“လူငယ်တန်ဖိုး” အကြောင်း ရေးပေးပါဆိုတော့ အတော်ဝန်လေးနေတယ်။ ရေးစရာ ပြောစရာမရှိလို့ မဟုတ်ပါဘူး။ ရေးစရာ ပြောစရာတွေ များနေလို့ပါ။
“လူငယ်” ဆိုတာ ဘယ်အသက်အရွယ်ကို ပြောတာလဲ? ဆိုတဲ့ ပြောရိုးပြောစဉ်စကားနဲ့
စရမယ် ထင်ပါတယ်။ ဟောပြောပွဲတွေမှာလဲ မေးလေ့ရှိတယ်။ ပရိသတ်ကတော့
ထုံးစံအတိုင်း သတ်မှတ်ချက်တွေကို ပြောကြတယ်။ ပြီးတော့ ကိုယ့်ရဲ့အဖြေကို
ပြောပြဖြစ်တယ်။ “အသက်(၈၀)အောက်ကို ဆိုလိုတာ”ဆိုတော့ သူတို့က ရီကြတယ်။
ကိုယ်က အသက်(၅၀) နဲ့ (၆၀) ကြား ရောက်နေပေမယ့် အသက် (၇၀) ကျော်တွေ
တန်းစီနေတဲ့နေရာမှာ ငယ်သေးလို့ဆိုပြီး ငြင်းပယ်ခံရတာတွေက အများသား။
ဒါပေမယ့်လဲ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ပြောရရင် ကိုယ်လုပ်ခွင့်ရတာတွေ
အများကြီးပဲ။
ကိုယ့်ထက်ငယ်တဲ့ အသက်(၄၀)တန်းတွေ (၃၀) တန်းတွေက ကိုယ်မရခဲ့တဲ့
အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ ရနေကြတယ်။ ဒါတောင်မှ သူတို့ကိုယ်သူတို့
အခွင့်အရေးမရဘူး၊ အခွင့်အလမ်းမရှိဘူး၊ ချောင်ပိတ်နေတယ်လို့ ပြောတတ်ကြတယ်။
ပြီးတော့ ပညာရေးစနစ်က ဘယ်လို၊ ဘယ်သူ ဘယ်ဝါက ဘယ်လိုနဲ့ အပြစ်တင်နေပြီး
ကိုယ်တိုင်က မသမာတဲ့နည်းတွေ၊ ဖြတ်လမ်းနည်းတွေ သုံးခဲ့တာကို ထုတ်မပြောဘဲ
လျှိုနေတတ်ကြတယ်။ ဟိုတုန်းကတော့ လူငယ်ဆိုတာ ရိုးသားတယ်တွေ၊ ဘာတွေ
ပြောပြတာပဲ။ အမြှောက်ကြိုက်တဲ့ လူငယ်တွေကို ပြောတာထင်ပါရဲ့။
အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ရနေတဲ့သူတွေကို ကြည့်လိုက်တော့လဲ
ဟုတ္တိပတ္တိမဟုတ်ဘူး။ ဥပမာ-နိုင်ငံခြားကို သုံးလေးခေါက်မက သွားနေရတဲ့
လူငယ်တွေကို နေရာပေးကြည့်ချင်တာနဲ့၊ ကဲ- ပြောကြစမ်းဆိုပြီး၊
လွှတ်ပေးလိုက်တော့ အင်္ဂလိပ်လိုမပြောဘဲ မြန်မာလိုပြောတာ၊ မကြာခဏတွေ့ရတယ်။
တကယ်တော့ မြန်မာ အများစုပါတဲ့ အစည်းအဝေးမှာ မြန်မာလိုပြောပြီး
ဧည့်သည်အနည်းစုအတွက် ဘာသာပြန်ပေးတဲ့သူ တစ်ယောက်ယောက်ရှိရင် ပြီးတာပါ။
အဲဒီပွဲ စီစဉ်သူတွေကလဲ လူငယ်တွေပါပဲ။ အဲဒီပွဲ တစ်ပွဲမှာ အချိန်တွေနောက်ကျ၊
နောက်ကျရတဲ့အထဲ အချိန်တွေဆွဲလွန်းလို့ အတော်သည်းမခံနိုင်တော့
အမကြီးတစ်ယောက်က ဒီပွဲလုပ်နိုင်တာကိုက လွယ်တာမဟုတ်ဘူး၊ သည်းခံပါလို့
ဆုံးမတယ်။
ရထားတဲ့၊ ရနေတဲ့ အခွင့်အရေးတွေကို အဟုတ်ကြီးထင်ပြီး လက်ကြောမတင်း၊ ဦးနှောက်ကြောမတင်းချင်တာ လူငယ်တန်ဖိုးလား?
ဘွဲ့လေးတွေ ရခါစ၊ ဟိုဟာလဲမလုပ်ချင်၊ ဒီဟာလဲမလုပ်တတ်၊ လစာကနည်းတယ်၊
လစာများတဲ့ အလုပ်က ကိုယ့်ကိုမရွေးချယ်။ ဟောပြောပွဲတကာကို လိုက်တက်၊
ကိုယ်နဲ့မတန်မရာ မေးခွန်းတွေ ကိုယ့်ဘာသာကိုယ်တောင် နားမလည်တဲ့ မေးခွန်းတွေ
လျှောက်မေး။ လူပုံအလယ် အထင်ကြီးခံချင်တာလား၊ တကယ်သိချင် တတ်ချင်လို့
မေးတာဆိုမေးပါ။ ကမ္ဘာဆန်တာတွေ ဘာတွေလျှောက်ပြောနေ၊ ကိုယ့်ရပ်ကွက်ထဲက
သာရေးနာရေးတောင် သိတာမဟုတ်၊ ဒါ- လူငယ်တန်ဖိုးလား?
တစ်ချို့ဂျာနယ်တွေမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ဦးစားမပေးလို့၊
ဘတ်စ်ကားစီးရာမှ အမျိုးသမီးတွေ ဒုက္ခရောက်ကြသတဲ့။ ကိုယ်ဖြင့်ကားပေါ်က
မဆင်းရသေး၊ အောက်က တက်တဲ့သူကတက်၊ အမျိုးသမီးတွေကရော သက်ကြီးရွယ်အိုတွေ၊
ရဟန်းသံဃာတော်တွေကို ညှာတာရကောင်းမှန်း၊ ဦးစားပေးရကောင်းမှန်း သိရဲ့လား?
ငယ်ရွယ်တဲ့ သာသနာ့ဝန်ထမ်းတွေကရော၊ သက်ကြီးရွယ်အိုတွေကို နေရာဖယ်ပေး၊
ညှာတာတတ်ရင် ငရဲကြီးတတ်သလား? ကြီးသူကိုရိုသေ (အသက်၊ ဝါ၊ ပညာ၊ အတွေ့အကြုံ
အားလုံး) ငယ်သူကို သနား၊ တန်းတူကို လေးစားဆိုတာ လူငယ်တန်ဖိုး မဟုတ်ဘူးလား။
သိပ်ပြောပြန်ရင်လဲ သူများတွေ အခွင့်အရေးရနေတာကို မနာလိုလို့ နှိပ်ကွပ်တယ်
ဖြစ်ဦးမယ်။ အခွင့်အရေးတွေ ရပေမယ့် မယူသင့်တာ မယူချင်တာ၊ ရတာနဲ့ နောက်မှာ
ပြန်ပေးစရာတွေ ရှိနေလို့ မယူခဲ့တာတွေ ရှိတယ်ဆိုတာ ဘယ်လိုနားလည်အောင်
ပြောရမလဲ? အလုအယက်မယူ၊ ကိုယ်နဲ့ထိုက်ရင်ကိုယ်ရ၊ သူနဲ့ထိုက်ရင်သူရ၊
ကိုယ့်ဥစ္စာမှန်ရင် ကိုယ့်ဆီရောက်၊ သူ့ဥစ္စာမှန်ရင် သူ့ဆီရောက်။
ဝတ်ရုံပြောင်းဝတ်လာတဲ့ ကောင်းကံတွေ၊ မကောင်းကံတွေ တွေ့ရတတ်တယ်ဆိုတာ
အသက်အရွယ်ရ၊ ရင့်ကျက်လာမှ၊ သဘောပေါက်တတ်တဲ့ အရာတွေလား?
ကိုယ်ဟာ လောကကြီးက ရယူဖို့ သက်သက်ပဲ လူဖြစ်လာတာလား? တစ်ခုလေးမှ
ပြန်ပေးဖို့ မရှိဘူးလား? ပြန်ရောမပေးချင်ဘူးလား။ ပေးတာနဲ့ယူတာ ဘယ်ဟာက
ပိုများနေသလဲ။ ပြန်ပေးနိုင်ဖို့ ယူတာလား? ဥပမာ- ပညာဆိုတာမျိုးက
ကိုယ့်မှာရှိမှ၊ သူများကို ပေးလို့ရတာဆိုတော့ သူများပေးနိုင်ဖို့၊
ကိုယ့်မှာရှိအောင် အရင်လုပ်ရတာမျိုးပါ။ ကိုယ့်မှာဖြင့် ဘာမှမရှိသေးပဲနဲ့၊
သူများကို ပေးချင်နေတာလား? မပြည့်သေးရင် တတ်နိုင်သလောက် ပြည့်အောင်ဖြည့်၊
ကိုယ့်မှာအတန်အသင့် ပြည့်နေရင် ကိုယ့်လောက် မပြည့်စုံတဲ့သူကို မျှဝေရမှာ
လူငယ်တန်ဖိုး မဟုတ်ဘူးလား?
အသက်အတန်အသင့် ရလာတော့ လုပ်နိုင်ကိုင်နိုင်တာတွေ၊
လုပ်ချင်ကိုင်ချင်တာတွေကများ၊ အချိန်က မလောက် ဖြစ်တဲ့အခါ (တတ်နိုင်သမျှ
အားမနာပါတယ်) အချိန်တွေ၊ ခွန်အားတွေ ဖြုန်းတီးနေကြတဲ့သူတွေ ကြည့်ပြီး
အသည်းယားလိုက်တာ၊ သူတို့အချိန်တွေကို လုယူချင်လိုက်တာ။ အမြဲတမ်း အလေးအနက်
ထားနေရမယ်လို့ မဆိုလိုပါဘူး။ ရသမျှ အချိန်တွေကို အကောင်းဆုံး အသုံးချတာ၊
အကောင်းဆုံးမြှုပ်နှံနိုင်တာဟာ လူငယ်တန်ဖိုး မဟုတ်ဘူးလား?
မမေ့ခင် ပြောချင်တာလေး တစ်ခုက လောကဓံတရား ရှစ်ပါးကို ခံနိုင်ရည်ရှိတာဟာလဲ
လူငယ့်တန်ဖိုး မဟုတ်ဘူးလား? ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
အချွေအရံပေါများခြင်း၊ အချွေအရံရှားပါးခြင်း၊ ဝင်ငွေကောင်းခြင်း၊
မကောင်းခြင်း၊ အချီးမွမ်းခံရ၊ အကဲ့ရဲ့ခံရဆိုတဲ့ အစွန်းတရားတွေ ဆွဲဆောင်မှု
နောက်ကိုလိုက်ပြီး ကြောက်နေတာ၊ မြောက်နေတာတွေ မဖြစ်နိုင်ဖို့ကတော့
ဘာသာတရား၊ မိတ်ကောင်းဆွေကောင်းနဲ့ စာကောင်းပေကောင်းတွေ ဖတ်ဖို့
လိုအပ်ပါတယ်။
နည်းပညာတွေ၊ အသုံးအဆောင် ကိရိယာတွေ သုံးလိုက်ကြတာ၊ ပြောစရာကို မလိုဘူး။
ဒါပေမယ့် ဘာတွေ သုံးနေကြသလဲ? ဘာအတွက် သုံးနေကြတာလဲ? အင်တာနက်ကြီးရှေ့မှာ
တစ်နေ့လုံး ငုတ်တုပ်ထိုင်၊ ကမ္ဘာလှည့်ရည်းစားထား၊ ရုပ်ရှင်လေး ကြည့်လို့၊
သီချင်းလေး နားထောင်လိုက်၊ အီစီကလီရိုက်လိုက် လုပ်နေတာ လူငယ်တန်ဖိုးလား?
ခင်မောင်ညို(ဘောဂဗေဒ)
No comments:
Post a Comment