အဆိုအမိန့်ကလေးတစ်ခုရှိပါတယ်။ အဲဒီအဆိုအမိန့်ကလေးက
“အိပ်ရာထဲမှာ တို့ရယ်(ရီ)ခဲ့ကြတယ်။
အိပ်ရာထဲမှာ တို့ ငိုခဲ့ကြတယ်။
အိပ်ရာထဲမှာ တို့ သေကြတယ်” တဲ့။
တကယ့်ကို ရိုးရိုးရှင်းရှင်းကလေးပါပဲ။ ဒါပေမယ့်လည်း အဲဒီ ရိုးစင်းမှုတွေရဲ့ နောက်မှာတော့ တွေးကြည့်စရာတွေက အများကြီးပါ။
သူပြောသလို
‘လောက’ဆိုတာ အိပ်ရာတစ်ခုလို့ သတ်မှတ်ကြည့်လိုက်ပြီ ဆိုပါစို့။ ဒါဆိုရင်
အဲဒီအိပ်ရာထဲမှာပဲ ကျနော်တို့ရဲ့ ဘဝတစ်ခုလုံးကို မြှုပ်နှံထားကြရတာ
ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း ဘဝဆိုတဲ့အရာ ဖြစ်တည်လာပြီဆိုတာနဲ့
ကျနော်တို့ အားလုံးက ဇာတ်စင်ပေါ် ရောက်သွားတဲ့ မင်းသားလို ကွေးနေအောင်
ကကြရတာပဲ မဟုတ်လား။ ပျော်စရာတွေကို တွေ့ရတဲ့အခါ ရယ်ကြမယ်၊ စိတ်ညစ်စရာတွေ
ကြုံရင် ဝမ်းနည်းကြမယ် ငိုကြမယ် စသဖြင့်ပေါ့။ ဇာတ်ရုပ်တွေကလည်း
မျိုးစုံပါပဲ။
လူသားတစ်ယောက်အနေနဲ့ ပျော်စရာတွေ့လို့
ပျော်တာ၊ ငိုစရာတွေ့လို့ ငိုတာဟာ သိပ်မခဲယဉ်းပါဘူး။ ဒီလိုပဲ မွေးဖွားမယ်၊
သေဆုံးမယ်ဆိုတာတွေကလည်း အများ သိထားပြီးတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။
သဘောသဘာဝက အဲဒီလောက် ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း ဆက်စပ်စဉ်းစားသင့်တဲ့
အချက်တွေကတော့ အများကြီးပါ။
တခါတရံကျတော့ ကျနော်တို့က
သူများတွေငိုသလို ငိုတတ်တယ်၊ သူများတွေရယ်သလို ရယ်တတ်တယ်၊
သူများရှင်သန်သလို ရှင်သန်တတ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို
ဂုဏ်ယူနေတတ်ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း တွေးကြည့်တဲ့အခါကျတော့
ခပ်လွယ်လွယ်တွေကိုပဲ ကျနော်တို့က လုပ်နိုင်ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့်
သူများတွေ လမ်းလျှောက်သလို ကိုယ်ကလျှောက်တတ်တယ်ဆိုပေမယ့် ကြိုးတန်းပေါ်မှာ
သူများတွေ လမ်းလျှောက်သလိုတော့ ကိုယ်က လမ်းလျှောက်တတ်ဖို့ မလွယ်ပါဘူး။
ဒီတော့ ကျနော်တို့က လမ်းမပေါ်မှာ သူလိုကိုယ်လို လမ်းလျှောက်နိုင်တာကိုပဲ
ဂုဏ်ယူနေကြမလား၊ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နိုင်ဖို့ရော
မကြိုးစားသင့်ဘူးလားလို့ တွက်ဆကြည့်ရမှာဖြစ်ပါတယ်။ ဒါက ဥပမာအနေနဲ့
ပြောတာဖြစ်ပါတယ်။
လူတိုင်းလူတိုင်း ဘဝတစ်ခုကို
ရှင်သန်နေကြသူတွေပါပဲ။ ဒါပေမယ့်လည်း ဘဝပေးအနေအထားတွေ၊ ယုံကြည်ချက်
ရည်မှန်းချက်တွေ၊ ရွေးချယ်မှုတွေကတော့ ကွဲပြားနေကြပါတယ်။ ဘယ်လိုပဲ
ကွဲပြားနေပေမယ့် ရှင်သန်နေပုံတွေကို ခွဲခြားကြည့်ရင်တော့ ၄ မျိုးလောက်ပဲ
တွေ့နိုင်ပါတယ်။ အဲဒါတွေက ကိုယ့်အတွက် ရှင်သန်နေခြင်း၊ သူတပါးအတွက်
ရှင်သန်နေခြင်း၊ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ ရှင်သန်နေခြင်း၊
ဘယ်သူ့အတွက်မှမဟုတ်ဘဲ ရှင်သန်နေခြင်း တို့ဖြစ်ပါတယ်။
ကိုယ့်အတွက် ရှင်သန်တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဘာကိုပဲလုပ်လုပ်
ကိုယ့်အကျိုးအတွက်သာကြည့်ပြီး လုပ်ဆောင် တတ်တဲ့ ရှင်သန်မှုမျိုးဖြစ်ပါတယ်။
သူ့စိတ်ထဲမှာ သူအကျိုးရှိမယ်ဆိုရင် ဘယ်အရာမဆို လုပ်မယ်၊ သူအကျိုးရှိဖို့ပဲ
အရေးကြီးတယ်လို့ သတ်မှတ်ထားတတ်ပါတယ်။ သူတပါးအတွက်ရှင်သန်နေသူများကတော့
မိမိရဲ့အကျိုးကို လုံးဝမငဲ့ကွက်ဘဲ တပါးသူကောင်းကျိုး မှန်သမျှကို
လုပ်ဆောင်တတ်သူများဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ အရေအတွက်နည်းပါးသလောက်
တန်ဖိုးရှိသူတွေလည်းဖြစ်ပါတယ်။
ကိုယ့်အတွက်ရော
သူတပါးအတွက်ပါ ရှင်သန်သူများကတော့ သူ့အကျိုးကိုယ့်အကျိုးကြည့်ပြီး
လုပ်ဆောင်သူတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရှင်သန်မှု ၃ မျိုးစလုံးက
အကျိုးတစုံတရာရှိတဲ့ ရှင်သန်မှုတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး
အမျိုးအစားဖြစ်တဲ့ ဘယ်သူ့အတွက်မှမဟုတ်ဘဲ ရှင်သန်နေခြင်းကတော့
အဆိုးဆုံးရှင်သန်မှုပါပဲ။ သူတို့ဟာ ကိုယ့်အကျိုး၊ သူ့အကျိုး
ဘာအကျိုးမှမရှိဘဲ ဘဝတစ်ခုကို ဖြတ်သန်းသွားကြသူတွေဖြစ်ပါတယ်။ အတိအကျဆိုရရင်
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ကြားက ကွက်လပ်ကို ကြက်ခြေခတ်များနဲ့
ဖြည့်စွက်သူတွေလို့ ပြောနိုင်မယ် ထင်ပါတယ်။
ဒီတော့
ကျနော်တို့ကရော ဘယ်ရှင်သန်ခြင်းအမျိုးအစားထဲမှာ ပါဝင်နေကြပါသလဲ။
ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်ရင်း သုံးသပ်နိုင်ဖို့ လိုအပ်မယ်ထင်ပါတယ်။
အထူးသဖြင့် ကိုယ်က ဘယ်လိုရှင်သန်ခြင်းမျိုးကို လိုချင်တာလဲဆိုတာရယ်၊
လက်ရှိအချိန်မှာ ဘယ်လို ရှင်သန်နေသလဲဆိုတာရယ်ကို ချိန်ဆကြည့်နိုင်ဖို့
ဖြစ်ပါတယ်။ စဉ်းစားတွေးတောခြင်းဆိုတာ ငွေကုန်ကြေးကျများတဲ့ ကိစ္စရပ် တစ်ခု
မဟုတ်တော့ အားမနာတမ်း စဉ်းစားနိုင်မယ်လို့ ယူဆပါတယ်။
ဖီးလစ် ဘရွတ်ခ်ဆိုသူက ခုလိုပြောပါတယ်။
“ဘယ်သူမဆို မိမိတွေးနေကျအတွေးတွေ၊ လုပ်နေကျအလုပ်တွေကိုပဲ
ကျေနပ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အတွက် ဝမ်းနည်းစရာပါပဲ။
ကြီးမားပြင်းပြတဲ့ဆန္ဒက လုပ်နေကျထက် ပိုပြီးလုပ်နိုင်ဖို့
အကြောင်းအချက်တွေရှိတယ်ဆိုတာကို သိရှိပြီး ကျယ်ကျယ်ပြန့်ပြန့်
လုပ်နိုင်ဖို့အတွက် သူ့ရဲ့စိတ်တံခါးတွေကို ထုရိုက် မဖွင့်ခဲ့ဘူးဆိုရင်တော့
အဲဒီပုဂ္ဂိုလ်ရဲ့ဘဝဟာ တကယ့်ကို သနားစရာ ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မယ်”တဲ့။
ကျနော်တို့အနေနဲ့ မိမိတို့ရဲ့ စိတ်တံခါးတွေကို အသေပိတ်ထားပြီး ဘာမှ
မတွေးကြဘူး၊ ဘာမှ မဆင်ခြင်ကြဘူးဆိုရင်တော့ ကိုယ့်အခွင့်အရေးတွေကို
လက်လွတ်စပယ် ပစ်ထားလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ဘဝအတွက် ဘယ်သူကမှ အမြဲတမ်း
မစဉ်းစားပေး နိုင်သလို ဘယ်သူကမှ လာရောက်ပုံဖော်ပေးနိုင်မှာလည်း
မဟုတ်ပါဘူး။ ဘဝဆိုတာ အရာဝတ္ထုတစ်ခုလို ပုံစံခွက်ထဲထည့်လို့မရပေမယ့်
သံပတ်ပေးရတဲ့နာရီတစ်လုံးလိုတော့ ပုံမှန်ဂရုစိုက်နေဖို့ လိုအပ်ပါတယ်။
အချိန်တိုက်ဖို့၊ သံပတ်ပေးဖို့ မေ့လျော့တာကြာသွားမယ် ဆိုရင်တော့
သုံးမရတဲ့အနေအထားကို ရောက်သွားမှာ အသေအချာပါပဲ။
လောကဆိုတာ
အိပ်ရာတစ်ခုဖြစ်တယ်ဆိုရင် ကျနော်တို့က အဲဒီအိပ်ရာကြီးမှာ
ဘယ်လိုအနေအထားတွေနဲ့ အိပ်စက်ကြမလဲ။ ရိုးစင်းသလောက် ခက်ခဲတဲ့ မေးခွန်းတွေ
ရှိနေပါတယ်။ ကဲ .. ကျနော်တို့ တွေးကြည့်ကြရအောင်ပါ။ ။
ထိန်လင်း
၁၂၊ ၄၊ ၂ဝဝ၃
No comments:
Post a Comment