Sunday, March 18, 2012

”ဆုံလည်ကုလားထိုင်ပေါ်ကဖောက်ဝင်လာခဲ့တဲ့…စူးနစ်မှုများ”




”ဆုံလည်ကုလားထိုင်ပေါ်ကဖောက်ဝင်လာခဲ့တဲ့…စူးနစ်မှုများ”
[By Cho Too ]

ကိုယ့်စံနှုန်းနဲ့ ကိုယ်ဆိုတော့
တပန်းကန်ဆိုရင်လည်း တပန်းကန်ထိထိရောက်ရောက်
ဗိုက်ပေါက်မတတ်ဖြစ်ခဲ့ရတယ်
လောဘကြီးတယ်လို့ ကင်ပွန်းတပ်ချင်ရင်လည်းတပ်
လူတိုင်း ကိုယ့်အတတ်နဲ့ကိုယ်တော့
တနည်းနည်းနဲ့တနေရာရာစီမှာ စူးနစ်နေကြတာသေချာတယ်….


တမြန်မနေ့တုန်းကတော့
စိတ်ရဲ့အလိုတော်ကို မျက်နှာလိုက်အမှတ်ပေးခဲ့မိလို့
ဆံပင်ညှပ်ဆိုင်ရဲ့ ဆုံလည်ကုလားထိုင်တည့်တည့်မှာဝင်ထိုင်မိတယ်
လူမျိုးခြားအမျိုးသမီးတဦး ညှပ်ပေးလိုက်တဲ့
ခေါင်းပေါ်က ဆံပင်တွေကို
ဆံပင်ညှပ်အပြီး မှန်ကြီးရှေ့တည့်တည့်ကြည့်လိုက်မိမှ
အပြန်ပြန်အလှန်လှန်စေ့ငုံသုံးသပ် ရုန်းထွက်လိုက်မိတဲ့အတွေးတခုကြောင့်
ဒီကနေ့ …ဒီနေရာမှာ
ဟောဒီ ကဗျာမဆန်တဲ့ ကဗျာတပုဒ်ဖြစ်လာတယ်….

ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်လိုက်မိတဲ့ မှန်ကြီးထဲမှာ
အပြုံးတဝတ်နဲ့အတူ စိတ်တချို့နေရာယူပြီးကျန်ရစ်ခဲ့ကြတယ်
အဲဒီမှန်ကြီးပေါ်မှာ ကျန်ခဲ့တဲ့အပြုံးတဝတ်က
ဖြတ်ကနဲရလိုက်တဲ့ အတွေးအလင်းတန်းတလက်ကြောင့်ပဲဖြစ်တယ်
ဟုတ်ပါရဲ့..
တမြန်မနေ့ကပေါ့… ဆံပင်ညှပ်ဆိုင်ထဲမှာလေ
ကျနော့်ဆံပင်တချို့နဲ့အတူ ကျနော့်စိတ်တချို့ကျကျန်နေရစ်ခဲ့တယ်…

ဒါဆိုရင် ကျနော်က ဆံပင်ညှပ်ဆိုင်မှာ
စိတ်တချို့ကိုပါ အဖြတ်ခံခဲ့မိတာသေချာသွားပြီ
ဒါကြောင့်…ပြောတာပေါ့…
ကိုယ့်ကိုယ်ကို တယောက်တည်းဆိုတော့ တကိုယ်ကြားစကား
သီးသန့်များသိပ်ဆန်သွားမလား မသိဘူးလို့…
ဘယ်နေရာမဆို ကိုယ့်စံနှုန်းနဲ့ကိုယ် ရပ် လျှောက် သွားနေရတာဆိုတော့
တလက်မဆိုရင်လည်း တလက်မအလျှောက်
စိတ်တချို့က စိတ်တချို့ကိုဖျောက်ပစ်နိုင်ခဲ့တယ်လေ……။

တကယ်လို့သာ
လူ့ခေါင်းပေါ်က ဆံပင်တွေရှည်လာတာဟာ
လူ့အတွေးအခေါ်တွေ ရင့်သန်ရှည်လျားလာတာကြောင့်ဖြစ်မယ်လို့
သုတေသီတွေရဲ့သုံးသပ်ချက်တွေက
တညီတညွတ်တည်း သဘောတူညီချက်ပြုကြမယ်ဆိုရင်
ဖြတ်တောက်ခံလိုက်ရတဲ့စိတ်တွေက အတတ်ပြန်ပေါက်လာကြဦးမှာ
ဒါလည်း စိတ်ကိုကွပ်မျက်ရာကဗျာတပုဒ်ပဲပေါ့…..

အင်း…
နေရာတကာ
ကိုယ့်စံနှုန်းနဲ့ ကိုယ်ဆိုတော့
တလက်မဆိုရင်လည်း တလက်မအလျှောက်
စိတ်ကို ဆံပင်ညှပ်ရင်းဖျောက်နေရတာတွေလည်းရှိခဲ့ပေါ့
လောဘတကြီးနဲ့ လောကသစ်သီးကိုမြည်းစမ်းနေတယ်လို့ဆိုချင်ဆို
လူတိုင်း ကိုယ့်အတတ်နဲ့ကိုယ်တော့
တနည်းနည်းနဲ့တနေရာရာစီမှာ စူးနစ်နေကြတာသေချာတယ်…….။          ။

ဆောင်းယွန်းလ (သြဂတ်စ် ၁၅၊ ၂၀၀၉)