chaung na
2011.05.07 နေ့ တောင်ငူမြို့ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲမှ စာရေးဆရာ ဆရာလယ်တွင်းသားစောချစ်၏ ဟောပြောချက်များကို ကျွန်တော် အလွန်ကြိုက်နှစ်သက်မိပါသဖြင့် စာချစ်သူမိတ်ဆွေများကိုလည်း မျှဝေခံစားစေလိုသောကြောင့် mp3 မှ နားထောင်၍ ဆရာ၏ ဟောပြောချက်များကို မူရင်းအတိုင်း ကူးယူတင်ပြရင်း ဆရာလယ်တွင်းသားစောချစ်အား ဂါရဝ ပြုပါသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အပိုင်း (၁)
တောင်ငူမြို့မှ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို အင်မတန် စည်ကား ခန်းနားစွာ လာရောက်ပြီးတော့ အားပေးနားထောင်ကြတဲ့ စာချစ်သူများကို လေးစားပါတယ်။ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆုတောင်းပါတယ်။
ပရိတ်သတ်ကို တောင်းပန်ချင်ပါတယ် ကျွန်တော်က ထိုင်ဟောရတာ ဒူးဂေါင်းမကောင်းလို့ပါ။
ရှေ့က အတ္တကျော်ကို ဆန့်ကျင်ဘက် လုပ်တာမဟုတ်ပါဘူး။ သူက လျှောက်သွားနေတယ်။ ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်လို့ပါပဲ။ အားနာစရာကောင်းတာကတော့ ဟောပြောပွဲ စင်မြင့်တာဝန်ယူဆင်တဲ့သူတွေ ဒီစကားပြောစင်ကို တော်တော်လေးလေးလန်လန် သယ်ထားရမှာပါပဲ။ နှစ်ယောက်စလုံးဘယ်သူမှလည်းမသုံးကြပါဘူး။ ပိုစိတ်ညစ်တာက သူနဲ့ ခပ်ဝေးဝေးတောင် နေချင်ပါတယ် အဲဒီရှေ့ကပုံကို ကျွန်တော်ကြောက်လို့ပါ။ ကျွန်တော်တို့ စင်္ကာပူသွားဟောတုန်းက မောင်စိန်ဝင်း(ပုတီးကုန်း)ရယ် ၊ အော်ပီကျယ်ရယ် ၊ ကျွန်တော်ရယ် သုံးယောက် အဲဒါ စင်္ကာပူက ကလေးတွေက ဒီလို ကာတွန်းပုံနဲ့ သရုပ်ဖော်ထားပါတယ်။ အဲဒီဟောပြောပွဲသွားတုန်းက ကျွန်တော်က ကျန်းမာရေးအားနည်းပါတယ်။ မကောင်းပါဘူး ။ ကိုယ့်ကိုယ်ကို သေမလားတောင် ထင်ပါတယ်။ သူတို့ဖိတ်ထားတာလေး အားနာလို့ ဒီအသွားအပြန်အတွင်းမှာ မသေနိုင်လောက်ပါဘူးဆိုပြီးတော့ သွားဟောတာ ဟောပါတယ်။ ဟောတဲ့ အခါကျတော့ ကျွန်တော်တို့ ပုံသုံးပုံကို နောက်မှာကာတွန်းနဲ့ သရုပ်ဖော်ထားပါတယ်။ ဘာနဲ့ တူတုန်းဆိုတော့ နိမိတ်ကြီးသုံးပါနဲ့ တူပါတယ်။ သူအိုရယ် ၊ သူနာရယ် ၊ သူသေခါနီးရယ် ဘယ်ဟာက ကိုယ့်ပုံမှန်းလည်းမသိပါဘူး။

အတ္တကျော်ကို ကျွန်တော် သိပ်သဘောကျတာပဲ ။ ဆူဒိုနင်
ဆိုပြီးတော့ သူစာတွေရေးတုန်းက လည်း ကျွန်တော်သူ့ကိုမမြင်ဖူးဘူး ၊ မသိဘူး
သူ့စာတွေ ကျွန်တော်ဖတ်ပြီးတော့ သဘောကျတယ်။ အတ္တကျော်ဆိုပြီးရေးတော့လည်း
ကျွန်တော်သူ့ကို မသိဘူး သူ့စာတွေဖတ်ပြီးတော့ သဘောကျတယ်။
ဘာကိုသဘောကျတုန်းဆိုတော့ ဒီလူ တော်တော်လွတ်လပ်လူပဲလို့
စိတ်နေစိတ်ထားလွတ်လပ်တယ် ဘောင်ထဲမှာဒီလူမရှိဘူး ဘောင်ထဲမှာ သူနေကိုနေတတ်မှာ
မဟုတ်ဘူး။ ဘောင်ဆိုတာ သမရိုးကျ သတ်မှတ်ထားတဲ့ စည်းတွေ၊ ကမ်းတွေ၊ ဘောင်တွေ၊
ကလနားတွေ ရှိတယ်။ ဟောပြောပွဲဆိုရင် စာရေးဆရာတွေက
မြန်မာ့ယဉ်ကျေးမှုထိမ်းသိမ်းပြီး တော့ တိုက်ပုံလေး ဘာလေး ဝတ်သွားရတယ်။
တကယ်တော့ အိုက်တယ်ဗျ။ ကျွန်တော်လည် မဝတ်ချင်ဘူး ကျွန်တော်တို့က ဘောင်ထဲနေတာ
ကျင့်သားကျနေပြီ အိုက်တယ်ဗျ အိုက်လည်း ပေဝတ်တယ်။ သူကမဝတ်ဘူး။ ဘယ်မှာ
ကျွန်တော် ပိုသဘောကျသွားတုန်းဆိုတော့ သူနဲ့ ကျွန်တော်
ရန်ကုန်မှာအတူတူနေပြီး စတင်တွေ့ရှိမိတ်ဆက်ရတာက ဘိတ်မြို့မှာဗျ။ ဘိတ်မှာ
ကျွန်တော်က ဟောပြောပွဲသွားတော့ သူကလည်း သူ့ရဲ့ လုပ်ငန်းတစ်ခုပေါ့
နိုင်ငံခြားဧည့်သည် လုပ်ငန်းတစ်ခုလုပ်ဖို့ သွားရင်းနဲ့ တည်းတဲ့ ဟိုတယ်က
အတူတူပဲ။ ဟိုတယ်တစ်ခုတည်းမှာတည်းတယ်။ စပွန်ဆာ လုပ်တဲ့လူကလည်း
တစ်ယောက်တည်းဗျ။ ညကျ ကျွန်တော်တို့ကို ဟိုတယ်တစ်မှာ ထမင်းကြွေးမယ်လုပ်တော့
လာပြီးကျွန်တော့ကို မေးတယ် အတ္တကျော်လည်း ဒီဟိုတယ်မှာရောက်နေတယ်တဲ့
ထမင်းကြွေးရင် ရမလား အတူတူ စားလို့ဖြစ်ပါသလားတဲ့။ ဖြစ်ပါတယ်လို့။ ခေါ်လာတယ်။
ခေါ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ စားတဲ့ဆိုင်မှာ ကာလာအိုကေ
အဆိုတော်တွေလည်း ရှိပါတယ်။ သူသီချင်း ဆိုတယ် ဟာ... သိပ်ကောင်းတာပဲ
အဆိုကောင်းဗျ။ အဲဒီလူ သီချင်းကောင်းကောင်း ဆိုတတ်တယ်။ ကောင်းတာမှ
ပရိုပေါ့နော်ကြေးစားလောက်လိုကို ဆိုတတ်တယ်။ အဲဒီညထဲက သူနဲ့ ကျွန်တော်နဲ့
ခင်မင်ရင်းနှီးသွားတာ နောက်တော့ ကျွန်တော်တို့ ရန်ကုန်မှာ အသက် ၅၀ ကျော်
စာရေးဆရာတွေကို မြတ်ခိုင်တို့ လုပ်တာပေါ့ သီချင်းဆိုပြိုင်ပွဲဆိုပြီးတော့
လုပ်တာ။ လုပ်တော့ ကျွန်တော့် လည်း သူတို့ အတင်းပါခိုင်းတယ် ပါ-ပါတဲ့
ကျွန်တော်ကမေးပါတယ် ပါတဲ့လူတိုင်းကို ငွေတစ်သောင်း ပေးမလားလို့ မြတ်ခိုင်က
ပေးမယ်လို့ ပြောတယ် ပေးမယ် ပါမယ်လို့။ သေချာတယ်လေ တစ်သောင်းကတော့ ရပြီ။
ကောင်းကောင်း မကောင်းကောင်း။ အဲဒီမှာ စည်းကမ်းချက်တွေရှိတယ်
အဲဒီစည်းကမ်းချက်တွေထဲမှာ ပရိတ်သတ်အားပေးမှုရရင် ၁၀ မှတ်။ ပန်းကုံးတွေ ဘာတွေ
လာပြီ စွတ်တဲ့ လူများရင် ၁၀ မှတ်။ အဲတော့ လူတွေက ကိုယ့်လူတွေကို
ခေါ်လာကြပါတယ်။ ဝိုင်းစွတ်ကြတာပါပဲ။ နောက်တစ်ခါ့
အပိုင်း (၂) သို့
--
--
No comments:
Post a Comment