Wednesday, February 22, 2012

22.02.2012 နေ့ဖတ်ရန်သတင်းများ



အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များန
ှင့် လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ထို့အပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့အား
နေပြည်တော်၌ တွေ့ဆုံခဲ့ချိန်တွင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အာဆီယံ အဖွဲ့ချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက် လေ့လာ စောင့်ကြည့်နိုင်ရန် ကိစ္စရပ်ကို အလေးအနက်ထား စဉ်းစားမည်ဟု သမ္မတ ဦးသိန်းစိန်က အခိုင်အမာ ပြောဆိုခဲ့သည်ဟု
ဒေါက်တာဆူရင်က သတင်းထောက်များကို ထပ်မံ ပြောကြားခဲ့သည်။

"လေ့လာ စောင့်ကြည့်သူတွေ လာရောက်ခွင့်ပေးဖို့ ကိစ္စကို အလေးအနက်ထား စဉ်းစားမယ်လို့ သမ္မတ ဦးသိန်စိန်က ပြောခဲ့ပါတယ်။ ဘယ်အချိန်မှာ လာရောက်ခွင့် ပြုမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို တော့ မသိရသေးပါဘူး" ဟု ဒေါက်တာ ဆူရင်က ပြောပါသည်။

သူ့အနေဖြင့်မူ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုရှိပြီး အာမခံချက် အပြည့်အ၀ရှိသော ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ၌မက ဒီမိုကရေစီ သွားရာ လမ်းတစ်လျှောက်တွင် ပါတီအားလုံး တန်းတူ ညီမျှ အခွင့်အရေး ရရှိ စေလိုကြောင်း၊ အထူးသဖြင့်
နိုင်ငံတကာမှ လိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန်
ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်မှု
များသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန် ကြောင်းကို ပြသရမည် ဖြစ်ကြောင်းနှင့် လိုအပ်သော အကူအညီများကို အာဆီယံက တုန့်ပြန် ကူညီ ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း အစရှိသည်တို့ကို နေပြည်တော်မှ တာဝန် ရှိသူများအား
ပြောကြားခဲ့သည်ဟု ဒေါက်တာဆူရင်က ပြောဆိုခဲ့ပါသည်။

ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင်ခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်အထိ ကြာမြင့်ခဲ့ပါသည်။ ဒေါက်တာ ဆူရင်သည်
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှ လေးရက်ကြာမြင့်မည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ သတင်း ထုတ်ပြန် ထားသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်ပိုင်းတွင်
တွေ့ဆုံ ခဲ့ပြီးနောက် MYANMAR-ASEAN CHAIR 2014 တံဆပ် ရိုက်နှိပ် ထားသော တီရှပ်အား အမှတ်တရ လက်ဆောင် အဖြစ် ဒေါက်တာ ဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်နေစဉ်။

by Myanmar Journal on Wednesday, February 22, 2012 at 6:48am ·

ဂရိ ဝန်ကြီးချုပ် လူးကတ်စ် ပါပါဒေးမိုးစ်ယူရိုဇုန်ထဲက ဂရိ အကြပ်အတည်း ဖြေရှင်းဖို့ တန့်နေဆဲ
ဂရိခ် စီးပွားရေး အကြပ်အတည်းကို ကယ်တင်ဖို့ နောက်ထပ် ထောက်ပံ့မှု အတွက် သဘောတူညီချက် ရနိုင်တယ်လို့ ယုံကြည်ကြောင်း ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ဥက္ကဌ ခရစ်စတင်း လဂါး ကလည်း ဂရိ ဖက်က အပြင်းအထန် ကြိုးစားထားတဲ့ အချက်တွေကို မြင်ရပြီ ဖြစ်တာကြောင့် အခုတော့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံး ပေါင်းပြီး တညီတညွတ်တည်း ဒီကိစ္စကို ဖြေရှင်းဖို့ အရေးကြီးနေပြီး အဲဒီလို လုပ်ဆောင်တဲ့ အခါ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ကလည်း အတူပူးပေါင်းဖို့ အဆင်သင့် ပါဘဲလို့ အိုင်အမ်အက်ဖ် ဥက္ကဌက ပြောပါတယ်။
ဂျာမန် ဘဏ္ဍာရေး ဝန်ကြီးကလည်း သူ့အနေနဲ့ သဘောတူညီချက် ရဖို့ ယုံကြည်မှု ရှိပေမယ့် ဆက်လက် ဖြေရှင်း လုပ်စရာတွေ ရှိနေသေးတယ်လို့ ထောက်ပြ ပြောဆိုခဲ့ ပါတယ်။
ဖြေရှင်းရမယ့် ကိစ္စတွေထဲမှာ အရေး အကြီးဆုံး ဖြစ်တဲ့ ကြီးမားလှတဲ့ ဂရိခ်ရဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို အတန်အသင့် အနေအထားထိ ဘယ်လို လျှော့ပစ်မလဲ ဆိုတာနဲ့ ဂရိ အနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လိုက်နာ ဆောက်ရွက်အောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အခုတော့ နောက်ထပ် အကြွေးတွေကို လျှော်ပစ်နိုင်ဖို့ ဂရိ ဝန်ကြီးချုပ် Lucas Papademos ဟာ ပုဂ္ဂလိက မြီရှင်တွေကို ထပ်မံ ဆွေးနွေး နေတယ်လို့ သတင်းရရှိ ပါတယ်။
အခုကူညီမယ့် ကယ်တင် ထောက်ပံ့ရေး အစီအစဉ် အရ ဂရိခ်ဟာ ချေးငွေ ဒေါ်လာ ဘီလီယံ ၁ရဝ ထပ်ရမှာ ဖြစ်ပါတယ်။


ဆီးရီးယား အပစ်ရပ်ရေး ကြက်ခြေနီအဖွဲ့ ညှိနှိုင်းပေး
နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပို့နိုင်အောင် ကြိုးစားနေ
ဆီးရီးယား နိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ် နှိမ်နင်းမှုတွေ ဖြစ်နေတဲ့ နေရာတွေကို လူမှု ကယ်ဆယ်ရေး အကူအညီတွေ အရောက် ပေးပို့နိုင်အောင် အကန့်အသတ်နဲ့ အပစ်ခတ် ရပ်စဲဖို့ အာဏာပိုင်တွေနဲ့ အတိုက်အခံ အဖွဲ့တွေကြား ဝင်ရောက် ညှိနှိုင်း ကြိုးစား နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။
ဟော်မ်စ် ၊ ဟာမာ့နဲ့ ဒမားစကတ်စ်မြို့တွေက အကြမ်းဖက် နှိမ်နင်းမှု ဖြစ်တဲ့ နေရာတွေမှာ အရေးပေါ် ကယ်ဆယ်ရေး အကူအညီ ပေးနိုင်ဖို့ ရည်ရွယ်တာပါလို့ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
အပစ်အခတ် ရပ်စဲမှု ရခဲ့ရင်လည်း ဒါဟာ အချိန် အကန့်အသတ် တခု အနေနဲ့သာ ဖြစ်လိမ့်မယ်လို့ ကြက်ခြေနီ အဖွဲ့က ညွှန်းဆို ပြောသွားခဲ့ပါတယ်။
သံတမန် အသိုင်းအဝိုင်း ကတော့ အဲလို အပစ်ရပ်မှု ရခဲ့ရင်လည်း နည်းနိုင်သမျှ အနည်းဆုံး အချိန် ဖြစ်တဲ့ နာရီပိုင်း လောက်သာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်း ပြောဆို နေကြပါတယ်။


လစ်ဗျား ဒေသန္တရ ရွေးကောက်ပွဲ ပါလီမန်ရဲ့ အကြိုစမ်းသပ်မှု
ကဒါဖီ အလောင်း ပြထားခဲ့တဲ့ မစ်စရာတာမြို့က အအေးခန်း
လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မစ်စရာတာမြို့မှာ ဗိုလ်မှူးကြီး ကဒါဖီ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်း ပထမဆုံး ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
ကဒါဖီ အုပ်ချုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်လေးဆယ်ကျော် အတွင်း ဒီမိုကရေစီ နည်းလမ်း ကျတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာ မရှိခဲ့ ပါဘူး။
အခု ဒေသန္တရ ရွေးကောက်ပွဲ တွေဟာ လာမယ့် ဇွန်လမှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲတွေ အတွက် ကြိုတင် စမ်းသပ်မှု တခုဘဲလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောပါတယ်။
လစ်ဗျားနိုင်ငံမှာ ကဒါဖီ ဆန့်ကျင်ရေး အုံကြွမှု အတွင်း မစ်စရာတာမြို့မှာ တိုက်ပွဲတွေ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

EU ဘဏ္ဍာရေး ဝန်ကြီးများဂရိအတွက် ကူညီရေး ရံပုံငွေ EU ပေးမည်
 ဂရိနိုင်ငံရဲ့ အကြွေး ဆပ်ရန် ပျက်ကွက် မှုတွေ မဖြစ်ဖို့ ကာကွယ် တားဆီးတဲ့ အနေနဲ့ ကူညီရေး ရံပုံ ငွေတွေကို ထုတ်ပေးဖို့ ဥရောပ ဝန်ကြီး တွေက အင်္ဂါနေ့မှာ သဘောတူ လိုက်ပါတယ်။
ဥရောပ ဘဏ္ဍာရေး ဝန်ကြီးချုပ် ရန်ကလိုဒီ ယွန်ကာ (Jean-Claude Juncker) ကအခု ဒီသဘော တူညီချက်ဟာ ဂရိနိုင်ငံ ရှေ့ရေးကို ယူရိုဇုန် အတွင်းမှာ ရှိနေဖို့ ကူညီရာ ရောက်စေ ပါတယ်၊ ဒါပေမယ့် ဂရိနိုင်ငံ လူအဖွဲ့အစည်း အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှု ကတော့ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဂရိ ဝန်ကြီးချုပ် လူးကပ်စ် ပါပါဒီးမော့စ် (Lucas Papademos) က ဒီသဘောတူညီချက်ဟာ ဂရိနိုင်ငံ တည်ငြိမ်ရေး အတွက် ဦးတည် နေတာမို့ ဒီ ဥရောပရဲ့ ကူညီရေး ရံပုံငွေဟာ ဂရိ နိုင်ငံရဲ့ သမိုင်းဝင် အခွင့်အရေး တခု ဖြစ်တယ်လို့ ပြောပါတယ်။
အခု ဂရိက ရမယ့် ကူညီရေးငွေ ဒေါ်လာ ၁၇၀ ဘီလီယံ ဟာ ဂရိ နိုင်ငံသား တွေရဲ့ လိုလား ချက် ဖြစ်တယ် လို့လည်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြား ခဲ့ပါတယ်။
ဒါပေမယ့် အခု သဘောတူ လိုက်တဲ့ ကူညီရေး ရံပုံငွေ ကိစ္စ ဟာ သာမာန် ဂရိ ပြည်သူတွေကို ကူညီရာ ရောက်မှာ မဟုတ်တဲ့အတွက် ကောင်းမွန်တဲ့ ညှိနှိုင်း ဆောင်ရွက်မှု မဟုတ်ဘူးလို့ အေသင်မြို့ ကုန်သည်များအသင်း ဥက္ကဌ ကွန်စတန်ထိုင်း မိုက်ကယ်လော့စ် (Constantine Michalos) က ပြောကြား လိုက်ပါတယ်။
ဒီသဘော တူညီချက်ကို တုန့်ပြန်တဲ့ အနေနဲ့ အေသင်မြို့မှာ ပြင်ပ စီးပွားရေး စောင့်ကြည့်သူ တွေကို လက်ခံထား ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂရိနိုင်ငံဟာ နိုင်ငံရဲ့အကြွေး ငွေတွေကို တိုင်းပြည် ဝင်ငွေ (GDP) ရဲ့ ၁၂၀% အထိ ၂၀၂၀ ခုနှစ် နောက်ဆုံး ထားပြီး လျှော့ချရမှာ ဖြစ်တဲ့ အတွက် ဂရိနိုင်ငံဟာ အတော်လေးကို ရုန်းကန် ရလိမ့်မယ်လို့ စီးပွားရေး သုံးသပ်သူ တွေက ပြောဆို နေကြပါတယ်။


ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး မဲပေး နေစဉ်ယီမင် မဲပေးရုံ ပစ်ခတ်မှု လူသေဆုံး
သမ္မတ အာလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို အစား ထိုးဖို့ လုပ်တဲ့ ယီမင် နိုင်ငံ ရွေးကောက်ပွဲရဲ့ မဲပေးရုံ နှစ်ရုံ မှာ အင်္ဂါနေ့က အကြမ်းဖက် မှုကြောင့် လူ အနည်းဆုံး ၆ဦး သေဆုံး ခဲ့ပါတယ်။
မဲပေးဖို့ ငြင်းဆိုပြီး ဆန္ဒပြတဲ့ ခွဲထွက်ရေး သမား တွေ ရှိရာ နိုင်ငံ တောင်ပိုင်းမှာ လုံခြုံရေး အဖွဲ့ ဝင်တွေနဲ့ သေနတ် သမား တွေ အပြန် အလှန် ပတ်ခတ် မှုတွေ အကြားမှာ အခုလို သေဆုံးမှု တွေ ဖြစ်ခဲ့တာပါ။
ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး (Abd Rabbu Mansour) ဟာ တဦး တည်းသော ရွေးကောက်ပွဲ ၀င်တဲ့ သမ္မတလောင်းဖြစ်ပါတယ်။
၃၃ နှစ်ကြာ ယီမင် နိုင်ငံကို အုပ်ချုပ် ခဲ့တဲ့ သမ္မတ ဆာလေး (Saleh) က သူ့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြ မှုတွေ လပေါင်း များစွာ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ ရာထူး ကနေ နုတ်ထွက်ဖို့ သဘောတူ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက ယီမင် ပါလီမန်က သမ္မတ ဆာလေး ကို တရား စွဲဆို ခံရမှု ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးတဲ့ နောက်ပိုင်း သူဟာ အခု အမေရိကန် နိုင်ငံမှာ ဆေးကုသမှု ခံယူ နေပါတယ်။


ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဝန်ထမ်းလစာ ကိစ္စ ဦးရွှေမန်း ထပ်မံပြောဆို
နိုင်ငံ့ ၀န်ထမ်း တွေကို လုပ်ခ လစာ တိုးပေး ရေးနဲ့ ပတ်သက် ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ အစိုးရ ကြား အပြန် အလှန် တောင်းဆို မှုတွေ၊ ချေပ မှုတွေ ဖြစ်ပေါ် နေပြီး ရက်ပိုင်း မှာပဲ အင်္ဂါနေ့ မှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် ပြည်ထောင် စု လွှတ်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယကကို ပေးပို့မယ့် သ၀ဏ်လွှာကို အင်္ဂါ နေ့မှာ ပြည်သူ့လွှတ်တော်ထဲမှာ ဖတ်ကြား ရှင်းပြခဲ့ပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌက အစိုးရ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာကို ကျပ်တသိန်း အထိ တိုးမြှင့် ပေးဖို့နဲ့ မဖြစ်နိုင် ပါကလည်း တတ်နိုင် သလောက် တိုးပေးဖို့ အချက် ၁၅ ချက်ပါ သ၀ဏ်လွှာ ထဲမှာ ဖော်ပြ ထားတယ် လို့လည်း သိရ ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ကတော့ ပြည်ထောင်စု လွှတ်တော်မှာပဲ ပြည်ထောင်စု ဝန်ကြီး သုံးဦးက သမ္မတ ကိုယ်စား လှယ်တွေ အဖြစ်နဲ့ လက်ရှိ စီးပွားရေး အခြေ အနေမှာ ဝန်ထမ်း လစာတွေ တိုးလိုက်ရင် လာမယ့် ဘဏ္ဍာရေး နှစ်မှာ တိုင်းပြည် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်း သွားနိုင်တဲ့ အကြောင်း ရှင်းလင်း ခဲ့ပါ သေးတယ်။
အင်္ဂါနေ့မှာ ဖတ်ကြားရှင်းလင်းခဲ့တဲ့ သ၀ဏ်လွှာကို သမ္မတ ဦးသိန်းစိန် ဆီကို လည်း ပေးပို့ ခဲ့တယ် လို့လည်း သိရပါတယ်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် စူရင် ပစ်စူဝမ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မြန်မာအစိုးရ စဉ်းစားမည်
မြန်မာနိုင်ငံရဲ့ လာမယ့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ အာဆီယံက စောင့်ကြည့် သူ တွေ လက်ခံဖို့ ကိစ္စကို အလေးအနက် စဉ်းစားသွားမယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြောတဲ့ အကြောင်း အာဆီယံ က ပြောကြား ခဲ့ပါတယ်။
မြန်မာပြည်ကို အလည်အပတ် ရောက်ရှိနေတဲ့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် စူရင် ပစ်စူဝမ် က မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပွဲ အပြီးမှာ အခုလို ပြောကြား ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ အရင် ၂၀၁၀ ရွေးကောက်ပွဲ မှာတော့ မဲမသမာ မှု တွေ အနှံ့အပြား ဖြစ်ခဲ့တဲ့ အတွက် အခုလာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ သန့်ရှင်း မျှတ ပါကြောင်း မြန်မာ အစိုးရ က ပြလိုရင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ ကို လက်ခံရလိမ့်မယ် လို့ အာဆီယံ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ တွေ ကို စောင့်ကြည့် လေ့လာတဲ့ မစ္စတာ ဆူနိုင်း ဖတ်စူ က ထောက်ပြပါတယ်။
အာဆီယံ အနေနဲ့ ကလည်း ဒီမြန်မာ က ရွေးကောက်ပွဲ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှသာ နိုင်ငံတကာ ကို မြန်မာနဲ့ ပတ်သက်တဲ့ အရေးယူ ဆောင်ရွက်မှု တွေ ရုပ်သိမ်းဖို့ ကူညီ တိုက်တွန်း ပေး နိုင်မှာ ဖြစ်ကြောင်း သူ က ပြောပါတယ်။


အီရန် အဏုမြူ ဓာတ်ပေါင်းဖိုတွေကို ကုလအဖွဲ့ စစ်ဆေးမည်မဟုတ်
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ နျူကလီးယားစက်ရုံတွေက နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် တိတ်တိတ်ပုန်း ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာက စိုးရိမ် ပူပန်မှုတွေ ဖြစ်နေတဲ့ကြားကပဲ ကုလသမဂ္ဂရဲ့ နျူကလီးယားလေ့လာရေး အရာရှိအဖွဲ့အနေနဲ့ အဲဒီ နျူကလီးယားစက်ရုံတွေကို ဝင်ရောက် စစ်ဆေးခွင့် မပြုဘူးလို့ အီရန်က ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံမှာရောက်နေတဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့ဟာ အနာဂတ် ပူးပေါင်းလုပ်ဆောင်ရေး အစီအစဉ်တွေအတွက် အခြေခံ အချက်တွေကို ဆွေးနွေးဖို့ ရောက်လာတာဖြစ်ပြီး နျူကလီးယားစက်ရုံတွေကို စစ်ဆေးဖို့အတွက် မဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ramin Mehmanparast က အင်္ဂါနေ့မှာ ပြောလိုက်တာပါ။
IAEA အဖွဲ့ဟာ သူတို့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွက် တီဟီရန်မြို့ကို တနင်္လာနေ့က ရောက်သွားကြတာပါ။ သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေကို စစ်ဘက် အသုံးပြုရေးအတွက် လုပ်ဆောင်နေခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက် ဖြစ်တယ်လို့ IAEA အဖွဲ့ခေါင်းဆောင် Herman Nackaerts က ပြောပါတယ်။ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေတာလို့ ပြောနေကြတာပါ။ IAEA အဖွဲအနေနဲ့ အဲဒီ နျူကလီးယားစက်ရုံတွေကို သွားရောက် လည်ပတ်ခွင့် ရမရဆိုတာတော့ မသိရသေးပါဘူး။

IAEA အဖွဲ့နေနဲ့ အီရန် နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို တီဟီရန်မြို့အပြင်က သမားရိုးကျ လက်နက်တွေ တည်ဆောက်တဲ့ Parchin ကို သွားရောက် လေ့လာကြမှာဖြစ်တယ်လို့ အီရန်အစိုးရပိုင် ရေဒီယိုက တနင်္လာနေ့မှာ ပြောပါတယ်။

ထိုင်းတောင်ပိုင်း သူပုန်အရေး မလေးရှား ကူညီဖြေရှင်းမည်
By မအေးသန္တာကျော်
ထိုင်းနဲ့မလေးရှား ထိစပ်နေတဲ့ မူစလင်အများစုနေထိုင်ရာ နယ်စပ်ဒေသက သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့ နှစ်နိုင်ငံ ၀န်ကြီးချုပ်တွေက ကတိပြုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်ရဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ တစ်ရက်ကြာ ခရီးစဉ်အတွင်း ၀န်ကြီးချုပ် နှစ်ယောက် တွေ့ဆုံပြီးတော့ အခုလို ကတိပြုသွားတာပါ။ ဒီအကြောင်းကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် (Yingluck Shinawatra) နဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) တို့ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်အပြင်ဘက်မှာ တနင်္လာနေ့က တွေ့ဆုံတုန်း နယ်စပ် မူစလင်သူပုန်တွေ နှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး ကတိပြုသွားကြတာပါ။ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်ခွဲထွက်ရေး သမားတွေအနေနဲ့ အကြမ်းဖက်တဲ့ကိစ္စတွေကို မလုပ်ဆောင်ကြဖို့ နိုင်ငံရေး အစွန်းရောက်မှုကို မစွဲကိုင်ဖို့ တိုက်တွန်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် ကလည်း ထိုင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မူစလင် သူပုန်ထမှု ဖြေရှင်းရေးမှာ အပြည့်အဝ အကူအညီ ပေးပါမယ်လို့ အလည်အပတ် ရောက်လာတဲ့ မစ္စယင်းလပ် ကို ကတိပေးသွားပါတယ်။ ဒီလို ထိုင်းတောင်ပိုင်း ပြဿနာကို ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေပေးမယ်လို့ ပြောသွားတဲ့ တချိန်းတည်းမှာပဲ သူပုန်တွေအနေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့  မစ္စတာ နာဂျစ်က တိုက်တွန်းသွားပါတယ်။
“ထိုင်းတောင်ပိုင်း ကိစ္စကို ရေရှည်အတွက် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ချက်မှာ ကျနော်တို့ဘက်က ဘယ်လို နည်းစနစ်မျိုးနဲ့ ကူညီနိုင်မလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ပေးနိုင်မလဲ၊ တတ်နိုင်တဲ့ဘက်က အကူအညီတွေပေးဖို့ ၀န်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်က တောင်းဆိုသွားပါတယ်။ ဒီပြဿနာက ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာတစ်ခု ဖြစ်တယ်။ တောင်ပိုင်း ဒေသက ပြည်သူတွေအနေနဲ့ သီးသန့်ခွဲထွက်ဖို့ မလုပ်ဆောင်သင့်ဘူး၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုကိုလည်း သူတို့ လက်မခံရဘူး၊ ငြင်းပယ်ရမယ်ဆိုတာ ကျနော်တို့ နှစ်ဘက်စလုံးက သဘောတူပါတယ်။”
ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တော့ မစ္စတာ ရာဇက် ပြောသွားတာဖြစ်ပါတယ်။ သြဂုတ်လမှာ ဝန်ကြီးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ မစ္စယင်းလပ် က အိမ်နီးချင်းနိုင်ငံတွေကို လိုက်နှုတ်ဆက်နေတာမှာ အခု မလေးရှားနိုင်ငံကို သွားရောကိခဲ့တာပါ။ တကယ်တမ်း မလေးရှားကို မနှစ်က အောက်တိုဘာမှာ လာရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ထိုင်းနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးရေဘေးနဲ့ ကြုံခဲ့ရလို့ ခရီးစဉ်ကို အခုထိ ရွှေ့ဆိုင်းပစ်ခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဖြစ်ပြီးကတည်းက မူစလင်အများစု နေထိုင်ရာ မလေးရှားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ မစ္စ ယင်းလပ် က မလေးရှားရဲ့ ထောက်ခံမှုကို ထိုင်းက ကြိုဆိုပါကြောင်းနဲ့ မလေးရှား ဝန်ကြီးချုပ်ရဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို ထောက်ခံပါကြောင်း ပြောသွားခဲ့ပါတယ်။
“ကျမတို့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အာဆီယံ အသိုင်းအ၀ိုင်း တည်ဆောက်မှု၊ ဒေသတွင်း ဆက်သွယ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒေသ စည်ပင်ထွန်းကားရေးတို့အတွက် အခရာဖြစ်တယ်လို့ ထင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း မလေးရှားနိုင်ငံက အာဆီယံရဲ့ ဥက္ကဋ္ဌနေရာမှာ တာဝန်ယူရမယ် ဆိုတော့ အာဆီယံအသိုင်းအ၀ိုင်း ထူထောင်ဖို့ကိစ္စ အဆင်ပြေချောမွေ့မှာပါ။ ပိုပြီးကျယ်ပြန့်တဲ့ အာရှပစိဖိတ်ဒေသမှာ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ဒေသတ တည်ငြိမ်မှုတို့အတွက် အာဆီယံက သော့ချက်ကျတဲ့ အဓိက အင်အားတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
မလေးရှားနိုင်ငံကို တစ်ရက်ကြာသွားရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် ပြောသွားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အစ္စရေး သံတမန်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲဖို့ မအောင်မြင်တဲ့ ကြံစည်မှုနဲ့ သံသယဖြစ်လို့ ဖမ်းခံထားရတဲ့ အီရန်နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ အခုလိုပဲ မစ္စ ယင်းလပ်က မလေးရှားနိုင်ငံကို တစ်ရက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အရင်တစ်ပတ်ကတော့ အဲဒီ ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူ နှစ်ဦးထဲက တစ်ဦးက မလေးရှားနိုင်ငံကို ထွက်ပြေးခဲ့ပြီးတော့ မလေးရှားနိုင်ငံမှာပဲ သူ့ကို ဖမ်းမိခဲ့ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးမှုမှာ ထိုင်းအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းပါ့မယ်လို့ မလေးရှားအာဏာပိုင်တွေက ကတိပြုခဲ့ပေမဲ့လည်း ဖမ်းဆီးမိထားတဲ့ တစ်ဦးကိုတော့ မလေးရှားရဲကပဲ ဆက်ပြီး ထိန်းသိမ်းထားတာပါ။ ဒုတိယတစ်ဦးကိုတော့ ထိုင်းဘက်က မိထားတာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှ မဲခေါင်ဒေသ ဖွံ့ဖြိုးမည်
By ဗွီအိုအေ (မြန်မာဌာန)
လာမယ့် ဆယ်စုနှစ်အတွင်း မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေထဲမှာ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင် အရင်းအမြစ် ဆိုင်ရာ စီမံခန့်ခွဲမှုဟာ အတိမ်းအစောင်း မခံတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့   တနင်္လာနေ့ မဲခေါင်ဒေသ အနာဂတ်အရေး ဆွေးနွေးပွဲမှာ ABD အာရှ ဖွံ့ဖြိုးမှု ဘဏ်က ပြောကြားလိုက်ပါတယ်။
မဲခေါင်ဒေသတွင်းမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ အလုပ်ကိုင်သစ်တွေ ဖန်တီးပေးတာနဲ့ တချိန်တည်းမှာပဲ စွမ်းအင် အရင်းအမြစ် သုံးစွဲမှုကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ အရေးဟာ စိန်ခေါ်နေတဲ့ ပြဿနာလို့ မဲခေါင်ဒေသ ညီလာခံမှာ အာရှဖွံ့ဖြိုးမှု ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ စတီဖင် ဂရော့ဖ် (Stephen Groff) က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကို တနင်္လာနေ့က စတင်ခဲ့ပါတယ်။
မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက  မဲခေါင်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံတွေ တက်ရောက်ခဲ့ကြသလို ပညာရှင်တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ချေတွေကို  ဆွေးနွေးခဲ့ကြပါတယ်။

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြမှု ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံး တက်ပြီ။
တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် ၁၀ရက် ကျော် သွားခဲ့ပေမဲ့ ပြေလည်မှုမရတာကြောင့် အစိုးရပိုင်းဆီတိုင်ကြားဖို့ ဆောင်ရွက်နေပါတယ်။
By အေးအေးမာ 
ရန်ကုန်တိုင်း လှိုင်သာယာစက်မူဇုံ အမှတ် ၃ က တရုတ်သူဌေးပိုင်  တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် ၁၀ရက် ကျော် သွားခဲ့ပါပြီ။ ခုချိန်ထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ညှိနှိုင်းလို့ မရသေးတာ ကြောင့် အလုပ်သမားတွေ အလုပ်ပြန်မဆင်းကြသေးပါဘူး။ အလုပ်သမားတွေက ဒီိပြဿနာကို ဥပေဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့အတွက် ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးဆီ တိုင်ကြားနိုင်ဖို့ အလုပ်သမားခေါင်းဆောင်တွေ ရှေ့နေတွေနဲ့ ဒိကနေ့ တိုင်ပင် ခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေအနေနဲ့  လုပ်အားခနစ်နာကြေးတွေရဖို့အတွက် ဆန္ဒပြနေတာ ရက်အတော် ကြာလာတဲ့အချိန်မှာတော့ ပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားလာခဲ့ကြတာပါ။ မနက်ဖြန်မှာတော့ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ကြား ဖြေရှင်းမူပေးနိုင်မယ့် ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးကို တက်နိုင်ဖို့အတွက် ပြင်ဆင် နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“မနက်ဖြန်မှာ ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့အတွက် သဘောတူညီချက်တွေ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အလုပ်ရှင်ဘက်ကတော့ ညှိနှိုင်းဆွေးနွေးဖို့ လမ်းဖွင့်တာ မရှိတော့ပါဘူး။ ဥပဒေကြောင်းအရ နောက်ထပ် စားပွဲဝိုင်း ပေါ်လာနိုင်ဖို့ အတွက်ဆိုရင် တပိုင်းကလည်း ကျနော်တို့ သူ့ကို အရေးဆိုနေရုံ တောင်းဆိုနေရုံနဲ့ မပြီးဘဲ ကျနော်တို့ဘက်ကနေ အစိုးရကပါ ပါဝင်လာနိုင်ဖို့ နည်းလမ်းကို ရှာဖွေရပါမယ်။ အစိုးရ ပါဝင် ဖြေရှင်းလာနိုင်မယ့် နည်းလမ်းက ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အလုပ်သမားဘက်ကလည်း တရားဝင် အရေးဆိုခွင့် ရှိလာမယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် တစုံတရာကို ကျနော်တို့ ခံယူနိုင်မှာဖြစ်ပါတယ်။”
အခြေခံလစာကိုတောင် အလုပ်ရှင်ဘက်က တိုးပေးဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက် အလုပ်သမားတွေအနေနဲ့  ဥပဒေကြောင်းအရ နစ်နာမှုတွေအတွက် တောင်းဆိုဖို့ လုပ်ဆောင်ရတာ ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် အမျိုးသမီးတဦးကလည်း ပြောပါတယ်။
“အလုပ်သမားတွေရဲ့ အနေအထားက လစာက ခိုင်မာမှုရှိတဲ့ လစာမျိုး၊ ကိုယ့်လုပ်အား နဲ့ ထိုက်တန်တဲ့လစာမျိုး လိုချင်တယ်၊  အလုပ်ရှင်ကလည်း ဒါကို တိုးမပေးနိုင်ဘူး။ အလုပ်သမားတွေကလည်း သဘောမတူနိုင်ဘူး။ ဒါကြောင့် အခြေနေ တင်းမာနေတာ ကြောင့် ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးနဲ့ ဖြေရှင်းဖို့ပဲ လုပ်တာပါ။”
ဝါဏိဇ္ဇပဋိပက္ခရုံးရဲ့  ဖြေရှင်းပေးမူက အလုပ်သမားတွေအတွက် ဘာတွေများ အကျိုး ဖြစ်ထွန်းတာတွေ ရှိနိုင်မလဲလို့ မေးတဲ့အခါမှာတော့
“ဒါကတော့ ကျမတို့က ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်တာပေါ့၊ ကျမတို့ ခုလို လုပ်တာကြောင့်  ဥပဒေဘောင်ထဲမှာ ရှိသင့်ရှိအပ်တဲ့ အလုပ်သမားနဲ့ အလုပ်ရှင် အတွက် တကယ် မှန်ကန်တဲ့ ဥပဒေနည်းလမ်းတရပ်လည်း ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ရလဒ်ဆိုတာကတော့ ရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တာပေါ့။ ဒါကိုတော့ ကြိုပြောလို့ မရဘူးပေါ့နော်။”
အလုပ်သမားခေါင်းဆောင် ၄၀ကျော်နဲ့ ရှေ့နေတွေက ဒီကနေ့ ဆွေးနွေးချက်တွေကို ဆန္ဒပြနေတဲ့အလုပ်သမားတွေကို မနက်ြဖန်မှာချပြပြီးတော့ အများစုရဲ့ ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တွေကတော့ ၀ါဏိဇ္ဇပဋိပက္ခရုံးကို တက်ပြီး ဥပဒေကြောင်းအရသာ လုပ်ဆောင်သွားဖို့ အစီစဉ်ရှိတဲ့အကြောင်း ပြောဆို သွားပါတယ်။
တိုင်ရီဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အပြည့်မ၀မရရှိခဲ့ဘူးလို့ ဆိုပါတယ် ။
အခုတခေါက် ၁၀ရက်ကျော် ကြာဆန္ဒြပမူတွေအတွင်းမှာလည်း အလုပ်သမား ကြီးကြပ် ရေး ကော်မီတီက  တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာကို ၃ ကြိမ် ထက်မနည်း ဖြေရှင်းးခဲ့ပေမဲ့ ပြဿနာဟာ ပြေလည်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေ... PDF Print
Wednesday, 22 February 2012 16:48
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းရခြင်းမှာ - နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ပြည်သူများထံမှ အခက်အခဲများကို ယခုကော်မ ရှင်မှတဆင့် ကူညီဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေနှင့် ဦးဋ္ဌေးမြင့် အပါအ၀င်အဖွဲ့ဝင် စုစုပေါင်း (၄၆)ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များအပါအ၀င် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဥာဏ်များပေးလိုပါက ယခုကော်မရှင်မှ တဆင့်လွှတ်တော်သို့ ဝေဖန်အကြံပြုနိုင်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ အဓိကအားဖြင့် ဆွေးနွေးရာတွင် ၀န်ထမ်းများ၏ လစာစရိတ်များတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေကြေး၏ဖောင်းပွမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများကို ဖော်ဆောင်ရာတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာဖြင့် ပကတိအရှိတရားအတိုင်း ပါဝင်ဆွေးနွေးနိုင်ပြီး အချိန်ကန့်သတ်ချက်ရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကော်မရှင်သို့ စာဖြင့်ဆွေးနွေးအကြံပြုနိုင်ကြောင်း ၊အပြုသဘောဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ 
လွှတ်တော်တွင် ၄င်းပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ သတင်းစာများတွင် ဖော်ပြရာ၌ ပြည့် ပြည့်စုံစုံမဟုတ်ဘဲ ဖြတ်တောက်ထားသည်ကို တွေ့ရပါကြောင်း၊ မိမိပြောကြားချက်များအား အပြည့်အစုံဖော်ပြပါက မိမိအားထိခိုက်နိုင်သည်ဟု ယူဆပြီး ဖြတ်တောက်ထားခြင်းမျိုးဆိုသည်လား မသိကြောင်း၊  ၀န်ထမ်းများ လစာတိုးရန်ပြောသည့် ကိစ္စတွင် မိမိအားအကောင်းဘက်မှ ပြောကြားသူများရှိသကဲ့သို့ ဝေဖန်သည့်ဘက်မှ ပြောကြားသူများလည်းရှိကြောင်း၊ ယခုအချိန်၌ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်၍ ဆွေးနွေးအကြံပေးရာတွင်လည်း ယခင်ကကဲ့သို့ အကြောက်တရားမရှိဘဲ သတ္တိရှိရှိ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ၀န်ထမ်းများ လစာတိုးသည့်ကိစ္စနှင့်ပတ် သက်၍လည်း မိမိအနေဖြင့် အလျော့ပေးသွားမည်မဟုတ်ပဲ ၀န်ထမ်းများ လစာတိုးမြှင့်ရရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစာတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ကိုလည်း ဖြေရှင်းရန် စဉ်းစားသွားရမည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ထမ်းများလစာတိုးရန်နှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး ပြောကြားခဲ့ခြင်းအပေါ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲဆွယ်စည်းရုံးခြင်း မျိုးလားဟု ပြည်သူများအကြား၌ ပြောကြားမှုအချို့ ရှိနေခြင်းအပေါ် ဥက္ကဋ္ဌကြီး၏ အမြင်အားသိရှိလိုပါကြောင်း သတင်းသမားတစ်ဦးကမေးမြန်းခဲ့ရာ ''၀န်ထမ်းတွေ လစာတိုးပေးဖို့ ပြောကြားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

''ကျွန်တော် ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာဖေမြင့်ပါ ခင်ဗျာ့  ကျွန်တော်တို့နားထောင်နေရင်းနဲ့ ဥက္ကဋ္ဌကြီးပြောတဲ့အထဲမှာ ပါလာတဲ့ အချက်တစ်ခုကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဥက္ကဋ္ဌကြီးပြောသွားတဲ့မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ မီဒီယာတွေအားလုံးကနေပြီးတော့ ဖြတ်တောက်မှုရှိတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ အတွက်ဆိုရင် အင်မတန်မှ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ အဲဒီဖြတ်တောက်ခြင်းသည် ဥပဒေပြုမဏ္ဍိုင်က ပုဂ္ဂိုလ်တစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ပြန်ပြီးအပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းရဲ့ဘောင်ထဲမှာ ၀င်သလား မ၀င်ဘူးလားဆိုတာကို သိချင်ပါတယ်။ တဆက်တည်းမှာပဲ အဲသလို လွတ်လပ်စွာပြောဆိုခွင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ တဆက်တည်း ကျွန်တော်တို့လို စာနယ်ဇင်း သမားတွေရဲ့ လွတ်လပ်စွာရေးသားခွင့်တွေကို စိစစ်ဖြတ်တောက်တယ်ဆိုတာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်သူ့ရပိုင်ခွင့်တွေထဲက လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဟာကို ကန့်သတ်ရာရောက်ပါသလား။  တနည်းပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိသလား မရှိဘူးလား ဆိုတဲ့အချက်ကလေးကို ကျွန်တော်သိချင်ပါတယ်''ဟု ဦးဖေမြင့်၏ မေးမြန်းချက်အပေါ် ဥက္ကဋ္ဌ သူရဦးရွှေမန်းက '' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာအမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များကဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်ဆွေးနွေးတင်ပြခဲ့ပြီး မီဒီယာများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

http://news-eleven.com

No comments: