Friday, January 13, 2012

စိတ်ဖိစီးမှုလျော့ပါးသက်သာစေတဲ့ နည်း ၁၁ နည်း.



လူသားမျိုးနွယ်အတွက် အရေးအကြီးဆုံးပြဿနာတစ်ခုက စိတ်ဖိစီးမှုကို
ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာပဲဖြစ်တယ်။ စိတ်ဖိစီးမှုနဲ့သက်သာစေမယ့် အလွယ်ဆုံး နည်းလမ်း၁၁ ခုကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုကို ချက်ချင်း ပျောက်ကင်းအောင် လုပ်နိုင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် အလွန်
ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို သက်သာလျော့ပါးအောင် ထိန်းချုပ်ပြုပြင်နိုင်ပါတယ်။







၁။ စကားပြောပါ။

 

သင့်ခံစားချက်တွေကို ရင်ထဲမှာ မျိုမချထားနဲ့။ ယုံကြည်စိတ်ချရတဲ့သူ တစ်ယောက်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ သူဟာ သင်ပြောတာကို ဝေဖန်တာ၊
အပြစ်ပြောတာမျိုးတွေမလုပ်ဘဲ သင်ပြောတာကို နားလည်ဖို့
ကြိုးစားပြီးနားထောင်လိမ့်မယ်။ သင်ဟာ အခု အခြေအနေကို
ချက်ချင်းပြောင်းလဲဖို့ မတတ်နိုင်ရင်တောင်၊ တစ်ယောက်ယောက်ကို
ရင်ထဲမှာရှိတဲ့ မွန်းကြပ်မှုတွေဖွင့်ပြောလိုက်တဲ့အခါ စိတ်တင်းကြပ်မှုသက်သာလျော့ပါးသွားစေပါတယ်။ တင်းကြပ်တာတွေထုတ်ပြောပြီးရင် စာနဲ့ရေးချတာဖြစ်ဖြစ်၊
လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ခေါင်းအုံးကို ရိုက်နှက်တာဖြင့် ဖြင့်
စိတ်ပြေလက်ပျောက် လုပ်နိုင်ပါသေးတယ်။

၂။ လုပ်ဆောင်ပါ။

 

စွန့်စားပြီး ပြောင်းလဲပါ။ ဘယ်လောက်သေးဖွဲတာဖြစ်ဖြစ် အသေးအဖွဲလေးက စပြီး ပြောင်းလဲပါ။ စိတ်ဖိစီးမှုများတဲ့ အခြေအနေကိုပြောင်းလဲဖို့ကြိုးစားပါ။အခြေအနေအကုန်လုံးကိုပြောင်းနိုင်သေးရင် ပြောင်းနိုင်သလောက်အရင်ပြောင်းလဲပစ်ပါ။ ဖြည်းဖြည်းချင်းပြောင်းလဲတာဟာ သင့်ကို ပိုပြီး စိတ်ခွန်အားရှိလာစေပြီး ပိုပြီး
ထိန်းချုပ်နိုင်လာစေပါတယ်။ ပိုပြီးအပြုသဘောဆောင်တဲ့ဘက်ကိုသွားနေပါ။ စိတ်ဖိစီးမှု တစထက်တစ လျော့ကျလာလိမ့်မယ်။

 

၃။ ကိုယ်ခန္ဓာကပြောတာကို နားထောင်ပါ။

 

စိတ်ဖိစီးမှုကို သင့်ခန္ဓာကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို သင်သိမယ်ဆိုရင်၊ စိတ်ဖိစီးမှုကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတဲ့နည်းလမ်းကိုပါသိပါပြီ။ ခန္ဓာကိုယ်ကပြပေးနေတဲ့ အချက်ပြ သင်္ကေတတွေကို နားလည်မယ်ဆိုရင် စိတ်ဖိစီးမှုတွေကို
လျော့ပါးသွားအောင်လုပ်ဖို့နည်းလမ်းတွေကို လွယ်လွယ်နဲ့နားလည်နိုင်လာမှာပါ။ ခဏလေး စိတ်ကို အနားပေးတာမျိုးဟာ
စိတ်ဖိစီးမှုအတွက် ထိရောက်တဲ့ ဖြေလျော့နည်းတွေဖြစ်နေပါတယ်။ စိတ်ကို
သက်သာပြေလျော့စေတဲ့ တရားထိုင်ခြင်းနဲ့ ယောဂကျင့်စဉ်တွေ၊
ကျန်းမာရေးလေ့ကျင့်ခန်းတွေဟာလည်း သင့်ကို အများကြီး ကူညီနိုင်ပါလိမ့်မယ်။


၎။ တာဝန်ယူပါ။

 

သင်ဘာလိုတယ်ဆိုတာကို သိပြီ သင်လိုနေတာကို ရအောင်ကြိုးစားပါ။ စိတ်ကိုအားရှိနေအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးရဖို့ကြိုးစားပါ။ စိတ်ဝင်စားစရာတွေ၊ ၀ါသနာတွေနဲ့
အဖွဲ့အစည်းနဲ့လုပ်ရတဲ့ အပျော်တမ်းလုပ်ငန်းတွေမှာ စိတ်ကို
အချိန်ပေးရင်စိတ်ကဖိစီးမှုနည်းလာပါတယ်။စိတ်သိပ်ပြီးတင်းကြပ်လာရင်တိတ်တိတ်ကြီး အထီးကျန်တစ်ယောက်တည်း နေမနေပါနဲ့။ ကိုယ်နဲ့ ပြောဆိုနိုင်မယ့်
တစ်ယောက်ယောက်နဲ့သွားတွေ့ပါ။ နားလည်တဲ့သူနဲ့ဆွေးနွေးပါ။တယ်လီဖုန်းတွေ၊ အင်တာနက်တွေနဲ့ဆက်သွယ်ပြီး အဲဒီလို မိတ်ဆွေကောင်းဆရာကောင်းနဲ့ တိုင်ပင်ပါ။
ဆွေးနွေးပါ …။ အဲဒီလို ကိုယ်စိတ်ချမ်းသာဖို့ ကိစ္စတွေကို
ကိုယ့်တာဝန်လို့သဘောထားပါ။

 

၅။ စိတ်ဖိစီးမှု အလွှမ်းမိုးမခံရစေနဲ့။

 

စိတ်သိပ်ဖိစီးလာတဲ့အခါ သတိထားပါ။ စိတ်ဖိစီးမှုက ဖိထားသလို ကိုယ့်ကိုယ်လေးလံနေစေပြီဆိုရင် သတိထားဖို့လိုပြီ။ လုပ်သင့်တာထက်ပိုလုပ်မိနေပြီဆိုတာကို သတိပြုပါ။ တစ်ခုခု လွန်ကဲလာနေလို့ ပိုပြီးဖိစီးမွန်းကြပ်လာတာပါ။ အဲဒါကို သိပြီး လျှော့ဖို့
ပြင်ဆင်ပါ။ အခုစိတ်ဖိစီးနေတဲ့ ကိစ္စကို သင်တကယ်လုပ်ဖို့ လိုရဲ့လား
ခဏပြန်တွေးပါ။ တစ်ချို့ကိစ္စတွေကို အားမနာတမ်း “ဟင့်အင်း”
ပြောတတ်အောင်လုပ်ထားပါ။ ကိုယ်ကူညီပေးနိုင်တာထက် ပိုကူညီရရင်၊
ကိုယ်လုပ်နိုင်တာထက် ပိုလုပ်မိရင် စိတ်တင်းကြပ်ဖိစီးမှုက ဆတိုးတိုးလာပါတယ်။
အကူအညီလိုရင် အကူအညီတောင်းပါ။ မာနကြီးပြီး တစ်ယောက်တည်း
လုပ်ဖို့မတွေးပါနဲ့။ အားနြာ့ပီးလည်းအနစ်နာမခံပါနဲ့။ အတူတကွ လုပ်နိုင်ဖို့၊
စိတ်ချမ်းသာလက်ချမ်းသာနဲ့ အလုပ်လုပ်နိုင်ဖို့ကြိုးစားပါ။


၆။ ပစ်ထားခဲ့ပါ။

 

နေ့တိုင်း လုပ်နေရတဲ့ သမားရိုးကျအလုပ်တွေနဲ့ခေါက်ရိုးကျိုးမွန်းကြပ်လာတဲ့အခါ အပြောင်းအလဲလုပ်ပါ။ ဒီနေရာကနေ ခဏလောက်ထွက်သွားဖို့စဉ်းစားပါ။ စိတ်ကို လုံးဝလျော့ကျစေမယ့် နေရာတစ်ခုကိုသွားပါ။ အိမ်မှာ နားနေမယ်ဆိုရင်လည်း
စိတ်အပန်းပြေဖို့ ဂရုပြုပါ။ စိတ်အပြောင်းအလဲဖြစ်အောင် တစ်ခုခုလုပ်ပါ။
ရေနွေးကန်မှာစိမ်ပါ။ ကိုယ့်ဘာသာကိုယ် ဇိမ်ကျကျနားနေဖို့
လမ်းညွှန်တဲ့စာအုပ်မျိုးရှာဖတ်ပြီး နားနေကြည့်ပါ။


၇။ ဦးစားပေးအစီအစဉ်သတ်မှတ်ပါ။

 

ရှိသမျှအချိန်အတွင်းမှာအရေးအကြီးဆုံးတွေအရင်ပြီးအောင် အချိန်ကို ဂရုစိုက်ပါ။ အလုပ်တွေကို ဦးစားပေးအစဉ်သတ်မှတ်ပါ။ ပြီးသင့်တာကို ပြီးအောင် အမြန်ဆုံးလုပ်ပါ။ကျန်တာတွေကို စနစ်တကျ
စီမံခန့်ခွဲပါ။တခြားသူတွေရဲ့ စီမံပုံကိုလည်းလေ့လာပါ။ စိတ်ချမ်းသာဖို့
လိုတယ်ဆိုတာကို ဦးစားပေးအစီအစဉ်ထဲမှာ ထည့်ဖို့လည်းမမေ့ပါနဲ့။


၈။ သင့်ဘ၀ကို မြှင့်တင်ပါ။

 

တခြားလိုအပ်နေတဲ့သူတွေကို ကူညီပေးခြင်းဟာ သင့်ကို စိတ်ချမ်းသာမှု အများကြီးပေးနိုင်တယ်ဆိုတာ သင်သိပါလိမ့်မယ်။ သင့်ကိုယ်ပိုင် အချိန်၊ အင်အားနဲ့ငွေကြေးကို ပရဟိတ အလုပ်တွေမှာ ပါဝင်ပါ၊
အကျိုးရှိရှိ အသုံးပြုပါ။ သင့်ကိုယ်သင် ပိုလေးစားလာပါလိမ့်မယ် …။
အပြုသဘောဆောင်တဲ့စိတ်ထားနဲ့အမြင်တွေရလာပါမယ်။ အများအကျိုးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာပါဝင်လိုက်ပါ။ သင်ဟာ ပိုပြီး တန်ဖိုးရှိတာတွေလုပ်ဖြစ်လာပါလိမ့်မယ်။ သင့်ဘ၀ကို ပိုမြှင့်တင်ရာလည်းရောက်ပါတယ်။


၉။ အောင်မြင်မှုကို ဖြစ်စေပါ။

 

ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ပြောင်းလဲနိုင်ပါတယ် ဆိုတဲ့ အဆိုအမိန့်ကို ကြားဖူးကြမှာပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဒီအတိုင်း လိုအပ်ချက် အားနည်းချက်တွေရှိနေတဲ့ ကိုယ့်ကိုယ်ကို ချစ်ပါ။

ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို တရွေ့ရွေ့သွားနေတဲ့ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ်တိုးတက်ဖို့လိုနေတာတွေကို မှတ်သားပြီး

တဖြည်ဖြည်းချင်းဖြည့်ဆည်းသွားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဖြည်းဖြည်းချင်း ပြောင်းလဲပါ။ ချက်ချင်းပြောင်းလဲသွားမယ်လို့
အများကြီးမမျှော်လင့်ဘဲ နည်းနည်းစီပြောင်းလဲသွားပါ။


၁၀။ ဖော်ရွေပါ။

 

မိသားစုနဲ့အချိန်ပေးပါ။ စကားပြောပါ။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ဂရုစိုက်ပါ။ ထောက်ပံ့ပါ။ ပျော်ပျော်နေဖို့မရှက်ပါနဲ့။ စိတ်ချမ်းသာအောင် ကူညီပါ။ သူငယ်ချင်းတွေကို
ကိုယ်က ဂရုစိုက်ကြောင်းပြပါ။ စိတ်ထဲမှာပဲမထားပါနဲ့။ မေတ္တာတရားဟာ အရာရာကို
အောင်နိုင်ချင်မှအောင်နိုင်မယ်၊ ဒါပေမယ့် အရာရာကို အောင်နိုင်ဖို့
မေတ္တာတရားကနေပဲစကြရတာပါပဲ။ တစ်ဦးစေတနာ တစ်ဦးလေးစားတဲ့အခါ တစ်ဦးမေတ္တာ
တစ်ဦးပိုနားလည်လာမှာပါ။


၁၁။ ပျော်အောင်နေတတ်ဖို့သင်ပါ။

 

အခုအသက်အရွယ်အထိ ဘယ်သူကများ ပျော်ပျော်နေတတ်ဖို့သင်ပေးလိုက်ပြီလဲ …။ များသောအားဖြင့် စိတ်ညစ်အောင်သာနေတတ်ကြတာပါ။ ပျော်အောင်မနေတတ်ကြတာများပါတယ်။ ပျော်ရွှင်တဲ့သူတွေက ဘာလို့ပျော်နေတာလဲဆိုတာကို လေ့လာပါ။ အတုယူပါ။
လိုက်လုပ်ပါ။ ကိုယ်ပျော်ရွှင်ဖို့တာဝန်က တခြားတစ်ယောက်ရဲ့တာဝန်မဟုတ်ဘူး။
ကိုယ့်တာဝန်ပဲ။ ကိုယ့်တာဝန်ကိုယ်ယူပါ။ ပျော်ရွှင်နေတဲ့သူဟာ
အပြုသဘောဆောင်တဲ့အမြင်ရှိကြတာများတယ်။ သူတပါးကို မကောင်းမြင်တတ်တဲ့သူဟာ မပျော်တာများတယ်။ ဘယ်သူမှ မပြည့်စုံကြပါဘူး။
အသေးအဖွဲလေးတွေကိုလည်း ဂရိုစိုက်ပါ။ ပျော်ဖို့အတွက် သဘာဝတရားကို ခံစားပါ။
ကိုယ်ရရှိနေတဲ့ ကောင်းတာလေးတွေကို ရေတွက်ပါ။ ကိုယ်ရပြီး သူတပါးမရတဲ့
အရည်အချင်းတွေ၊ အခွင့်အရေးတွေကို လစ်လျူမရှုပါနဲ့။ အဲဒါလေးတွေကို
သတိထားပြီးတွေးပါ။ အကောင်းတွေလုပ်နိုင်တာကို ဂုဏ်ယူပါ။ ကိုယ်လုပ်ဖူးတဲ့
ကောင်းမှုလေးတွေကို ပြန်ဆင်ခြင်ပါ။ ဘာတွေထပ်လုပ်မလဲ တွေးပါ။
အကောင်းတွေများများတွေးဖြစ်တဲ့သူဟာ အလိုလိုနေရင်း ပျော်နေတတ်ပါတယ်။


ဒီ ၁၁ ချက်ကို တစ်လလောက် စွဲစွဲမြဲမြဲလုပ်မိတဲ့အချိန်မှာ သင်ထင်တာထက် ပိုပျော်စရာကောင်းတဲ့ ကမ္ဘာကို သင်မြင်ရမှာပါ …။ သင်ဟာ သင့်အတွက်ရောတခြားသူတွေအတွက်ပါ အကျိုးရှိတဲ့
လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ ..။ အခုစိတ်ဖိစီးနေတယ်ဆိုရင်လည်း ဒါဟာယာယီဖြစ်တဲ့ ဖိစီးမှုဆိုတာကိုသိပါ။
စိတ်သဘောထားကိုပြင်လိုက်ရင် စိတ်ဖိစီးမှုက သိသိသာသာလျော့ပါး
ပျောက်ကင်းနိုင်ပါတယ် …။ စိတ်ဖိစီးမှုက လွတ်အောင် ကိုယ့်စိတ်ကို
ကိုယ်ဂရုစိုက်မှပဲရမယ်ဆိုတာကို မမေ့ကြရင် စိတ်ဖိစီးမှုဒဏ်ကင်းဝေးပြီး
ပျော်ရွှင်တဲ့ ဘ၀ကို တည်ဆောက်နိုင်မှာ အသေအချာပါပဲ ..။

အားလုံးစိတ်ဖိစီးမှု မှ လွတ်မြောက်ပါစေ …။ ။


posted by melodyphyO .. Credited by Xanthos, Idea Magazine, Jan , 2010

--
With regards
Wa Thon Hlyan Wei

ကျွန်တော်မရေးနိုင်တဲ့အခါ...ရေးနိုင်သူတွေကိုအားကျပါတယ်...

ကျွန်တော့ mail ထဲကို ပို့ထားတဲ့အတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်...

အားလုံးပျော်ရွငိပါစေ..
ဆူးငှက်..

No comments: