Tuesday, October 25, 2011

လူငယ် နှင့် အနာဂတ်

ကျွန်တော့်တို့ လူငယ်တွေ အနာဂတ်အတွက် လုပ်သင့်သလဲ။ ကိုယ့်အတွက်၊ ကိုယ်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်နိုင်ငံ အတွက်ပေါ့။
ပထမဆုံး အနီးဆုံးဖြစ်တဲ့ ကိုယ့် အတွက် ကိုအရင် စဉ်းစားကြည့်ရအောင်...
ကျွန်တော်တို့တွေ ကျောင်းပီးလို့ ဘွဲ့တခုခုရရင် အလုပ်ဝင်လုပ်မယ်။ ကျောင်းမပီးခင် ရရာအလုပ်တခုမှာ ခဏလေးမှေးလုပ်မယ်။ ဒီလိုနဲ့ အလုပ်ကိုအကြောင်းပြုပီ ကျောင်းမတက်ဖြစ်တာတွေ၊ အလုပ်က ခွင့်မပြုလို့ စာမေးပွဲမဖြေရတာတွေ စတဲ့ နောက်ဆက်တွဲတွေပေါ်လာပြန်ရော။ ဒါနဲ့ အချိန်တွေကုန်၊ နောက်ဆုံး အိမ်ထောင်ကျ၊ အဆင်ပြေရာမှာဝင်လုပ်ရင်းနဲ့ ဘ၀ ကုန်ဆုံးသွားသူတွေရှိပါတယ်။ ကျွန်တော်အားလုံးကို ပြောတာမဟုတ်ပါဘူး။ လက်တွေ့ဘ၀ မှာ ဖြစ်ပျက်နေတာကိုမြင်နေရလို့ပါ။ ကျောင်းပီး ဘွဲ့ရတော့ ဘာသွားလုပ်စားမလဲ လို့ ပြန်မေးသူတွေ လဲရှိပါတယ်။ ဒါဆိုဘွဲ့မရပဲ ချမ်းသာနေသူတွေလဲ ရှိတာပဲ။ ဘာကြောင့်လဲတဲ့။ ကိုယ်ကိုတိုင်က အဆိုးဘက်ကို တွေးနေရင် ဘေးကလူတွေအနေနဲ့ ၀င်ပြောလဲမထူးပါဘူး။ ဒါဆို သူတို့ရည်ရွယ်ချက်တွေက ဘာလဲ။ ကြုံရာမှာ ဖြစ်သလို့ နဲ့ နေထိုင်သွားတော့မှာလား။ သူတို့တွေမှာ အနာဂတ်ရည်းမှန်းချက်မရှိတော့ဘူးလား။ ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နောက်ကျန်နေခဲ့မယ်ဆိုရင်.... ကိုယ့်အနာဂတ်... ကိုယ်ရင်သွေး တွေ အလှည့် ကျရင် မိဘတစ်ယောက်အနေနဲ့ သူတို့လေးတွေ ကိုကောင်းကောင်းမွန်မွန်လမ်းညွန်ပြနိုင်ပါ့မလား။
နောက်တခု က ဘွဲ့တော့ရပါပီ။ အလုပ်တခုမှာလဲ လုပ်နေပါပီတဲ့။ တသက်လုံး ဒီအလုပ်က ကိုယ့်ကို ကျွေးသွားမှာလား။ ဒီထက် သာတဲ့အလုပ်၊ ကောင်းတဲ့အလုပ် ကိုမစဉ်းစားတော့ဘူးလား။ ဒီမှာ အဆင်ပြေနေတာပဲ၊ ဘာမှပူစရာမရှိဘူးလို့ ပြောတဲ့သူတွေလဲ မရှားပါဘူး။

အခုခေတ်လူငယ်တွေ ကြိုးစားကြပါတယ်။ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားတဲ့သူတွေအများကြီးရှိပါတယ်။ နောက်ကနေလဲ ထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းရှိကြတယ်။ မထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားတဲ့ အတွက် အောင်မြင်မှု့ဆိုတာ မဝေးပါဘူး။

မိဘ တွေအနေနဲ့လဲ ကိုယ့် သားသမီးတွေ ဘာဖြစ်စေချင်တာထက် ဘာလုပ်ချင်လဲ ဆိုတာကို အရင်လေ့လာသင့်ပါတယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်းဂုဏ်ထူးများများနဲ့ အောင်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ စိတ်ကြီးက ယခုခေတ်ထိ မိဘတွေစိတ်ထဲ မှာ စွဲနေတုန်းပါ။ ကိုယ့်သားသမီးက အင်ဂျင်နီယာ ဖြစ်ချင်တယ်။ မရဘူး ဆေးကျောင်းတက်ရမယ်ဆိုရင် ပျော်ရွှင်နိုင်ပါ့မလာ။ မလွန်ဆန် နိုင်လို့သာ တက်ရတယ်။ ၀ါသနာမပါ၊ စိတ်မ၀င်စားတဲ့ အကြောင်းအရာကို လေ့လာရမယ်ဆိုရင် ထူးချွန်ထက်မြတ်လာနိုင်ပါမလား။ စိတ်မ၀င်စားတော့ မလေ့လာ၊ မလေ့လာတော့ စာမေးပွဲမှာ ဒုက္ခရောက်၊ စာမေးပွဲကျ၊ စိတ်ညစ်၊ မလုပ်သင့်တာတွေလုပ်၊.... အဲဒီမှာ ဆယ်တန်းမှာ ရခဲ့တဲ့ အမှတ်တွေ၊ ဂုဏ်ထူးတွေ အလကားရေစုန်မြောကုန်ရော...

မိဘတွေအနေနဲ့လဲ ကိုယ်ဖြစ်ချင်တာမဖြစ်ခဲ့ရလို့ သားသမီးကိုဖြစ်စေချင်တာလဲ သူတို့စေတနာပါ။ ဒါပေမယ့် ကိုယ့်သားသမီးဘာဖြစ်ချင်တာလဲ ဆိုတာကိုတော့ အရင်လေ့လာသင့်တယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေလည်း ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက် အနာဂတ် ကို သေသေချာချာဆုံးဖြတ်ချက်ချပီ သေချာဂရုစိုက်ကြိုးစားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှု့တွေ့ မပျက်မကွက် စောင့်ကြိုနေမှာ အမှန်ပဲ။


အနာဂတ်ဟာလူတိုင်းမှာရှိပါတယ်။ အဲ့ဒီ့အနာဂတ်မှာ ငါ ဘာဖြစ်ချင်တာလဲ၊ ငါဘာဖြစ်အောင်လုပ်မှာလဲ ဆိုတဲ့ သေချာတိကျတဲ့ ရည်ရွယ်ထားတာမျိုး ရည်ရွယ်ချက်မျိုးရှိဖို့ လူငယ်တိုင်းမှာလိုအပ်ပါတယ်။ အစကောင်းမှအနှောင်းသေချာဆိုတဲ့ စကားထက်ကို အဲ့ဒီ အစတွေ အနှောင်းတွေကောင်းဖို့ အတွေးနဲ့ခံယူချက် ရည်မှန်းချက် ဆန္ဒ တွေဟာ ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။

ဒီနေရာမှာ အောင်မြင်မှု့ နဲ့  ပက်သက်ပြီးကျနော်ပြောချင်တာက........

အောင်မြင်မှုအကြောင်း စဆွေးနွေးရရင်တော့ အဲ့ဒီအောင်မြင်မှုဆိုတာဘာလဲလို့ ပြန်မေးစရာရှိပါတယ်။
ဂုဏ်ပကာသန ငွေကြေးချမ်းသာမှုသည် အောင်မြင်မှုလား။ မိမိပညာရပ်ကို အများက အသိအမှတ်ပြုခံရတာ အောင်မြင်မှုလား။
မိမိရည်မှန်းချက်ပြည့်မြောက်သွားတာဟာ အောင်မြင်မှုလား။ ဒါအောင်မြင်မှုလား..... ဒါရှုံးနိမ့်တာလား။ (အဲ ... သီချင်းတွေထဲ ရောက်ကုန်ပီ။)
ဒါတွေက မိမိတိုင်းတာတဲ့ ပေတံပေါ်ပဲ မူတည်ပါတယ်။ ဒါဆိုရင် အောင်မြင်မှုဆိုတာကို စံအဖြစ် ဘာကိုသတ်မှတ်မလဲ ????

ဥပမာ။ ။ တစ်ခါက ဆရာတစ်ယောက်ရှိခဲ့ပါတယ်။ ကျနော့်ဆရာတော့ မဟုတ်ပါဘူး။
သူ့ဘဝမှာ ငွေကြေးချမ်းသာမှုကို မမက်မောပါဘူး။
ဒါပေမယ့် သူ့ရည်ရွယ်ချက်ကတော့ သူတတ်သိသလောက်ကို သူ့တပည့်တွေကို သင်ကြားပြသပေးဖို့ပါ။
သူဆုံးသွားတော့ ဘာမှလည်း စည်းစိမ်ချမ်းသာမကျန်ခဲ့ပါဘူး။
လူမသိ သူမသိဘဝနဲ့ပဲ ဆင်းဆင်းရဲရဲ ဆုံးပါးသွားရပါတယ်။
ဒါပေမယ့် သူ့တပည့်တွေကိုတော့ သူအတတ်နိုင်ဆုံး သင်ကြားပြသပေးနိုင်ခဲ့ပါတယ်။
ဒါဆိုရင် သူ့ဘဝကို အောင်မြင်တယ်လို့ ကျနော်တို့ သတ်မှတ်မလား။ မအောင်မြင်ဘူးလို့ သတ်မှတ်မလား။

နောက်တစ်ခု ရည်မှန်းချက်အကြောင်း ဆွေးနွေးရအောင်။
ကျနော်ဆိုရင် ၁၀ တန်းပြီးခါစက ဘာဖြစ်ချင်သလဲဆိုတာလည်း မရှိပါဘူး။ ဘာလုပ်ချင်တယ်လည်း မရှိပါဘူး။
ဒီတော့ မိဘခင်းပေးတဲ့လမ်းပဲ လျှောက်ရတာပေါ့။
၁၀ တန်းလို့ ပြောရတာကတော့ လူအများစုရဲ့ ဘဝလမ်းကြောင်းကို သိသိသာသာ စတင်သတ်မှတ်ပေးမယ့် အချိန်ကာလတစ်ခုဖြစ်နေလို့ပါ။
ကျနော် အခုထိလည်း ရည်ရွယ်ချက်ကတော့ တိတိကျကျ မရှိသေးဘူး။ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်းလဲ မသိဘူး။
သူများတန်းတူ ဝတ်ချင်စားချင် သုံးချင်ဖြုန်းချင်လောက်အောင် ချမ်းသာချင်တာပဲ ရှိတယ်။
စီးပွားရေးလား??? မိဘလက်ငုပ်လက်ရင်းက အဲ့လောက်လည်း မရှိတော့ စိတ်မကူးနိုင်ပါဘူး။
ဒါနဲ့ပဲ ဝင်ငွေကောင်းမယ့် လခစားဘဝကိုပဲ ရှာဖွေရမှာပေါ့။
ဒါပေမယ့် လခစားဘဝနဲ့တော့ ဘယ်တော့မှ Bill Gates တို့လို သူဌေးဖြစ်လာမှာမဟုတ်ပါဘူး။

လမ်းကြောင်းတစ်ခုပေါ်ရောက်သွားရင်တော့ သူများတွေအများစုထားတဲ့ target အတိုင်းတော့ အနည်းဆုံးဖြစ်သင့်တယ်ထင်ပါတယ်။
ဥပမာ။ ။ငါ ဒီအလုပ်မှာ နောက်ထပ် ၁၀ နှစ်နေရင် မန်နေဂျာဖြစ်ကို ဖြစ်ရမယ်လို့ ရည်မှန်းထားတာမျိုးပေါ့။
ဒါမှမဟုတ်ရင်လည်း ရေလိုက် ငါးလိုက်နဲ့ ဘဝက ထူးထူးခြားခြားမပြောင်းလဲလာနိုင်ဘူးလို့ မြင်ပါတယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်ထက်မြက်မှုကို လိုအပ်သလို အချိန်ကိုက်ပြသနိုင်ဖို့လည်း လိုအပ်ပါတယ်။
လုံလောက်တဲ့ကျွမ်းကျင်မှုတို့ အရင်းအနှီးတို့ စီးပွားဖက်တွေ ရလာရင်တော့ မိမိအစွမ်းအစကို သီးသန့်ပြသဖို့ အချိန်ပဲပေါ့။
မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိထားဖို့တော့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကံကြမ္မာလည်း လိုအပ်ပါတယ်။
နေရာတကာ ကံအကြောင်း မပြောလို့မရပါဘူး။

ဥပမာလေးတစ်ခုပါ။
ကျောင်းတစ်ခုတည်းက ဘွဲ့တစ်မျိုးတည်းလည်း ရထားတယ်။
ပညာအရည်အချင်းကလည်း မတိမ်းမယိမ်းသူငယ်ချင်းတွေပါပဲ။
အခု Global Recession ကာလမတိုင်မီမှာပဲ။ အချို့က စင်္ကာပူရောက်သွားပါတယ်။
အလုပ်အကိုင်တွေလည်း ရရှိသွားကြပါတယ်။
ဒါပေမယ့် တစ်ချို့ကတော့ အခြေအနေအရပ်ရပ်ကြောင့် အခုနှစ်ပိုင်းရောက်မှ အလုပ်ထွက်ရှာဖြစ်ပါတယ်။
ကံအကြောင်းမလှတဲ့အတွက် အလုပ်လည်း အဆင်မပြေပါဘူး။ ဒီလိုနဲ့ပဲ မြန်မာပြည်ကို ပြန်သွားရပါတယ်။
ဒီနေရာမှာ ကံပါပဲ။ ဘယ်သူမှလည်း ဒီ Global Recession ကို ကြိုတင်မမျှော်မှန်းနိုင်ခဲ့ပါဘူး။
၂၀၀၈ စက်တင်ဘာလောက်ကမှ ချက်ချင်းထဖြစ်သွားတဲ့ ဂယက်ပါ။ အခုထိလည်း ဆက်လက်ရိုက်ခတ်နေတုံးပါပဲ။
ဒါကြောင့် ကံကလည်း အရေးကြီးပါသေးတယ်။
စီးပွားရေးလိုင်းမလိုက်ပဲနဲ့ Professional ပညာရပ် တစ်ခုခုနောက်ကို လိုက်မယ်ဆိုရင်လည်း ဘွဲ့ကလည်း စကားပြောပါတယ်။
အလုပ်လျှောက်ရင်ပဲ ဘာဖြစ်ရမယ် ညာဖြစ်ရမယ် စသဖြင့် ကန့်သတ်ချက်တွေရှိပါတယ်။
ဒီ့အတွက် ကိုယ့်မှာ ကိုယ်ပိုင်လမ်းကြောင်းမရှိရင်တော့ လမ်းကြောင်းတစ်ခုပေါ်ကို မလျှောက်ခင်မှာ
သူ့လမ်းကြောင်းတွေက ဘာလဲ။ ငါဘာတွေ ဖြစ်လာနိုင်သလဲ။ အဲ့ဒါတွေကိုကော ငါက လိုလိုလားလားရှိနိုင်မလား စသဖြင့် ဆုံးဖြတ်ရမှာပါ။
ဒီနေရာမှာ ကိုယ့်ရဲ့ မိဘတွေက ကူညီဆုံးဖြတ်ပေးတာလည်း ပိုအမှားနည်းပါးနိုင်ပါတယ်
သူတို့မှာ ကိုယ့်ထက် အနှစ် ၃၀ လောက် လူ့ဘဝအတွေ့အကြုံ ဗဟုသုတတွေ ပိုများပါတယ်။
ကိုယ်ကမရွေးတတ်ရင်တော့ မိဘတွေရဲ့ ရွေးချယ်မှုကို လိုက်လျောလိုက်တာလည်း ကောင်းပါတယ်။
ဒါမှမဟုတ်ရင် ကိုယ်တစ်ယောက်တည်းရဲ့ရွေးချယ်မှုဟာ နောင်တစ်ချိန်ကျရင်လည်း နောင်တမရဖို့လည်း လိုအပ်ပါတယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေတယ်။ ဘယ်သူတွေက ဘယ်လိုမျိုးလုပ်နေကြတယ် စသဖြင့် ကြားမြင်သုတများဖို့လည်း လိုအပ်ပါတယ်။
ဒါတွေက ကိုယ်ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကူညီပေးသွားမှာပါ။

ဘာပဲဖြစ်ဖြစ် ရောက်ရာနေရာ၊ ဖြစ်သလိုဘဝမှာသာ ကိုယ့်ရဲ့အကောင်းတကာ့ အကောင်းဆုံးတွေကိုပဲ ကြိုးစားပြသနိုင်နေရင်တော့
တစ်နေ့နေ့မှာတော့ ထင်ပေါ်ရင် စင်တော်က ကောက်သွားပါလိမ့်မယ်ခင်ဗျာ။
အရင်းချုပ်တော့ ကံ၊ ဉာဏ်၊ ဝိရိယပဲပေါ့ဗျာ။

သူငယ်ချင်းတွေလည်း ကျနော်နဲအတူ ၀င်ရောက်ဆွေးနွေးအကြံပေး ကျပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

ကျနော် ဒီဆောင်းပါးကို ကိုတီးတော့ ဖိုရမ်မှ တဆင့် ကောင်းနိုးရာရာများကို မျှဝေပေးလိုက်ပါတယ်။

No comments: