Wednesday, January 18, 2012

လူတော် အလိုရှိသည်....



ယနေ့ခေတ်သည် ... ပညာခေတ် ...
အရာရာ ဖွံ့ ဖြိုးတိုးတက်မှုကို ပညာဖြင့်သာ ဆုံးဖြတ်နိုင်သည်ဖြစ်ရာ လူတော်များများ လိုအပ်သည်...
ထို့ကြောင့် လူတော်များ အမြောက်အများ မွေးထုတ်ရန် အထူးလိုအပ်လှပါသည်.... ထိုသို့ မွေးထုတ်
နိုင်ရန် ရာထူး၊ အကျိုးခံစားခွင့်၊ လုပ်ခလစာ အစရှိသည်များကို တော်လျှင် တော်သလို ချီးမြောက်
သင့်သည်..နေရာပေးသင့်သည်... အသိအမှတ်ပြုသင့်သည်..တန်ဘိုးထားသင့်လှပါသည်...
လူတော်ကို မကြောက်သော လူတော်ကိုချစ်သော လူတော်ကို မွေးထုတ်နိုင်သော အဖွဲ့အစည်း၊ တိုင်းပြည်များမှာ
ထိပ်တန်းသို့ အလျင်အမြန်ရောက်ကြပြီး ကြာမြင့်စွာ ရပ်တည်နိုင်ကြသည်.. ယင်းတို့သည် လူတော်များကို မွေးထုတ်
နိုင်သလို လူတော်များကိုလည်း ထိန်းသိမ်းထားကြသည်။ မိမိခြံပေါက် လူတော်များနှင့်လည်း အားမရ အခြားအရပ်
ဒေသများမှ လူတော်များကိုလည်း နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်ခေါ်ယူထားကြသည်။   ကမ္ဘာအရပ်ရပ်မှ ရွှေပြောင်း
လာသူများ နှင့် နိုင်ငံတည်ထားသော အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာတွင် လူစွာစာရင်းဝင်သည့် ရန်ကုန်မြို့ခန့်သာ
ရှိသော ကျွန်းနိုင်ငံငယ် စင်္ကာပူတို့သည်လူတော်များကို နည်းမျိုးစုံဖြင့် မရ ရအောင် ရယူပိုင်ဆိုင်ထားကြပြီးလူတော်များ
ကို မွေးထုတ်/မွေးမြူနိုင်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့် ဖြစ်ခဲ့ခြင်းသည် မည်သူမျှ ငြင်းမရသည့် အချက်ပင်ဖြစ်သည်..

ကျွန်ုပ်တို့ နိုင်ငံတွင်တော့ ထိုသို့မဟုတ် ... ဌာနတစ်ခုတွင် ထူးချွန်သည့် လူတော်တစ်ယောက် ပေါ်ပေါက်လာပါက
အထက်ကလူ၊ ဘေးမှလူများက မိမိ၏ ရာထူးတည်မြဲရေးအတွက် ခြိမ်းခြောက်နိုင်မည့် သူဟု ထင်မြင်ယူဆကြသည်.
ဒီတစ်ယောက် တော်တယ်..ငါ့ကို ကူမယ့်လူ..ဌာနအတွက် အကျိုးရှိမဲ့ သူလို့ မမြင်တော့ဘဲ..ပြိုင်ဘက်အဖြစ်သာ
မြင်ကြသည်...ထို့ကြောင့် လူတော်ကို ချောက်တွန်းရန်..ချောင်ထိုးရန်သာ စဉ်းစားတတ်ကြသည်.. .ပြိုင်ဆိုင်လိုစိတ်မှာ ထားရှိသင့်သောစိတ်ဖြစ်ပါလျှက် သူကြိုးစားသလို ငါလည်းကြိုးစားမည်.. သူစဉ်းစားသလို ငါလည်းစဉ်းစားမည် ဟု တရားသဖြင့်ပြိုင်ဆိုင်လိုစိတ် မရှိကြတော့ဘဲ မတရားသဖြင့်သာ မိမိနေရာ တည်မြဲရေးအတွက် စဉ်းစားလာကြတော့သည်...
နောက်ဆုံး ရန်သူသဖွယ် ပြုမူလာကြတော့သည်...
ထိုပြဿနာရင်းမြစ်ကြောင့် လူတော်များ နိုင်င့ရပ်ခြားသို့ ထွက်သွားကြသည်ဟု ထင်မြင်မိပါသည်..

တစ်ချိန်က ကျွန်ုပ်တို့နိုင်ငံတွင် "လူတော်လူကောင်း" အစား "လူကောင်းလူတော်" အဖြစ် ပြောင်းလဲဖတ်ရမည်...
"လူတော်ပြီး မကောင်းလျှင် လူအဖွဲ့အစည်းကို ထိခိုက်နိုင်သည်" .. "လူကောင်း ပြီး မတော်လျှင် ပြဿနာမရှိ"ဟု ဆိုကာ လူကောင်းများကို ဦးစားပေးခဲ့ပြီး လူတော်များကို ပထုတ်ခဲ့ကြသည်... လူတော်များကို နိမ်နင်းသည့် အသွင်ဆောင်ခြင်းကြောင့် နောက်ဆုံးတွင် တော်ခြင်းဆိုင်ရာမက်လုံးများ ပျောက်ဆုံးကာ.. လူတော်ဖြစ်လိုစိတ် နည်းပါးသွားကြကာ လူတော်များ ရှားသထက်
ရှားလာပြီး နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်လှုပ်ရှားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့ရသည်...
ဤနေရာတွင် လူတော်များကို နေရာပေးခဲ့၍ အောင်မြင်ခဲ့သည့် ...သာဓကများကို ပြရမည်ဆိုလျှင် ...
အမေရိကန်သမ္မတ လင်းကွန်းလက်ထက်က သူ့အစိုးရအဖွဲ့တွင် သူ၏ ပြိုင်ဘက် လူတော်များအားလုံးကို နေရာပေးခဲ့သည်...
ထို့ကြောင့် အကျပ်အတည်း အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်... ထိုနည်းတူစွာပင် ယခု အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင်လည်း ယင်းနှင့်ပြိုင်ဘက်တစ်ဦးဖြစ်သော အရည်အချင်းရှိသည့် ဟီလာရီကလင်တန်ကို နိုင်ငံခြားရေး
ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းသည် လူတော်ကို နေရာပေးခဲ့သော ခေတ်ပေါ် ဥပမာတစ်ခုပင် ဖြစ်ပေသည်..
ထိုသူတို့သည် လူတော်ကို မကြောက်သူများ၊ လူတော်ကို မြတ်နိုးသူများဖြစ်ကြပြီး မိမိရည်မှန်းချက်ကို အရောက်သွားကြသူများပင် ဖြစ်တော့သည်...

အမှန်တကယ် ရှိခဲ့သော ဌာနကြီးတစ်ခု၏ ဖြစ်ရပ်တွင် သင်တန်းများကို ကျောင်းအိပ်/ကျောင်းစားအဖြစ် စခန်းသွင်း လေ့ကျင့်ရာ၌ ညတိုင်း အချိန်မှန် တစ်နေရာတည်းတွင် စုရပ်လုပ်ကာ စာကျက်စေသည်.. " သူ့အခန်းမှာသူ ကျက်ခိုင်းလိုက်ရင် တစ်ယောက် နှစ်ယောက်လောက်ပဲ ချွန်ပြီးတော်သွားမှာစိုးလို့ "ဟု ဆိုပါသည်... အနှီလူကြီးများ .." မင်းတို့အားလုံး အတူတူ ညံ့ကြ " ..
လူတော်တွေ မထွက်စေချင်သည့် သဘောကို ဆောင်နေသည်ကို တော့ မသိလေရောသလားဟု တွေးစရာပင် ကောင်းတော့သည်...
လူတော်ဟု ဆိုရာ၌လည်း အမှန်တကယ်တော်သောသူကို ဆိုလိုချင်ပါသည်...
လူတော် အမှန်အကန်ဖြစ်ရန်မှာ ပေတံများ မလွှဲမရှောင်သာ လိုအပ်ပါသည်.. ထိုပေတံသည်လည်း အမှန်တကယ် တော် မတော်ကို အကဲဖြတ်နိုင်ရန် တိကျမှန်ကန်သော စံပေတံဖြစ်ရန် လိုအပ်သည်.. ပမာပြရလျှင် ... စားမေးပွဲတွင် တော်မှသာ အမှတ်ကောင်း
ရမည်ဖြစ်သည်..   မေးခွန်းကွက်တိရသောကြောင့်   စားမေးပွဲတွင် အမှတ်ကောင်းရနေပါက  အမှန်တကယ်ကြိုးစားသူများအဖို့
အလဲထိုးခံရသကဲ့သို့ ဖြစ်နေပေလိမ့်မည်..   အားမနာတန်းပြောရလျှင်   ယနေ့ ကလေးသူငယ်များကြားတွင် အတန်းပိုင်တွင်
ကျူရှင်တက်ပါမှ မေးခွန်း ကွက်တိဖြစ်တာမျိုး    လက်ဆောင်ပေး  မှ   အမှတ်ကောင်းရတာမျိုးကို စိတ်ထဲစွဲနေပါက တကယ့်
လူတော်များ မွေးထုတ် နိုင်မည် မဟုတ်တော့ပဲ  အယောင်အဆောင် လူတော်များသာ မွေးထုတ်နိုင်ပါလိမ့်မည်..
ယင်းကလေးများ ကြီးပြင်းလာပါက ထိုနိုင်ငံတွင် လူတော်များ မရှိနိုင်တော့ပဲ အယောင်ဆောင်လူတော်များသာ ရှိနေမည်ဖြစ်၍
ထိုသူတို့ဖြင့် တည်ဆောက်ရမည့် နိုင်ငံလည်း ချွတ်ခြုံကျမည်သာဖြစ်သည်...

ဆရာ/ဆရာမများအား လက်ဆောင်ပေးခြင်းနှင့်ပတ်သက်၍ စင်္ကာပူနိုင်ငံ ပညာရေးစနစ်တွင်ကျင့်သုံးနေသော စနစ်တစ်ခုမှာ
စိတ်ဝင်စားစရာကောင်းလှသည်..ကျောင်းသားတစ်ဦးဦးက မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်စေ (မေတ္တာဖြင့် ပေးစေကာမူ)
လက်ဆောင်ပေးပါက ကျောင်းအုပ်ချုပ်ရေးမှူးသို့ အပ်နှံကြရသည်.. ထိုလက်ဆောင်ကို ဆရာ/ဆရာမက လိုချင်ခဲ့ပါလျှင်
ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ တန်ဘိုးသတ်မှတ်ပြီး ထိုတန်ဘိုးအတိုင်း ဆရာ/ ဆရာမက ငွေပေးချေရယူစေသော စနစ်ဖြစ်သည်..
အဂတိတရားများ ပေါ်ပေါက်လာမည်စိုး၍ စနစ်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်.. ကျောင်းသား/သူများ၏ အရည်အချင်းအရ ရမှတ်/
အဆင့် ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်သည် အတုယူဖွယ်ကောင်းတော့သည်.. စစ်မှန်သည့် လူတော်များကို မွေးထုတ်နိုင်သည့်အတွက်
စင်္ကပူနိုင်ငံသည် တိုးတက်နေခြင်းပင်ဖြစ်သည်..

လက်ဆောင်ပေးခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့နိုင်ငံတွင်တော့ အနှစ်သာရရှိသော မြန်မာယဉ်ကျေးမှုကို ဖျက်ဆီးနေကြသူများ အများအပြား တွေ့မြင်ကြရမည်ဖြစ်သည်.. သီတင်းကျွတ်ကာလများတွင် မိမိထက် အသက်ကြီး ၀ါကြီး သိက္ခာကြီး ပုဂ္ဂိုလ်များ၊
ဆရာ သမားများအား ကန်တော့ကြသည့် ချစ်စဖွယ် မြန်မာ့ယဉ်ကျေးမှုကို ခုတုံးလုပ်ကာ မိမိရာထူးအတွက်၊ လစာရာထူး
တည်မြဲရေးအတွက်၊ အမှတ်ကောင်းရရေးအတွက် အပေးအယူလုပ်သည့်သဘောဆောင်သည့် လုပ်ရပ်များသည်
အမှန်တကယ် လူတော်များမွေးထုတ်နိုင်ရန်အတွက် ကြီးမားသော အန္တရာယ်ကြီးပင် ဖြစ်နေတော့သည်...
မရိုးမသား အကြိမ်ကြိမ် သီတင်းကျွတ်နေခြင်းက အမှန်တကယ် လူတော်များ မွေးထုတ်နိုင်ရန်အတွက် ကြီးမားသော ပြဿနာတစ်ရပ်ဟုပင် ဆိုလိုက်ချင်ပါသည်...

မည်သို့ပင်ဆိုစေကာမူ ...
အဖိုးတန်ဆုံးအရာသည် အချိန် ... ဂုဏ်အရှိဆုံးအရာသည် အလုပ် ...
ချမ်းသာရန် အကြောင်းရင်းသည် စည်ကမ်း... စည်းကမ်းသည် လူ၏တန်ဘိုး..
ပညာသည် လူ၏တန်ခိုး နှင့် အရင်းအနှီး..... လူတော်သည် နိုင်ငံတိုးတက် တည်တံ့ရန် အရင်းအမြစ် ...
အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်နိုင်ငံ တစ်နိုင်ငံ တိုးတက်ရန်အလို့ငှါ လူတော်များ အများအပြားလိုအပ်သည်...
လူတော်များဖြင့်သာ အရာရာကို ဖန်တီး တည်ဆောက်နိုင်သည်...

ထို့ကြောင့် .. လူတော်များကို မွေးထုတ်ကြရပါမည် ...
လူတော်များကို နေရာပေးကြပါမည်... လူတော်များကို ချီးမြှောက်ကြရပါမည်...
လူတော်များကို မကြောက်ကြပါနှင့်... လူတော်များကို ချစ်ကြပါ ဟု ... ဆန္ဒပြုရင်း ......
လူ တော် အ လို ရှိ သည်....

 လေးစားစွာဖြင့် ....

No comments: