Sunday, December 11, 2011

အကွပ်ကိုကြည့်၍ ဆုံးဖြတ်၍မရသော တောင်းများ



ရှက်ရကောင်းမှန်းသိလာ၍ တစ်စုံတစ်ခုကို ကိုယ်တွင်ရစ်ပတ်ဖုံးအုပ်ရန် ဆုံးဖြတ်လိုက်သော ကျောက်ခေတ်လူသားတို့၏ ကျေးဇူးကြောင့် ယနေ့အ၀တ်အစားပညာရှင်များ ငွေဝင်လမ်းဖြောင့်နေကြပါသည်။ ကမ္ဘာ၏ ပထမဆုံးရက်များတွင် အ၀တ်အထည်သည် လိုအပ်ချက်သက်သက်သာ ဖြစ်ပါသည်။ မမြဲသောသဘောက ကိုင်လှုပ်လိုက်သည့်အခါတွင်မူ ထိုအ၀တ်အစားသည် အဆင်တန်ဆာအဖြစ် ပြောင်းလဲလာရသည်။ နှစ်ကာလ ကြာညောင်းလာပြီးသည့်နောက်တွင်တော့ ဂုဏ်ပုဒ်ကိုဖော်ပြသည့် ကြားခံနယ်တစ်ခုဘ၀သို့ အသွင်ပြောင်းလာပြန်သည်။မည်သို့ပင်ဖြစ်စေ ထိုအချက်များအားလုံးသည် လူသားတို့၏ သတ်မှတ်ချက်များသာ ဖြစ်ကြောင်းကိုတော့ မမေ့လျော့သင့်ပေ။


မမေ့လျော့သင့်သော နောက်ထပ်အရာတစ်ခုမှာ လူတစ်ဦး၏ အ၀တ်အစားသည် ထိုလူ၏စိတ်ကို အစဉ်အမြဲ ကိုယ်စားမပြုနိုင်ဟူသော အချက်ပင်ဖြစ်သည်။ အချို့က အရောင်များကို အဓိပ္ပာယ်ဖွင့်ကြသည်။ အနီရောင်ကို ရဲ့ရင့်သည်ဟု အနက်ပြန်သည် ဆိုကြပါစို့။ မိမိဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အခြေအနေအရ အနီရောင်တူညီဝတ်စုံကို ၀တ်ဆင်ရသော ၀န်ထမ်းများအနက်တွင် ကြောက်တတ်သူမပါဟု မည်သူဆိုနိုင်ပါမည်နည်း။ အဆင်ပုံစံ၊ ပုံပန်းကို ကြည့်ပါဦးမည်လား။ ရုံးစည်းကမ်းအရ ရင်ဖုံးမချွတ်တမ်းဝတ်ဆင်နေရသူတစ်ဦးကို မြန်မာပီသသောစိတ်ဓာတ် အပြည့်အ၀ရှိသည်ဟု မည်သည့်စက်ကိရိယာက တိုင်းတာပေးနိုင်ပါသနည်း။


 ထိုနည်းတူစွာ မိသားစုအခြေအနေအရ စကတ်တိုဝတ်ဆင်ကာ ရုံးဆင်းရုံးတက်ပြုနေရသူကို မျိုးချစ်စိတ်မရှိဟု စွပ်စွဲလျှင် တရားနည်းလမ်းကျသည်ဟု လက်ခံနိုင်ပါမည်လားလက်ခံနိုင်ရမည်က ပြင်ပအဆင်တန်ဆာဖြစ်သော ထိုချည်မျှင်အမျိုးမျိုးကို ကြည့်၍ လူသားတို့၏ စိတ်ဓာတ်ကို အရောင်မခွဲရန်ပင်ဖြစ်သည်။ တောင်းမှာကွပ်ထားသည့်အကွပ်လှပသည်နှင့် ထိုတောင်း၏အသုံးခံနိုင်မှုကို မခန့်မှန်းနိုင်လျှင် လူတစ်ဦး၏ အ၀တ်ကိုသုံးသပ်ကာ ထိုလူ၏အရေးပါမှုကို ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ မြန်မာအမျိုးသားဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်ထား၍ ခတ်မတ်မတ်ထိုင်ကာ မိမိနိုင်ငံကို အထင်သေးသည့် အတွေးခေါင်းထဲရှိနေသူနှင့် တီရှပ်နှင့်ဂျင်းဘောင်းဘီဝတ်ဆင်၍ နိုင်ငံတိုးတက်ကြောင်း ကြံဆောင်နေသူတို့အနက် မည်သူသည် ပိုမို တန်ဖိုးရှိမည်ထင်ပါသနည်း။


 သို့သော်လည်း အချို့က ၀တ်ဆင်ပုံသာ အရေးကြီးသည်ဟု တစ်ယူသန်စွဲကာ မျက်နှာမမြင်ခင် အင်္ကျီကြည့်၍ လူအကျင့်ကို ခန့်မှန်းတတ်ကြသည်။ အထူးသဖြင့် ထိုသို့ပြုကျင့်တတ်သည်က လူငယ်များအပေါ်တွင်ပင်ဖြစ်သည်။လူငယ်များအပေါ်တွင် မေတ္တာမရှိလျှင် အသေးအဖွဲတို့သည်ပင် ပြစ်မှုကြီးများအဖြစ် စွဲချက်တင်ရန် ဖြစ်လာသည်။ ယင်းတို့အနက်တွင် အ၀တ်အစားကလည်း ခေါင်းစဉ်ကြီးတစ်ခုအဖြစ် အသုံးတော်ခံနေရသည်။ အ၀တ်အစားသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲနေသည်မှာ ငြင်း၍မရသော အချက်ပင်ဖြစ်သည်။ ထို့သို့ပြောင်းလဲမှုကြောင့် မနေ့က ထုံးဖွဲ့မှုသည် ယနေ့အဆင်အယင်နှင့် မည်သို့မျှ ထပ်တူမကျနိုင်တော့ပေ။

မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ မရှိမဖြစ်လိုအပ်သောအရာဖြစ်သော်လည်း ဘောင်းဘီသည် လုံချည်ထက်ပိုမို လုံခြုံသည်ကို မမြင်နိုင်ကြတော့ပေ။
မမြင်နိုင်ကြတော့သည့်အပြင် ခေတ်လွန်ဝတ်စားဆင်ယင်မှုအချို့ကို အပြစ်တင်လိုလာကြသည်။ ပေါင်လယ်လောက်စကတ်တိုကို ၀တ်ဆင်ထားသူသည် လိုင်းကားစီးမည့်သူမဟုတ်ပါ။ ဂီတဖျော်ဖြေပွဲများတွင် လူငယ်များနှစ်သက်သလို ၀တ်ဆင်ကြသည်ကို မကျေမချမ်းနိုင်ဖြစ်နေခြင်းသည် မိမိကိုယ်ကိုယ် ပူလောင်အောင် ဖန်တီးနေကြသူများဖြစ်ပါသည်။

 ထိုပွဲလမ်းများသို့ လူငယ်တွေသာ သွားလာကြသည်။ သွားလာသူများ၏ ၉၉ရာခိုင်နှုန်းလောက်က အများနည်းတူ ၀တ်စားလိုသည်။ လူတတ်ကြီးလုပ်လိုသော ကျန်၁ရာခိုင်နှုန်းလောက်က ပုဆိုးဝတ်၍ ထိုဖျော်ဖြေပွဲများသို့သွားရောက်ခြင်းသည် မည့်သူအလွန်ဖြစ်သည်ကို စဉ်းစားကြည့်ရန် အချိန်မလိုအပ်လှပါ။ လူတစ်ဦးက သူ့ပိုင်အ၀တ်အစားကို သူ့ကိုယ်ခန္ဓာတွင် နှစ်သက်သလို ၀တ်စားဆင်ယင်ခြင်းကို စောဒကတက်ရန်အကြောင်းမရှိပေ။ မိမိနှစ်သက်သလို ၀တ်ဆင်ထားပြီးနောက်တွင် ထိုသူသည် ကိုယ်ခန္ဓာအပြုအမူများကို ထိုဝတ်စုံနှင့်လိုက်လျောညီထွေရှိစေရန် မည်သို့လှုပ်ရှားရမည်ကို သင်ကြားစရာမလိုဘဲ တတ်မြောက်ပြီးသား ဖြစ်နေပေလိမ့်မည်။

 တစ်ချိန်က နိုင်လွန်ဇာပါးအကျီင်္ကို အောက်ခံအကျီင်္ရောင်စုံရွေးဝတ်ခဲ့သူတို့က အဘယ်ကြောင့် စကတ်များကို မျက်စိစပါးမွေးစူးနေသည်ကို ခံစားနားလည်ပေးနိုင်ရန်မှာ အတော်ပင် ခက်ခဲလှပါသည်။
ခက်ခဲလှသည့်အပြင် လမ်းလွဲနေသော အတွေးအခေါ်များသည်လည်း ထိုအ၀တ်အစားနှင့် ပတ်သက်၍ပင် ရှိနေပြန်ပါသေးသည်။ “ဟီရိ၊ သြတ္တပ္ပ”ဆိုသည်မှာ “မကောင်းမှုကို ရှက်ခြင်း၊ မကောင်းမှုကို ကြောက်ခြင်း”ဖြစ်ပါသည်။ ခေတ်ပေါ်အ၀တ်အစားကို ၀တ်ဆင်ထားခြင်းသည် မည်သည့်မကောင်းမှုကိုမျှ ကျူးလွန်ရာမရောက်သော်လည်း ထိုစကားလုံးများကို တွင်တွင်သုံးကာ အဆင်အယင်ကို ကဲ့ရဲ့လိုသူတို့သည် တစ်ချိန်က လုံချည်ကို ခြေသလုံးအလယ်ခန့်တိုအောင် မ၀တ်ကြဖူးပါဆိုလျှင်တော့ ယင်းတို့၏ကဲ့ရဲ့ပြစ်တင်စကားကို လက်သင့်ခံရမည် ဖြစ်ပါသည်။ လက်သင့်ခံသင့်မှာ အ၀တ်အစားသည် အရွယ်ကိုလိုက်၍ ပြောင်းလဲသည်ဆိုခြင်းပင် ဖြစ်ပါသည်။

 ယနေ့ဂွကျကျဘောင်းဘီကို ၀တ်ကာလမ်းသလားနေသူတို့သည် နောင်အနှစ်နှစ်ဆယ်ခန့်တွင် ထိုဝတ်စုံမျိုးကို ဆက်လက်ဝတ်ဆင်ရန် ဆန္ဒရှိကြတော့မည် မဟုတ်ပါ။ မည်သည့်မိန်းကလေးကမှလည်း သားသမီးများကို ပြုစုပေးရသည့်အရွယ်အထိ စကတ်အတိုများကို မက်မောနေကြမည် မဟုတ်ပါ။ ထို့အပြင် လူငယ်များသည် အတန်အသင့်ဦးနှောက်ရှိကြသူများ ဖြစ်ပါသည်။ ဘုရားသွားလျှင် ဘောင်းဘီဝတ်ချင်သည်မှာ အလွန်နည်းပါးသော အရေအတွက်မျှသာ ဖြစ်ပါသည်။ သီတင်းကျွတ်ကန်တော့ရာတွင်လည်း အများစုက စကတ်ကို ချွတ်၍ လုံချည်ကို စွပ်တတ်ကြပါသည်။ ထိုအချက်ကို ကောင်းကွက်ရှာချီးကျူးသော လူကြီးရှိပါက လက်တို့ပြောရန် တိုက်တွန်းလိုပါသည်။



 နံနက်ဆည်းဆာအချိန်သည် တစ်နေ့လုံးနှင့်ယှဉ်လျှင် တိုတောင်းလွန်းလှပါသည်။ လူငယ်အဖြစ်ရပ်တည်ရသော နေ့ရက်များသည်လည်း ဘ၀တစ်ခုလုံးနှင့် ယှဉ်တွဲမြင်ယောင်ကြည့်လျှင် လက်ဖျစ်တတွတ်မျှသာဖြစ်သည်ကို သဘောပေါက်နိုင်ကြပါလိမ့်မည်။ တစ်ချိန်ချိန်တွင် ဘ၀အတွေ့အကြုံဖြစ်လာနိုင်သော လူငယ်ဘ၀၏ အမျိုးမျိုးသော ၀တ်စားဆင်ယင်မှုတို့ကို သည်းခံကြစေလိုပါသည်။ “မြန်မာဝတ်စုံဝတ်ကြစမ်း”ဟု မချိတင်ကဲရေရွတ်နေမည်အစား၊ “မြန်မာပြည်တိုးတက်ရာ ကြံဆောင်ပေးရင်း ယဉ်ကျေးမှုကို ထိန်းသိမ်းပေးကြပါလား”ဟု တိုက်တွန်းနိုင်လျှင် ပိုမိုအကျိုးရှိမည် ဖြစ်ပါသည်။

No comments: