Wednesday, January 25, 2012

လျှောက်သောလမ်းနှင့် လမ်းလျှောက်ခြင်း၊ လူ



ကျွန်တော် လမ်းလျှောက်နေသည်။ လျှောက်သည့်လမ်းက လမ်းဟုတ်မဟုတ် မသေချာလှ။ ကျွန်တော် လမ်းလျှောက်သည်။ လျှောက်သည့်ခြေထောက်က လမ်းလျှောက်မလျှောက် မသေချာလှ။ ကျွန်တော် လမ်းလျှောက်သည်။ လမ်းက လျှောက်တာလား၊ ကျွန်တော်က လျှောက်တာလား မသေချာလှ။ သို့သော်….။ သို့သော်….။

××××


ကုလားထိုင်လက်ရမ်းကို ကိုင်ကာ ကျွန်တော် လမ်းလျှောက်နေသည်။ လျှောက်ရင်းဖြင့် လဲကျသည်။ ထို့နောက် မတ်တပ်ပြန်ထကာ ကုလားထိုင် လက်ရမ်းကို ကိုင်သည်။ ကျွန်တော် လမ်းပြန်လျှောက်ပါသည်။ လျှောက်သည့်လမ်းမှာ လမ်းမဟုတ်ခဲ့ပါ။ အိမ်ထဲတွင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် အိမ်လျှောက်နေပါသည်။


ဘီဒိုကို လက်ဖြင့် ကိုင်ထားရာက လက်ကိုလွတ်၍ ကုလားထိုင်ဆီ ကျွန်တော် လမ်းလျှောက်နေသည်။ လမ်းသည် ထုံးစံအတိုင်း လမ်းမဟုတ်။ အိမ်ထဲတွင် ဖြစ်သည်။ သို့သော် အိမ်ထဲက လူသွားလမ်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် အိမ်လမ်းလျှောက်နေပါသည်။
ကျွန်တော် ဘာကိုမှ မှီတွယ်၊ ကိုင်ထားခြင်းမပြုဘဲ လမ်းလျှောက်နေသည်။ လျှောက်သည့်လမ်းက လမ်းမဟုတ်ပြန်။ အိမ်ထဲတွင်လည်း မဟုတ်တော့။ ခြံဝန်းထဲတွင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် ခြံလျှောက်နေသည်။

××××


ကျွန်တော် အခန်းလျှောက်သည်။

ကျွန်တော် အိမ်လျှောက်သည်။
ကျွန်တော် အိမ်နောက်ဖေးလျှောက်သည်။
ကျွန်တော် ခြံလျှောက်သည်။
ကျွန်တော် အိမ်လမ်းလျှောက်သည်။
ထို့နောက် ကျွန်တော် တကယ့်အစစ်အမှန်အားဖြင့် လမ်းကို စလျှောက်ရသည်။ လမ်းသည် ပကတိတန်ဖိုးထက် ခံစားမှုတန်ဖိုးက ပို၍ ပြင်းထန်နေခဲ့သည်။ လမ်းသည် တစ်ဖြောင့်တည်း ဖြစ်သည်။ နှင်းဆီတွေ မဖူး။ ခရေတွေ မကြွေ။ တိမ်တွေ ကင်းစင်နေခဲ့သည်။ ကျွန်တော် လမ်းလျှောက်သည်။ ကျွန်တော် လမ်းလျှောက်သော်လည်း လက်တွဲထားခံရသည်။ လက်မတွဲချင်သော်လည်း ခွေးများကို ကြောက်ပါသည်။ ခွေးများကား ကျွန်တော့်ထက် လမ်းပို လျှောက်တတ်ကြသည်။
ခွေးများကို ကြောက်သော်လည်း ကျွန်တော်ကား လမ်းဆက်လျှောက်ခဲ့သည်။ ပန်းတိုင်မရှိပါ။ သွားချင်တဲ့ နေရာ မရှိပါ။ ရောက်တတ်ရာရာ လျှောက်ခြင်း ဖြစ်သည်။ အိမ်ကို ပတ်သည်။ ခြံကို ပတ်သည်။ ရပ်ကွက်ကို ပတ်သည်။ ကျွန်တော် လမ်းလျှောက်ပါသည်။

××××


ဖိနပ်သည် ခြေဖ၀ါးကို ပူးကပ်လျက် လျှောက်သောလမ်းတွင် ခလုတ်မထိ ဆူးမညှိအောင် ကားကွယ်ပေးနိုင်သည်ဟု ကျွန်တော်က ထင်ခဲ့သည်။ ထိုအထင်ဖြင့် ကျွန်တော် ဆက်လျှောက်သည်။ လက်တွဲစရာ မလိုတော့။ လွတ်လပ်စွာ ကျွန်တော် လျှောက်ပါသည်။ လမ်းဆိုသော ဝေါဟာရတွင် ခြေဖ၀ါးတို့၏ အငွေ့အသက်များ ပါဝင်နေခဲ့သည်။ ဖိနပ်တို့၏ ခြေရာများစီးဆင်းနေခဲ့သည်။ ခြေသလုံးတို့၏ သြဇာများ သက်ဝင်နေခဲ့သည်။ ထိုအခါ လမ်းသည် နည်းနည်းစောင်းလာသည်။ ကျွန်တော် အတည့်တိုင်း ဆက်လျှောက်လျှင် လမ်းဘေးက မြောင်းထဲသို့ ကျပါလိမ့်မည်။ ကျွန်တော်သည် လမ်းကို လမ်းစောင်းသည့်အတိုင်း လိုက်စောင်း၍ လျှောက်ရပြန်ပါသည်။

လမ်းသည် လမ်းဘေးနှစ်ခုကို ကာရံထားသည်ဟု ပြောသည်။ အမှန်တော့ လမ်းကို လမ်းဘေးနှစ်ခုက ဘောင်ခတ်ထားခြင်းဖြစ်သည်။ လမ်းဘေးများသည် လမ်းကို ကန့်သတ်ထားကြသည်။ ထိုအခါမှ စ၍ လမ်းတိုင်းသည် လမ်းဘေးနှစ်ခုကြားတွင် မြစ်အသေကြီးတစ်ခုလို စီးဆင်းနေကြပြန်သည်။ ကျွန်တော်က မြစ်အသေကြီးတွင် အမိုက်တွေ မျှောပါနေသလို စီးဆင်းရင်း လမ်းကို ဆက်လျှောက်လိုက်သည်။
လမ်းနှင့် လမ်းဘေးသည် အန္တရာယ်ကို မာယာဝတ်ရုံခြုံထားကြသည်။ လမ်းလျှောက်ပါသည်။ လမ်းပေါ်တွင် ငှက်ပျောသီး အခွံများရှိသည်။ ချော်လဲနိုင်သည်။ လမ်းပေါ်တွင် ကျောက်တုံး၊ ကျောက်ခဲများရှိသည်။ ခလုတ်တိုက်နိုင်သည်။ လမ်းပေါ်တွင် ချိုင့်ခွက်များရှိသည်။ ပြုတ်ကျနိုင်သည်။ ယုတ်စွအဆုံး လမ်းပေါ်တွင် ခွေးချေးပုံများလည်း ရှိသည်။ လမ်းသည် အန္တရာယ်ကို ဟိုနားတစ်စ၊ သည်နားတစ်စဖြင့် ဖြန့်ကျက်ထားတတ်သည်။

××××


လမ်းသည် ကွေ့တတ်သည်။

လမ်းသည် ဖြောင့်တတ်သည်။
လမ်းသည် လမ်းဆုံများရှိသည်။
လမ်းသည် မျက်စိလည်အောင် လုပ်တတ်သည်။
လမ်းသည် တစ်ဆစ်ချိုးကွေ့တတ်သည်။
လမ်းသည် ဂငယ်ကွေ့ ကွေ့တတ်သည်။
လမ်းသည် စက်ဝိုင်းဝင်္ကပါလို အဆုံးသတ်ဖို့ ခက်ခဲလှသည်။
ကျွန်တော်က လမ်းလျှောက်ပါသည်။ လမ်းကွေ့လျှင် လိုက်ကွေ့ရသည်။ လမ်းဖြောင့်လျှင် လိုက်ဖြောင့်ရသည်။ သို့မဟုတ်ပါက လမ်းဘေးရောက်သွားနိုင်သည်။ ကျွန်တော်သည် လမ်းဘေးက လူမဖြစ်လို။ လမ်းပေါ်က လမ်းလျှောက်သူသာ ဖြစ်ချင်ပါသည်။ ကျွန်တော် လမ်းလျှောက်နေပါသည်။ လျှောက်ရင်း လျှောက်ရင်းဖြင့် တစ်ခါတစ်ခါ ကျွန်တော်ကိုယ်တိုင် လမ်းဖြစ်သွားသည်။ အခြားသူများက ကျွန်တော့်ပေါ်ကို လာလျှောက်ကြပါသည်။ တစ်ခါတစ်ခါ ကျွန်တော်သည် ဖိနပ်ဖြစ်သွားသည်။ ကိုယ့်ကိုယ်ကို ပြန်လျှောက်ရပါသည်။ လမ်းသည် နေမထွက်ပါ။ နေမ၀င်ပါ။ လမ်းသည် မိုးကုတ်စက်ဝိုင်းအဆုံးကို မြင်ရသော်လည်း ဘယ်တော့မှ မဆုံးမသတ်တတ်။ လမ်းသည် မာယာနှင့် အတ္တကို အချိုးကျပေါင်းစပ်ထားသော ၀ိုင်တစ်ခွက်ဖြစ်ပါသည်။ ကျွန်တော် လမ်းလျှောက်နေပါသည်။

××××


အနီရောင်လမ်းဟူ၍ ရှိသည်။ အ၀ါရောင်လမ်းဟူ၍လည်း ရှိသည်။ အဖြူရောင်၊ အနက်ရောင် အစုံရှိသည်။ လမ်းများသည် အရောင်မတူသလို ရည်ရွယ်ချက်မတူ။ ကျွန်တော်လမ်းလျှောက်နေပါသည်။ တစ်ခါတစ်ခါ အိပ်မက်တွေကို လွယ်၍ လျှောက်ရပါသည်။ တစ်ခါတစ်ခါ နောင်တတွေကို ထမ်း၍ လျှောက်ရပါသည်။ တစ်ခါတစ်ခါ မာနတွေကို ပစ်ချ၍ လျှောက်ရပါသည်။

လျှောက် .. ။ လျှောက် …။
ဆက်လျှောက် ..။
တစ်နေရာတော့ ရောက်မှာပါ။
သို့သော် ထိုနေရာသည် ကျွန်တော် သွားချင်တဲ့ နေရာလား။ မသေချာလှ။
ထိုနေရာသည် ကျွန်တော် ဖြစ်ချင်တာတွေ ရှိပါသလား။ မသေချာလှ။
လျှောက်ပါသည်။ လမ်း။ လမ်း။ လျှောက်ပါသည်။ လမ်းသည် နာမ်မဟုတ်ပါ။ လမ်းသည် ကြိယာမဟုတ်ပါ။ လမ်းသည် ခံစားမှုမဟုတ်ပါ။ လမ်းသည် အိပ်မက်မဟုတ်ပါ။ လမ်းသည် ပန်းတိုင်မဟုတ်ပါ။ လမ်းသည် မြစ်တစ်စင်းမဟုတ်ပါ။ လမ်းသည် စိတ်ဓါတ်မဟုတ်ပါ။ လမ်းသည် လုံ့လ၀ီရိယ မဟုတ်ပါ။ လမ်းသည် ကြောက်ရွံ့မှုမဟုတ်ပါ။ လမ်းသည် သင်ခန်းစာမဟုတ်ပါ။ လမ်းသည် ပန်းပွင့်များ မဟုတ်ပါ။ လမ်းသည် သီချင်းမဟုတ်ပါ။ လမ်းသည် ဒြပ်ရှိမဟုတ်ပါ။ လမ်းသည် ဗျာပါဒမဟုတ်ပါ။ လမ်းသည် စိတ္တဇမဟုတ်ပါ။ လမ်းသည် ကူးလူးဆက်သွယ်မှုမဟုတ်ပါ။ လမ်းသည် ဆောင်းရာသီမဟုတ်ပါ။ လမ်းသည် နှလုံးသားမဟုတ်ပါ။ လမ်းသည် လိပ်စာမဟုတ်ပါ။ လမ်းသည် မြေပုံမဟုတ်ပါ။ လမ်းသည် သံလိုက်အိမ်မြှောင်မဟုတ်ပါ။ လမ်းသည် အရပ်မျက်နှာမဟုတ်ပါ။ လမ်းသည် …………………….။ လမ်းသည်…………………………။ မ.. ဟုတ်… ပါ။
လမ်းသည် လျှောက်စရာသာ ဖြစ်ပါသည်။

××××


ကျွန်တော်ဟူသော နာမ်စားသည် သင်္ကတမဟုတ်သော အသုံးခံစကားလုံးဗေဒဖြင့် လမ်းလျှောက်ပါသည်။ အစားထိုးဝါကျတို့၏ နောက်ကွယ်တွင် လမ်းလျှောက်ရပါသည်။ ထို့ကြောင့် ဘာသာပြန်သူများ အခက်အခဲ ရှိနေနိုင်ပါသည်။

ကျွန်တော် + လမ်း = ကျွန်တော် လမ်းလျှောက်ပါသည်။
ဖိနပ် + ကျွန်တော် = ကျွန်တော် ဖိနပ်စီးပါသည်။
ဖိနပ် + လမ်း = လမ်းပေါ်တွင် ဖိနပ်မလျှောက်ပါ။
(လမ်း + ကျွန်တော် + နွေရာသီ) - ဖိနပ် = ခြေဖ၀ါး + မခံနိုင်အောင် ပူလောင်ခြင်း
ကျွန်တော် လမ်းလျှောက်နေပါသည်။

××××


အချို့လမ်းများသည် ရာဇ၀င်လမ်းများ ဖြစ်ကြသည်။ အချို့လမ်းများသည် သမိုင်းလမ်းများဖြစ်ကြသည်။ အချို့လမ်းများသည် ကမ္ဘာမကြေလမ်းများ ဖြစ်ကြသည်။ အချို့လမ်းများသည် သပိတ်မှောက်ရန် လမ်းများဖြစ်ကြသည်။

ကိုယ်ပိုင်သည့် လမ်းဟူ၍ မရှိ။ ကျွန်တော် နှစ်သက်ရာ လျှောက်ခဲ့ခြင်း ဖြစ်သည်။
လမ်းများက ကိုယ်ကျင့်တရား ရာသီဥတုများ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပုဂ္ဂလိက ဖေါက်ခွဲမှုများဖြစ်သည်။
လမ်းများပေါ်တွင် တချို့က ရပ်နေကြသလိုနှင့် တကယ်တမ်း ဘယ်သူမှ ရပ်လို့မရကြ။ လမ်းသည် ရပ်နေသော်လည်း ခေါ်ဆောင်နေမည်သာ ဖြစ်သည်။
အချို့လမ်းများသည် ဓါတ်လှေခါးနှင့် တူသည်။ အတက်အကျများလှသည်။
အချို့လမ်းများပေါ်တွင် အချို့က သစ္စာဖေါက်နေကြသည်။ အချို့က သစ္စာအဖေါက်ခံနေရသည်။
လမ်းသည် ပူသည်။ အေးသည်။ မျှတသည်။ မြင့်သည်။ နှိမ့်သည်။
လမ်းပေါ်တွင် တစ်ခါတစ်ခါ အလုပ်ပြုတ်ပါသည်။
လမ်းပေါ်တွင် တစ်ခါတစ်ခါ အောင်မြင်ကြပါသည်။
လမ်းသည် ခလုတ်တိုက်လိုက်၊ လဲကျလိုက်၊ ပြန်ထလိုက်ဖြင့် ကမောက်ကမ ပွဲဈေးတန်းလို ဖြစ်နေသည်။
ကျွန်တော်
လမ်းလျှောက်နေပါသည်။

××××


လမ်းသည် ခရီးတစ်ခုမဟုတ်ကြောင်း ကျွန်တော်မသိခဲ့။ လမ်းသည် အိမ် ဖြစ်ပါသည်။ အိမ်သည် လမ်းဘေးမဟုတ်ဘဲ လမ်းပေါ်တွင်သာ ရှိပါသည်။ အချိန်စက္ကန့်များ၏ ရွေ့လျားမှုတိုင်းတွင် လမ်းသည် ကျွန်တော် လျှောက်လျှောက်၊ မလျှောက်လျှောက် ရွေ့လျားခိုင်းထားသည်။ ကျွန်တော် ရွေ့လျားနေသည် (၀ါ) ကျွန်တော် စီးမျှောနေသည် (၀ါ) ကျွန်တော် အသက်ကြီးနေသည်။ ကျွန်တော် ရပ်တန့်လို့ မရပါ။ ဘယ်တော့မှ မရပါ။

လမ်းသည် ကွေ့လို့ရသည်။ နောက်ပြန်လှည့်လို့ရသည်။ တည့်တည့်သွားလို့ရသည်။ တစ်ဆစ်ချိုးကွေ့၊ ဂငယ်ကွေ့ အစုံကွေ့လို့ရသည်။ သို့သော် နောက်ဆုံးတစ်နေရာတည်းကိုသာ ရောက်ကြမည်ဖြစ်သည်။ လမ်းပေါ်က ပုံရိပ်တွေကို ချန်ထားရမည်ဖြစ်သည်။ လမ်းသည် တစ်ချိန်တည်းနှင့် နှစ်လမ်း၊ သုံးလမ်းလျှောက်လို့ မရ။ လမ်းသည် ကောင်းကင်ရှိသည်။ မြေကြီးရှိသည်။ ဒုက္ခနှင့် ဗျာပါဒ၊ ကတ္တရာနှင့် ရွံ့ဗွက်ရှိသည်။
ခုချိန်ထိ။
အစကတည်းက။
အဆုံးမရှိ။
ပန်းတိုင်မဲ့။
ကျွန်တော်။
လမ်း။
လျှောက်နေပါသည်။

ရင်နင့်အောင်

No comments: