Friday, January 27, 2012

"ရှင်သန်လိုက်စမ်းပါ..."




တစ်ခါတုန်းက
အလွန်ဆင်းရဲတဲ့ ဆင်းရဲသားတစ်ယောက်ရှိတယ်။
သူဟာ ရုပ်ဝတ္ထုတွေဆင်းရဲပေမယ့်စိတ်နှလုံးမဆင်းရဲပါဘူး။
ဆင်းရဲလွန်းတာကြောင့် ရွာထဲမှာ မနေနိုင်ပါဘူး။
ရွာပြင်ကတောထဲမှာ နေရပါတယ်။
ရွာပြင်မှာ တဲငယ်လေးတစ်လုံးထိုးပြီး လယ်လုပ်ငန်းကိုလုပ်ပါတယ်။
သူ့ရဲ့တဲငယ်က ကြမ်းခင်းတွေက ကျိုးတိုးကျဲတဲပါ။
နင်းလိုက်တိုင်း အသံတွေမြည်နေတဲ့ကြမ်းခင်းတွေပေါ့။
ဟာလာဟင်းလင်းပြင်ကြီးဖြစ်နေပါတယ်။
ဒါပေမယ့် အမိုးတော့ရှိတယ်။
အမိုးနဲ့အခင်းသာရှိတဲ့တဲလေးတစ်လုံးပေါ့လေ။
ဖြစ်အောင်နေတော့လည်းဖြစ်နေတာပါပဲ။
သူတဲလေးက တောထဲ၊တောင်ထဲမှာဆိုတော့ အပင်တွေကတော့မျိုးစုံပေါက်နေတာပေါ့။
တစ်နေ့တော့ သူရဲ့အိမ်အောက်မှာ ဝါးမြှစ်စို့တစ်ခုပေါက်လာပါတယ်။
မကြာခင်မှာပဲ ဝါးမြစ်စို့ဟာ တဖြည်းဖြည်းကြီးထွားလာပါတယ်။
တစ်နေ့မှာတော့
သူထိုင်နေကျ နေရာလေးမှာ ဝါးမြစ်စို့ဟာလာလာပြီးထိုးထိုးနေပါတယ်။

(အဲဒီအချိန်မှာ သင်သာဆိုရင် ဘာလုပ်မလဲ?....)
(မြှစ်ဟင်းတစ်ခွက်ရလေရဲ့လို့တွေးနေမှာလား?)

အဲဒီ သူဆင်းရဲက သင့်လိုမတွေးဖြစ်ပါဘူး။
သူဟာ ထိုင်နေကျနေရာလေးကနေ နောက်ဆုတ်ပြီးထိုင်လိုက်တယ်။
ဝါးမြှစ်စို့လေးတက်လာနိုင်အောင် သူ့ရဲ့ကြမ်းခင်းကို ချိုးပေးလိုက်ပါတယ်။
သိပ်မကြာပါဘူး။
ဝါးမြှစ်စို့လေးဟာ အပေါ်မှာ အတားအဆီးမရှိတော့ဘူးဆိုတော့
လွတ်လွတ်လပ်လပ် ထိုးထွက်လာတာပေါ့။
ဒါနဲ့ပဲ ထိုင်နေတဲ့ သူဆင်းရဲရဲ့မျက်နှာအမြင့်အထိ ဝါးမြှစ်စို့လေးရောက်လာချိန်မှာ
သူဆင်းရဲက ဝါးမြှစ်စို့လေးကိုသေသေချာချာကြည့်ပြီးပြောလိုက်ပါတယ်။
" ဝါးမြှစ်စို့လေးရယ်...ရှင်သန်လိုက်စမ်းပါ။
ရှင်သန်နိုင်စွမ်းရှိသလောက် ရှင်သန်လိုက်စမ်းပါ။
တကယ်လို့ လိုအပ်လာမယ်ဆိုရင်
ခေါင်းမိုးကိုလည်း ဖွင့်ပေးပါအုန်းမယ်"တဲ့။



++++++++++++++++++


ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီအချိန်ဟာ မျိုးဆက်သစ်လူငယ်လေးတွေကို
ရှင်သန်ခွင့်ပေးဖို့အကောင်းဆုံး အချိန်ရောက်နေပါပြီ။
လူငယ်တွေ အစွမ်းရှိသလောက် ရှင်သန်ခွင့်ပေးနိုင်ဖို့
များများစားစားမလိုအပ်ပါဘူး။
လူကြီးတွေမှာ သဘောထားကြီးတဲ့စိတ်ဓာတ်နည်းနည်းရှိဖို့ပဲလိုအပ်ပါတယ်။
နေရာဖယ်မပေးနိုင်ရင် လူငယ်တွေ ရှင်သန်နိုင်ဖို့
အတော်ခက်ခဲပါလိမ့်မယ်။
"လူငယ်မျိုးဆက်သစ်တွေ
ရှင်သန်နိုင်စွမ်းရှိသလောက် ရှင်သန်လိုက်ကြစမ်းပါ။
တကယ်လို့ လိုအပ်လာမယ်ဆိုရင်......."လို့
ပြောရဲတဲ့လူကြီးတိုင်း၊
သတ္တိရှိတဲ့လူကြီးတိုင်းကို
ကျနော်ဦးညွှတ်လိုက်ပါတယ်။

++++++++++++++++++

တစ်ခါတုန်းက ဝက်တစ်ကောင်ရှိလေရဲ့။
သူက စိတ်မကောင်းကြီးစွာနဲ့နွားကိုပြောတယ်။
"လူတွေက ငါ့ရဲ့အသားကို မြိန်ယှက်စွာစားကြပြီး
ဘယ်သူမှလည်း ငါ့ကို အကောင်းမမြင်ကြဘူး၊
ကျေးဇူးမတင်ကြဘူး။" တဲ့။
နွားကိုမေးလေးထိုးပြီး ဆက်ပြောတယ်။
" အသားပေးတာခြင်းအတူတူ၊
မင်းကိုကျတော့ကျေးဇူးရှင်အဖြစ်တောင် သတ်မှတ်ကြတယ်။
မတရားဘူးလို့ထင်တယ်။
အဲဒါဘာကြောင့်ဖြစ်ရတာလဲ"
နွားကအေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်။
" မင်းက ရှင်တုန်းက ဘာမှမပေးဘူးလေ။
မင်းက စားဖိုးနင့်အောင် စားဖို့လောက်သာ သိခဲ့တာကိုး။
သေတော့မှ ပေးတာ ဘာမှ အကျိုးမများလှပါဘူး။
ရှင်တုန်းပေးဆပ်တာက အားလုံးအတွက် ပိုပြီးအကျိုးများပါတယ်"တဲ့။

++++++++++++++++++

လူကြီးမင်းခင်ဗျား...
မသေခင်လေးမှာ အားလုံးအတွက်အကျိုးများအောင်
ရှင်နေတုန်း ပေးဖြစ်အောင် ပေးလိုက်စမ်းပါ။
အစွမ်းကုန် ရှင်သန်ခွင့်ပေးဖြစ်အောင် ပေးလိုက်စမ်းပါ။
ဝက် မဖြစ်ချင်စမ်းပါနဲ့လို့စေတနာနဲ့ပြောလိုက်ပါရစေ။

++++++++++++++++++

လူငယ်မျိုးဆက်သစ်တွေလည်း
အချိန်အခါနဲ့
အခွင့်အရေးကိုစောင့်မနေဘဲ
ရှင်သန်လိုက်စမ်းပါ။







1 comment:

Anonymous said...

အရမ်း​ကောင်းပါတယ်​ ..
ကျေးဇူးတင်​ပါတယင ....