Wednesday, March 28, 2012

ဂုဏ်တော်ပွားနည်း





ဂုဏ်တော်ပွားနည်း
[By Khine Khine ]

မြန်မာဗုဒ္ဓဘာသာဝင်များသည် ဂုဏ်တော်ပွားတတ်ကြပါသည်။ ဂုဏ်တော်ပွားခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်ပါသည်။ ဂုဏ်တော်ပွားရာ၌ အချို့က စိပ်ပုတီးစိပ်ပြီး ပွားများကြ၏။ အချို့က စိပ်ပုတီးမသုံးဘဲ ဘုရားဂုဏ်တော် သက်သက်ကိုသာ အာရုံပြုပြီး ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်အောင် ပွားများကြသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကမူ စိပ်ပုတီးကို အသုံးမပြုခဲ့ကြပေ။ဂုဏ်တော်ပွားကြမှုချင်း တူညီစေကာမူ ဂုဏ်တော်ပွားခြင်း၏ ရည်ရွယ်ချက်နှင့် ပွားပုံပွားနည်းချင်းမှာမူ မတူညီကြပေ။
ဘုရားရှင်၏ ဂုဏ်တော်များကို ပွားများစိမ့်ထုံရင်း အတွင်းသန္တာန်ထဲ၌ ကိလေသာ အနယ်အမှုန်များ တဖြည်းဖြည်းချင်း နည်းပါးလာကာ စိတ်နှလုံး ငြိမ်းအေးဖြူစင်လာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဂုဏ်တော်ပွားသူတွေ ရှိပါ၏။ သူတို့၏ ရည်ရွယ်ချက်မှာ မွန်မြတ်လှပါ၏။ သန့်စင်ပါ၏။ ထိုသူများသည် ထေရ၀ါဒီ ဆရာတော်ကြီးများ၏ အဆုံးအမနှင့် ထေရ၀ါဒ ဗုဒ္ဓဓမ္မတို့၏ လမ်းညွှန်ချက်ကို ရရှိသောကြောင့် ဂုဏ်တော်ကို မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ပွားများတတ်ခြင်း ဖြစ်ပါ၏။

အချို့သော ဂုဏ်တော်ပွားသူများကမူ ဘယ်ဂုဏ်တော်ကို စိပ်လျှင် ရာထူးတက်မည် စသော ဂိုဏ်းဆရာ၊ ဘိုးတော်စသူတို့၏ ညွှန်ကြားချက်ဖြင့် လောကီရေးမက်လုံးများကို ဦးတည်ရည်ရွယ်ပြီး ပုတီး စိပ်ကြ၏။ ဤရည်ရွယ်ချက်တွင် လောဘရမ္မက်များ စွန်းထင်းပေကျံနေသောကြောင့် မမွန်မြတ်ပေ။ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ပုတီးစိပ်နေသူများသည် ထေရ၀ါဒီ ထေရ်အရှင်မြတ်ကြီးများ၏ အဆုံးအမကို မခံယူသူများ၊ ထေရ၀ါဒ ဗုဒ္ဓဓမ္မစာပေတို့နှင့် စိမ်းဝေးနေသူများ ဖြစ်တတ်ပါသည်။

ဂုဏ်တော်ပွားပုံ နည်းလမ်းတွင်လည်း ဘာဝနာနည်းဖြင့် ပွားသူအများစုက ဂုဏ်တော်တစ်ပါးချင်းကိုသာ အနက်အဓိပ္ပာယ် သိရှိပြီး လေးလေးနက်နက် နှလုံးသွင်း၏။ ပုတီးစိပ်ပြီးပွားသူများတွင် အများစုက ဂုဏ်တော်ကိုးပါးစလုံးကို ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်လုံးချဖြင့် ခပ်သွက်သွက် စိပ်တတ်ကြသည်။ ပုတီးအပတ်ရေ များရေးကိုသာ ရှေးရှုပြီး ပုတီးလုံးများကို နင်ပြီးနင်ဆင်း စိပ်လေရာ ဂုဏ်တော်တစ်ပါးချင်းစီ၏ အနက်အဓိပ္ပာယ်ကိုမျှ နှလုံးသွင်းချိန် မရတော့။ ပုတီးအပတ်ရေ ဘယ်နှစ်ခေါက်ဆိုလျှင် ဘာဖြစ်မည်ဟူသော ဦးတည်ချက်ပြည့်စုံရေးကို အဓိကထား စိပ်တတ်ကြ၏။

ဦးတည်ရည်ရွယ်ချက်ကလည်း လောဘဖြင့် ကြီးပွားချမ်းသာရေး၊ ပွားပုံပွားနည်းကလည်း မမှန်ကန်သောအခါ ဗုဒ္ဓါနုဿတိ ပွားများရာ မရောက်တော့ပါ။ ဘုရားဂုဏ်တော်များကို နည်းလမ်းတကျ မည်သို့ပွားရမည်ဖြစ်ကြောင်းဟံသာသီရိဆရာတော်ဘုရားကြီးက ဤသို့ လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။

ဘုရားဂုဏ်တော်ကိုးပါးကို နည်းလမ်းတကျ ပုတီးစိပ်လိုရင် ပထမ ဂုဏ်တော်ကိုးပါး ပါဠိအနက်အဓိပ္ပာယ်များကို ကျက်မှတ်လေ့လာ သင်ကြားရပါမယ်။ ဂုဏ်တော်တွေ များများသိအောင်၊ နားလည်အောင် ပြုလုပ်ရပါမယ်။ ဂုဏ်တော်တွေ များများသိနားလည် သဘောပေါက်လေ ဘုရားရှင်ကို များစွာကြည်ညိုပြီး ကုသိုလ်များဖြစ်လေ ဖြစ်တဲ့အတွက်ပါပဲ။အဲသည် ဂုဏ်တော်တွေကို သိပြီးတဲ့နောက် ပုတီးစိပ်တော့မယ်ဆိုရင် ပထမ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလနဲ့ ပြည့်စုံရပါမယ်။ သည်နေရာမှာ နဂိုက သရဏဂုံ သီလတို့နဲ့ မပြည့်စုံသေးရင် ငါးပါးသီလနဲ့ ပြည့်စုံစေဖို့ရာ လက်အုပ်ချီ ဘုရားအာရုံပြုပြီး သရဏဂုံသုံးပါး၊ ငါးပါးသီလတို့ကို ကိုယ့်ဟာကိုယ်ဆိုပြီး ဆောက်တည်လိုက်ပါ။

အဲသည်နောက် လူသူရှင်းလင်းအေးချမ်းတဲ့ စေတီရုပ်ပွား ဘုရားဆင်းတုတော်များရှေ့မှာဖြစ်စေ၊ တိတ်ဆိတ်အေးချမ်းတဲ့ တစ်နေရာရာမှာ ဖြစ်စေ နေထိုင်ပြီး အတုမရှိ သပ္ပာယ်တင့်တယ်တော်မူတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးကာ အထူးကြည်ညိုလေးစားသော သဒ္ဓါတရားဖြင့် မိမိနဂိုက သိထားတဲ့ အရဟံအစရှိတဲ့ ဂုဏ်တော်များရဲ့ အနက်အဓိပ္ပာယ်ကို အာရုံပြုပါ။ ဆင်ခြင်ပါ။ မိမိစိတ်ကို တစ်ခြားအာရုံသို့ မရောက်စေဘဲ ဂုဏ်တော်ကိုသာ အာရုံပြု စိတ်မှာထင်စေပြီး ပွားများပါ။ ပုတီးစိပ်ပါ။ပုတီးစိပ်တဲ့အခါ အရဟံအစချီ ဘဂ၀ါအဆုံး ဂုဏ်တော်ကိုးပါးစလုံးကို တစ်ဆက်တည်း အာရုံပြု ရွတ်ဆိုစဉ်းစားကာ ပုတီးတစ်လုံးချ စိပ်တာထက် မိမိစိပ်လိုတဲ့ ဂုဏ်တော်တစ်ပါးတည်းကိုသာ အာရုံပြု ရွတ်ဆိုစဉ်းစားပြီး ပုတီးတစ်လုံးချစိပ်တာက "အာသေ၀န" အထုံရတဲ့အတွက် ပိုပြီး သမာဓိအား ကောင်းပါတယ်။ သဒ္ဓါတရားလဲ ပိုပြီး ထက်သန်ပါတယ်။

သည်လိုစိပ်တဲ့အခါ ပုတီးလုံးအရေအတွက် ပုတီးပတ်အရေအတွက် များများရရေးထက် အရဟံစိပ်လျှင် အရဟံဂုဏ်တော်ကို အာရုံပြု သိရှိကြည်ညိုစိတ် အချိန်ကြာကြာ တည်ငြိမ်နေရေးကို အလေးထားရပါမယ်။ အခြားဂုဏ်တော်တွေကို စိပ်ရင်လဲ သည်အတိုင်းပါပဲ။


ဆရာကြီး မင်းနန် (မော်ကျွန်း) ၏ ထေရ၀ါဒ အဆုံးအမ စာအုပ်မှ ကူးယူတင်ပြထားပါသည်။ 

Shared from Wai Lin Shein