၏ စွမ်းဆောင်ရည်မှာ တစ်စုံတစ်ရာ
ခြားနားနိုင်သည်ကိုလည်း ထောက်ပြကြပါသည်။ ခေါင်းဆောင်ပိုင်းတို့၏ တာဝန်ကို
ရယူကြသောအခါ ပညာအခြေခံရှိသူများက လက်လွတ်စပယ် မလုပ်နိုင်ကြဘဲ
များစွာချင့်ချိန်ဆောင်ရွက်နိုင်ကြသည်ဖြစ်၍
လက်ငင်းတိုက်ရိုက်အကျိုးမဖြစ်ထွန်းစေသော်လည်း ရေရှည်တွင်
အလားအလာကောင်းများနှင့် သွယ်ဝိုက်၍ မိမိတို့နိုင်ငံကို အထောက်အပံ့
ဖြစ်စေနိုင်ပါသည်။
အခွင့်အလမ်းအတွက်တန်ဖိုး
အရာရာတိုင်းတွင် အခွင့်အလမ်းအတွက် တန်ဖိုးဟူသော Opportunity Cost
ရှိနေပါသည်။ တစ်ဦးချင်းမှသည် နိုင်ငံအဆင့်အထိဖြစ်သည်။ အခွင့်အလမ်းအတွက်
တန်ဖိုးကို ရှုထောင့် နှစ်မျိုးက ရှုမြင်ကြပါ၏။ တစ်ခုက တစ်စုံတစ်ရာကို
ရွေးချယ်မှုပြု၍ လက်လွတ်လိုက်ရသော အခြားအခွင့်အရေး၏ ဆုံးရှုံးမှုဖြစ်ပြီးနောက်
ရှုထောင့်တစ်ခုမှာမူ မိမိရွေးချယ် ဆောင်ရွက်မှုကြောင့် ကုန်ဆုံးသွားရသော
တန်ဖိုးဖြစ်သည်။ တစ်ဦးချင်းမှသည် နိုင်ငံအဆင့် တူညီမှုမရှိစွာ
ဖြစ်ထွန်းကြရခြင်းတွင် ဤအခွင့်အလမ်းအတွက် တန်ဖိုးများပါဝင်နေပါ၏။
ဤတန်ဖိုးများပြားလေ ထိုနိုင်ငံတိုးတက်မှု ဖင့်လေးလေဖြစ်သည်။ ပညာသင်ကြားရေး၌
ကျောင်းများဖွင့်ထားသော်လည်း အရည်အချင်းမပြည့်ဝသော ဆရာ/ဆရာမများကြောင့်
ဆုံးရှုံးမှုများနိုင်သလို ဘွဲ့ရပညာတတ်များ ဖြစ်လာကြသော်လည်း ဘာမှမလုပ်တတ်၊
မကိုင်တတ်ကြ၍ ဘာမှ သုံးမရခြင်းဖြင့် နိုင်ငံတစ်ခုအတွက်
များစွာနစ်နာနိုင်ပါသည်။ စာရွက်ပေါ်တွင် ပညာသင်ရာနှုန်း၊ ဘွဲ့ရ
ရာနှုန်းမှာတွင်မူကား သင့်တင့်လျောက်ပတ်စွာ ရှိနေမည်ဖြစ်ပါသည်။
အချို့မှာ ရွေးချယ်ပိုင်ခွင့်၊ ရွေးချယ်နိုင်ခွင့် နည်းပါးခဲ့ကြသဖြင့်
အပ်စပ်မှုမရှိသောပညာကို သင်ကြားခဲ့ရသည်များရှိပါသည်။ ကိုယ့်အတွက်
Opportunity Cost ရှိလာသလို အခြားသူများအတွက်လည်း ဤတန်ဖိုး
ဆုံးရှုံးကြရပါသည်။ ထိုနည်းတူစွာ နိုင်ငံအတွက်လည်း များစွာအကျိုးဖြစ်ထွန်းမှု
မရျိတတ်ကြပါချေ။
တစ်ဦးချင်းဖြစ်စေ၊ နိုင်ငံအဆင့်ဖြစ်စေ
တိုးတက်မှုဟုဆိုရာတွင် Growth ရော၊ Development ရော ရှိသင့်ပါသည်။ Growth
ဟူသည်မှာ ဝင်ငွေတိုးတက်မှု၊ ကိန်းဂဏန်း တိုးတက်မှု သဘောဖြစ်၍ Development သည်
ဝင်ငွေ၊ ကိန်းဂဏန်းထက်ပိုသော ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။
ပညာသည် ဖွံ့ဖြိုးတိုးတက်မှု၏ အမှန်အကြောင်းရင်းလားဟူသော မေးခွန်းသည်
လေ့လာဆန်းစစ်ကြသူများကြာ ကောင်းစွာ အဖြေမထုတ်နိုင်သေးသော အခြေအနေဖြစ်သည်။
မည်သို့ဆိုစေ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက် အကြောင်းရင်းများစွာတွင် ပညာသည်
အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ကိုတော့ မည်သူမျှ မငြင်းကြပါချေ။ မည်သို့
အဆင့်ရှိသော ပညာ၊ ကုန်ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုတို့၌
မည်မျှတိုက်ရိုက်အသုံးချနိုင်သော ပညာအဆင့်များ ဖြစ်ကြဆိုသည့်အပေါ်မှာသာ
အရေးကြီးပါသည်။ ပညာတတ်များ ပေါကြွယ်ဝသော်လည်း မတိုးတက်နိုင်သေးသော
နိုင်ငံတစ်ချို့လည်းရှိနေပါသည်။ နောက်ဆုံး ပညာရှင်များရော၊ လက်တွေ့နယ်ပယ်မှ
လုပ်ငန်းရှင်များရော ထောက်ခံကြသည့် အယူအဆတစ်ခုမှာ ပညာတတ်များသည်
အရည်အချင်းပြည့် ပညာတတ်သည့်တိုင်အောင် တစ်ဦးချင်း ဆောင်ရွက်နေကြသည်ထက်
စုပေါင်းဆောင်ရွက်နိုင်မှုအား (Collective Workforce) ကို ရယူနိုင်သော
နိုင်ငံများတွင်သာ ရေတို-ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့်
ထုတ်လုပ်စွမ်းရည်များ ဖြစ်ပေါ်ကာ နိုင်ငံတစ်ခုကို
များစွာဖြစ်ထွန်းနိုင်မှုဖြစ်စသည်ဟူသော အဖြေကို တွေ့ရှိကြသည်ဟုဆိုပါသည်။
နေဇင်လတ်
No comments:
Post a Comment