Sunday, February 12, 2012

ပျော်အောင်နေရင် ပျော်ပါတယ်



ဘဝ ဘဝတွေမှာ လူတိုင်း ပျော်ရွှင်စရာတွေနဲ့ချည်းပဲ ကြုံချင်ကြမှာပါ ။ လူတိုင်းရင်မှာ အပျော်အညွှန့်လေးတွေ တလူလူနဲ့ ရှိနေပြီး လက်ရှိ ရှိရင်းစွဲဘဝကို အဲ့ဒီ ပျော်ရွှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဖြတ်သန်းရင်း ကုန်ဆုံးနေရတာပါ။ လူတိုင်းက ပျော်စရာကို လိုက်ရှာနေသလိုပဲ  ဘယ်နားလေးမှာ ရှိလေမလဲ အထင်နဲ့ .. သို့မဟုတ် . ဘယ်သူတွေနဲ့ ရှိနေရင် ပျော်ရမှာပဲ .. စသဖြင့် .. အတွေးကိုစီပါ ။

တခါတခါ ပျော်သလိုလိုရှိပေမဲ့ မပျော်သလိုပဲ ..း) ။ ဟုတ်တယ် ပျော်စရာနည်းနည်းနဲ့ မပျော်ပဲနေရတာတွေပါ ။ တချို့တလေ လည်း ပျော်သလို တချို့တလေကတော့ မပျော်ပဲ နေ့တိုင်း ဖြတ်သန်းကြရတယ် ။ တချို့က အကြောင်းပြချက်ကလေးတွေနဲ့ .. “ငါတို့ ဘယ်ပျော်နိုင်မလဲ .. ဒီအလုပ်တွေပဲ နေ့တိုင်း မပြောင်းလဲပဲ စက်ရုပ်တွေလို လုပ်နေရတာ ငြီးငွေ့တာပေါ့ .. ” စသဖြင့် တင်ပြကြပါလိမ့်မယ် ။
ပျော်စရာဆိုတာဘာလဲ .. ။ ပျော်စရာက ဘာနဲ့ တိုင်းတာသလဲ ။ ဘယ်လိုပုံစံဆို ပျော်စရာလဲ ။ ကိုယ်ကိုယ်တိုင် တွေးကြည့်ပါ ရေးရေးပဲ ထင်ချင်ထင်ပါမယ် ။ သို့သော် လူတိုင်း ကိုယ့်ကိုယ်ကို ပျော်သလား ၊ မပျော်သလား ခွဲခြားနိုင်တာတော့ အမှန်ပါ ။ ပျော်ရွှင်ချိန်ဆိုတာ .. အားရ ကျေနပ်ပြီး စိတ်ထဲ နှစ်သက်နေရင် ပျော်ရွှင်ချိန်ပဲ လို့ ယူဆမိပါရဲ့ ။ ဒီတော့ ပျော်စရာဆိုတာ ဘဝတနေ့တာမှာ ကျေနပ်မှုရှိပြီး နှစ်သက်မှုဖြစ်တဲ့ အချိန်လို့လည်း ကျနော် ယူဆမိပါတယ် ။
ဒီပို့စ်ကို ဖတ်ပြီး စာဖတ်သူဘက်ကနေ “ စာရေးသူကျနော်က ပျော်ရွှင်စေမဲ့နည်းလမ်း တွေ့ထားတယ်လို့အထင်မျိုး ” ထင်နေပါလိမ့်မယ် ။ ဟုတ်ကဲ့ပါ  ကျနော့်အတွေးမှာတော့ ဖြစ်နိုင်တာကို တွေ့မိပါရဲ့ ။သို့သော် လူချင်းလည်း တူချင်မှ တူသလို စိတ်ချင်းလည်း တူချင်မှ တူပါမယ် ။ ကိုယ့်အတွေးရှိနိုင်သလောက် ဆွဲယူ နားလည်စေလိုပါတယ် ။
ကျနော် ဒီနေ့ တွေးမိတာပါ ။ လူ့ဘဝမှာ ပျော်စရာကို လိုချင်ကြတယ် ။ အဲ့ဒီပျော်စရာက ဘာလဲ ။ ဘယ်လိုဆို ပျော်စရာခေါ်လဲ ။ နောက် ပျော်စရာက စိတ်မှာ သိပြီး ဖြစ်တာပဲ  ။ ပြီး တစ်ယောက်ထဲလည်း ပျော်နေလို့ရလား ။ ဆိုတာတွေ စဉ်းစားမိပါတယ် ။ ပျော်ရွှင်မှုဆိုတာ ပျော်ရွှင်မှု ရစေမဲ့ အကြောင်းအရင်း အရင်းအမြစ် တစ်ခုခု ရှိမှ သာ လူ့စိတ်မှာ အမှန်တကယ် ပျော်စရာ ဖြစ်မှာပါ ။ ပျော်ရွှင်စရာ အကြောင်းအရင်းမရှိပဲနဲ့ ဖြစ်ပေါ်လာတဲ့ အပျော်ဟာ အပျော်တုကြီး ဖြစ်နေပါလိမ့်မယ် ။
ကိုယ့်စိတ်ကို ဂရုစိုက်ပြီး မကောင်းတဲ့စိတ် မဖြစ်ပေါ်အောင် သတိပြုနေခြင်းဟာ ကြာလာလေလေ ကျေနပ်မှု ရှိလာလေလေပါပဲ ။ အရင်က ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ မတူပဲ နှစ်သက်စရာ အမြင်တွေနဲ့ ဘဝကို ဖြတ်သန်းနေတာမှာ တကယ် ကျေနပ်တဲ့ ပျော်ရွှင်မှုကို ဖြစ်စေပါတယ် ။ အဲ့ဒီအသိဟာ ကိုယ်နဲ့ ရှိနေလိုက် ဝေးကွာလိုက် ။ သတိရလိုက် ပြန်ရှိနေလိုက်။ မေ့သွားလိုက် ထွက်သွားလိုက်။ ပြန်ဝင်လာလိုက်နဲ့ ဖြစ်ဖြစ်နေတာပါ ။ သတိတရ ကိုယ်နဲ့ ကိုယ့်စိတ် တူတူရှိနေတဲ့အချိန်ဟာ ပျော်ရွှင်မှု ပီတိဖြစ်နေတဲ့ အချိန်ပါပဲ ။
ဘာလုပ်ပါ ညာလုပ်ပါလို့ ကျနော် မပြောလိုပါဘုး ။ လူတိုင်း ကိုယ့်ဘဝကို ဖြတ်သန်းရာမှာ ငြီးညူမှု ဖြစ်လာရင်တော့ အဲ့ဒီနည်းလေးနဲ့ ဖြတ်သန်းစေချင်ပါတယ် ။ တချို့က စက်ရုပ်လူသားတွေလိုပါပဲကွာ ဆိုပြီး ပြောပြတာ ကြုံဖူးပါတယ် ။ ဟုတ်ပါတယ် သူတို စက်ရုပ်လို မနက်အိပ်ယာထ ၊ အလုပ်သွား ၊ အိမ်ရောက် အနားယူ ၊ အိပ်ယာထ ၊ အလုပ်ရောက်နဲ့ ရှိပါလိမ့်မယ် ။ အဲ့လိုဘဝတွေကို စက်ရုပ်မဖြစ်အောင် နေစေချင်တာပါပဲ ။
တချို့က ဆုပေးသလိုမျိုး .. “စိတ်သွားတိုင်း ကိုယ်ပါတဲ့ သူများဖြစ်ကြပါစေ ” ဆိုပြီး ပြောတတ်ကြပါတယ် ။ အဲ့စကားအတွက် ကျနော်စိတ်ကူးအနေဖြင့် မဖြစ်နိုင်ဘူးလို့ယူဆမိပါတယ် ။ ဘာလို့လဲဆို ငြိမ်ငြိမ်မနေတဲ့ စိတ်နောက် ဒီ ခန္ဓာကိုယ်ကိုသာ ပူးတွဲ ကပ်ပါအောင် လုပ်ရရင်တော့ အမောဆို့ သေဖို့ပဲ ရှိပါလိမ့်မယ် ။ ထိုဆုပေးသလိုမျိုး မဟုတ်ပဲ “ ကိုယ်သွားတိုင်း စိတ်ပါအောင် နေနိုင်တဲ့သူများဖြစ်ကြပါစေ ” ဆိုရင်ရော ..။ ဒါကိုတော့ ကျနော် သဘောကျပါတယ် ။ ခု တရားဓမ္မတွေ လုပ်နေကြတဲ့ ယောဂီတွေဟာ ကိုယ်သွားတိုင်း စိတ်ပါအောင် လုပ်နေကြတာပါပဲ ။ စိတ်နဲ့ ကိုယ်နဲ့ ကပ်ထားပြီး သတိသမာဓိ ကောင်းအောင် လုပ်ကြတာပါ ။ ဒါဟာ ကိုယ့်အတွက် အကျိုးပိုရှိမယ်လို့လဲ ယူဆမိပါတယ် ။
ဒီတော့ .. ကိုယ့်စိတ်ကို ကိုယ်ပြန်သိနေတဲ့ အကျင့်နဲ့ ဘဝမှာ ကျေနပ်ပျော်ရွှင်မှုတွေ ရလာဖို့ ပျော်အောင်နေကြည့်ကြပါလို့ မျှဝေချင်ပါတယ် ။ အနေတတ်သူများ ဖြစ်ကြပါစေ…. ။
ဘာနေ
၎ရက် ၊ နိုဝင်ဘာ၊ ၂၀၁၁

No comments: