Sunday, February 12, 2012

သိနေပြီးသားတွေပါ… သို့သော်..



လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ မှန်သမျှ အစရှိသလို အဆုံးဆိုတာလည်းရှိပါတယ် ..။ စလိုက်မိတဲ့ အစတစ်ခုဟာ သူ့ပင်ကို တစ်ခုလုံးရဲ့ သက်ေ၇ာက်မှု အရှိန်ကုန်သွားရင် ဆုံးသွားတာပါပဲ .. ။ ထို့အတူ လူ့ဘဝဟာလည်း တူတူပါပဲ .. ကျနော်တို့ လုပ်ရပ်တွေရဲ့ သက်ရောက်မှုကြောင့်သာ သံသရာကြောမှာ မဆုံးနိုင်ပဲ မျှောနေရတာပါပဲ ..။ လူသားဆိုတဲ့ ကျနော်တို့ ယခုဘဝမှာ အသိဥာဏ် ဓမ္မတံခါး မဖွင့်နိုင်ရင်ဖြင့် အဆုံးသတ်နိုင်မည်မထင်ပါဘူး …။

တကယ်တော့ ဖြစ်စဉ်တွေက ရိုးရိုးလေးပါ ..။ ဒါလုပ်လို့ ဒါဖြစ်လာတာ…။ ဒါမလုပ်ရင် ဒါမဖြစ်ဘူး ။ အဲ့ဒီလိုပဲ ပုံစံအမျိုးမျိုး ခံစားမှု အမျိုးမျိုးတွေဟာလည်း ပြုလုပ်လိုက်တဲ့ ကံကြောင့်  အကျိုးအဖြစ် ထင်ပေါ်လာတာတွေပါပဲ ..။  စိတ်ခံစားမှု အပိုင်းမှာ ခံစားစိတ်ကို လက်ခံလို့ ခံစားမှု ဖြစ်နေတာပါ ..။ ခံစားတဲ့စိတ်ကို လက်ခံမထားဘူးဆိုရင် ခံစားမှု ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး ..။ လူတိုင်းလိုလို ကိုယ့်စိတ်ခံစားချက်ကို သေချာ စိစစ်တွေးပြီး နေစေချင်မိပါတယ် …။ ထိုသို့ ထိန်းနိုင်မယ်ဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေဟာ ဖြစ်သင့်တာလား မဖြစ်သင့်တာလားဆိုတာ ချိန်ဆသွားလို့ရလာပါလိမ့်မယ် ..။ ကျနော်တို့ ကိုယ်တိုင်ဟာ တချို့အရာတွေမှာ ဘာမှမဟုတ်တဲ့ အတွေးတွေကို  စိတ်ထဲ ထည့်ထားမိတတ်ကြလို့ပါပဲ ..။
ယခု လူ့ဘဝကြီးမှာ ကျနော်တို့ ယခုလို အသက်ရှင်နိုင်ခဲ့တယ် ..။ ဒါ ကောင်းမွန်ခြင်းတစ်ခုပါ ..။ အဲ့ဒီလို မွေးဖွားရှင်သန်ခြင်း ဖြစ်လာလာလို့ ပျက်စီးသေဆုံးခြင်းဆိုတာလည်း ရှိနေမှာပါပဲ  ..။ ဒါတွေအတွက် မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ တဖြုတ်ဖြုတ်သေနေခြင်းတွေက သက်သေထူနေတာပါ…။ ကျနော်တို့ အဲ့ဒီ သေဆုံးခြင်းတွေကို သိတယ် .. ကိုယ်ကိုယ်တိုင် အဲ့ဒီလို သေရမှာလည်း သိနေတယ် ..။ သို့သော် .. ကိုယ်ဖြတ်သန်းတဲ့ နေ့တွေအတွက် တန်ဖိုးမဲ့တဲ့ လုပ်ရပ်များဖြင့်  မရိုးသားနိုင်ကြဘူး …။ မရိုးသားခြင်းဟာ မကောင်းမှန်းသိပေမဲ့ မပယ်ဖျောက်နိုင်ကြဘူး ..။ ဒါဘာကြောင့်လဲ .. ဆိုရင် ကျနော်တို့ အချိန်ကာလ အတိုင်းအတာတစ်ခုကနေ အမြစ်တွယ်လာတဲ့ အကျင့်တွေကြောင့်ပါပဲ …။ အဲ့ဒီအမြစ်တွေကို မရှိအောင် သေဆုံးအောင် မရှင်သန်အောင် မလုပ်နိုင်ဘူးလားဆိုရင် လုပ်နိုင်ပါတယ် လို့ပဲ ပြောချင်မိတယ် ..။
ရုပ်ကို စိတ်က မှီပြီး ဖြစ်တည်သလို .. စိတ်ကိုလည်း ရုပ်က မှီနေပါတယ် ..။ စိတ်ပန်းရင် ကိုယ်နွမ်းဆိုသလိုပါပဲ ထိုအရာနှစ်ခုက ဒွန်တွဲနေပါတယ် .။ ရုပ်ဆိုတာကို ကျနော်တို့ အစိုးမရပါဘူးဟု ဆိုချင်မိပါတယ် .. ဘာကြောင့်လဲ ဆိုရင် တရားတွေထဲမှာတောင် ကြားနာရဖူးပါလိမ့်မယ် … နာတာကို မနာပါနဲ့ လို့ ပြောမရသလို ဗိုက်ဆာတာကိုလည်း မဆာပါနဲ့ ပြောလို့မရနိုင်ပါဘူး ..။ ဒီတော့ ရုပ်ခန္ဓာဟာလည်း အစိုးမရပါဘူး ..။ ရုပ်ကို အစိုးမရရင် ကျန်တာ နာမ်ဟုခေါ်သော စိတ်ကိုပဲ အစိုးရအောင် ကျနော်တို့ လုပ်ရပါလိမ့်မယ် ..။ ကျနော်တို့ ပိုင်ဆိုင်ထားတဲ့ စိတ်အိမ်ဟာလည်း သာမန်အားဖြင့် ငြိမ်ငြိမ်နေတတ်တဲ့ အစားမှ မဟုတ်တာ ..။ အချိန်ကာလ အပိုင်းအစ အတွင်းမှာပဲ ရောက်ချင်တာ ရောက် ဖြစ်ချင်သလို ဖြစ်နေကြတာပါ ..။ ခုအချိန်တရားရှိနေပြီး ခဏနေရင် တရားရှိချင်မှ ရှိနေတတ်တာ ..။ အမြဲတမ်းလည်း မကောင်းသလို .. အမြဲတမ်းလည်း မဆိုးနေပါဘူး ..။
တိုက်ဆိုင်မှုတွေနဲ့ ခံစားမှုတွေကြားမှာ စိတ်ဟာ ရိုင်းရင်လည်း ရိုင်းသွားတယ် ယဉ်ကျေးရင်လည်း ယဉ်ကျေးသွားတတ်တယ် ..။ ပုံစံအမျိုးမျိုးအဖြစ်လည်း ပြောင်းသွားတတ်ပြန်ရော …။ တချို့ကလည်း အဲ့ဒီစိတ်ကို အစိုးမရတဲ့ စိတ် ဆိုပြီး သတ်မှတ်ပုံဖော်ကြတယ် ..။ တကယ်မှာတော့ အစိုးရအောင် မလုပ်နိုင်လို့ အစိုးမရဘူးဆိုပြီး သတ်မှတ်ကြတာပါ ..။
အဲ့ဒီလို ကျနော်က စိတ်အကြောင်းကို ပြောပြီး ကျနော်ကိုယ်တိုင်ကရော လုပ်နိုင်သလားဆိုရင် … မလုပ်နိုင်သေးပါဘူးလို့ ဝန်ခံရမှာ သေချာပါ ..။ ကြိုးစားတော့ ကြည့်နေပါတယ် .. မပြင်းထန်သေးပါ .. စိတ်ထဲ တိုက်ဆိုင်မှ လုပ်ကြည့်တတ်တာမျိုးပါပဲ ..။ အဲ့ဒါဆိုရင်  ဒီအချိန်မှာ မင်းမလုပ်နိုင်ပဲ တခြားသူကိုဘာလို့လုပ်ခိုင်းသလဲလို့ ဆိုရင်တော့ .. ကျနော့်ရေးလိုက်တဲ့ စာကနေ လုပ်နိုင်တဲ့သူတွေအတွက် သတိတခု ရသွားစေချင်တာမို့ မျှဝေသလို ပြောပြရခြင်းပါပဲ..။ လူတိုင်းလူတိုင်းအတွက် ကိုယ့်စိတ်ကို ထိန်းဖို့ ကောင်းတဲ့လမ်းတွေဆီကို သွားစေဖို့ အကောင်းဆုံးကတော့ သတိပါပဲ ..သတိရှိမှ ဖြစ်မှာပါ  ။ ဒီသတိဆိုတာဟာလည်း အများတကာသိနေတဲ့ အချက်ပါ ..။ သို့သော် အများတကာလည်း လွဲနေတဲ့ အချက်ဖြစ်ပါတယ် ..။  အများစုမှာ လိုချင်၊ ဖြစ်ချင်မှုသာ ရှိပြီး သတိရှိဖို့ ကြိုးစားမှု စိတ်အား မထက်သန်ကြပါဘူး ..။ ဒီစာကိုရေးနေတဲ့ သူကိုယ်တိုင်ကပဲ သတိတရားရှိတာ ကောင်းမှန်းသိပေမဲ့ ကိုယ်တိုင် ရယူနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ် .(သိနေခြင်းပါ  :) ) . ။ ဒါကတော့ ဖြစ်ပျက်နေတဲ့ နိစ္စဓူဝ တနေ့တာအတွင်းမှာ သတိမထားမိမှာ စိုးတဲ့ အကြောင်းအရာတွေပါပဲ …။
ဒီတော့ သတိရှိအောင် .. မိမိလုပ်နေတဲ့ အလုပ်တွေကို မိမိဘာလုပ်နေမှန်းသိတဲ့ အသိကလေး ဖြစ်ပေါ်နေအောင် လုပ်ပေးကြပါ..။ ပစ္စုပ္ပန်ကာလ လက်ရှိဖြစ်ပေါ်နေတဲ့ကာလ ကလေးမှာပဲ စိတ်ထဲကနေ မှတ်ပေးခြင်းဖြင့် သတိဆိုတာသည် မိမိဖြင့် ရင်းနှီးလာပါလိမ့်မယ်…။ အချိန်တွေဖြင့် တည်ဆောက်ထားတဲ့ မိမိဘဝကြီးမှာ သတိတရားကို ဦးစွာ ရနိုင် ပိုင်နိုင်အောင် လုပ်ထားကြပါလို့ ပြောချင်မိပါတယ် …။
ဘာနေ
3-10-2011

No comments: